ဂွမြို့နယ်တွင် နေ့လည် ၁၂ နာရီနောက်ပိုင်း နေအိမ်ပြင်ပသို့မထွက်ရန် ဒေသန္တရအမိန့်ထုတ်

ရခိုင်ပြည်နယ်အတွင်းက မြို့နယ်အများအပြား၌ ကိုဗစ်ပိုးတွေ့နှုန်းကျဆင်းလာသော်လည်း ဂွမြို့နယ်တွင် ကျဆင်းမှုမရှိသေးသဖြင့် နေ့လည် ၁၂ နာရီနောက်ပိုင်း အပြင်မထွက်ရ ဒေသန္တရအမိန့်ကို သြဂုတ်လ ၂၅ ရက်နေ့စွဲဖြင့် ထုတ်ပြန်ထားသည်။

25 Aug 2021

DMG ၊ သြဂုတ် ၂၆

ရခိုင်ပြည်နယ်အတွင်းက မြို့နယ်အများအပြား၌ ကိုဗစ်ပိုးတွေ့နှုန်းကျဆင်းလာသော်လည်း ဂွမြို့နယ်တွင် ကျဆင်းမှုမရှိသေးသဖြင့် နေ့လည် ၁၂ နာရီနောက်ပိုင်း အပြင်မထွက်ရ ဒေသန္တရအမိန့်ကို သြဂုတ်လ ၂၅ ရက်နေ့စွဲဖြင့် ထုတ်ပြန်ထားသည်။

ဂွမြို့နယ်အတွင်း ကိုဗစ်ကို ကာကွယ်ထိန်းချုပ်တားဆီးနိုင်ရန်အတွက် နံနက် ၅ နာရီမှ နေလည် ၁၂ နာရီအထိသာ ဈေးရောင်းဈေးဝယ်ခွင့်ပြုမည်ဖြစ်ကာ ကျန်အချိန်များတွင် တာဝန်၊ ကျန်းမာရေးကိစ္စ၊ နာရေးကိစ္စများမှအပ ခိုင်လုံသောအကြောင်းပြချက်မရှိဘဲ နေအိမ်ပြင်ပသို့ထွက်ခွာသွားလာခြင်း လုံးဝ(လုံးဝ)မလုပ်ရကြောင်း အမိန့်စာတွင်ဖော်ပြသည်။

ဈေးဆိုင်များအနေဖြင့်လည်း အခြေခံစားသောက်ကုန်၊ ဆေးဝါးပစ္စည်း အရောင်းဆိုင်များမှအပ ကျန်ဈေးဆိုင်များအနေဖြင့် နံနက် ၅ နာရီမှ နေ့လည် ၁၂ နာရီအထိသာ ဈေးရောင်းချခွင့်ပြုသွားမည်ဟု အမိန့်ထုတ်ပြန်ထားသည်။

ယင်းအမိန့်ထုတ်ပြန်ချက်ကြောင့် ဒေသခံလက်လုပ်လက်စားများ အနေဖြင့် အခက်အခဲရှိလာနိုင်ကြောင်း ဂွမြို့နယ် လူမှုကူညီရေးအသင်းများက ပြောဆိုကြသည်။

ယခုကဲ့သို့ထုတ်ပြန်ချက်ကို ကိုဗစ်တတိယလှိုင်းစကတည်းက ထုတ်ပြန်သင့်ပြီး ယခုအချိန်မှထုတ်ပြန်ခြင်းမှာ ကိုဗစ်ကာကွယ်ရေးအတွက်ထိရောက်မှုမရှိနိုင်ဘဲ ဒေသခံပြည်သူများအတွက် စားဝတ်နေရေးအခက်အခဲသာရှိလာမည်ဖြစ်သည်ဟု ဂွမြို့နယ် ကိုဗစ်ကာကွယ်ရေးလုပ်ငန်းတွင် ကူညီလုပ်ကိုင်နေသည့် ထာဝရမေတ္တာနာရေးကူညီမှုအသင်း ဥက္ကဋ္ဌ ကိုကျော်မြင့်မောင်ကပြောသည်။

"အရင်ကတည်းက အခုလိုလုပ်ခဲ့ရမှာ။ အခုရောဂါက အိမ်တွင်းရောက်နေပြီးချိန်မှာမှလုပ်တယ်ဆိုတော့ ဘာမှထူးခြားမှုရှိလာမယ်မထင်ဘူး။ ဒေသခံလက်လုပ်လက်စားတွေနဲ့ ဈေးသယ်တွေအတွက်ဘဲ မိသားစုစားဝတ်နေရေး အခက်အခဲရှိလာမှာဖြစ်တယ်။ ဒါကြောင့်ဒီထုတ်ပြန်ချက်က မထိရောက်တော့ဘူးလို့မြင်တယ်"ဟု ၎င်းကဆိုသည်။

ဂွမြို့နယ်အတွင်းတွင် သြဂုတ်လ ၂၅ ရက်နေ့အထိ ကိုဗစ်ပိုးတွေ့လူနာစုစုပေါင်း ၆၈၂ ဦးရှိပြီး ကျန်းမာရေးပြန်ကောင်းလာ၍ ဆေးရုံဆင်းခွင့်ရသူ ၅၈၈ ဦးနှင့် လက်ရှိဆေးကုသမှုခံနေရသူ ၇၈ ဦးနှင့် သေဆုံးသူ ၁၆ ဦးထိရှိနေကြောင်း သိရသည်။

လက်ရှိထုတ်ပြန်ထားသည့်အမိန့်မှာ ထုတ်ပြန်ချိန်မှ နောက်ထပ်အမိန့်တစ်စုံတစ်ရာမထုတ်ပြန်မချင်းအတည်ဖြစ်ကာ အမိန့်အားလိုက်နာမှုမရှိပါက တည်ဆဲဥပဒေတစ်ရပ်ရပ်အရ အရေးယူမည်ဖြစ်ကြောင်း သိရသည်။

ဂွမြို့နယ်အတွင်းမှ ဒေသခံအများစုမှာ ရေလုပ်ငန်းနှင့် ဈေးရောင်းဈေးဝယ်လုပ်ငန်းကိုအဓိကထားလုပ်ကိုင်ကြပြီး ယခုထုတ်ပြန်သည့်အမိန့်ကြောင့် ဒေသခံများအခက်အခဲဖြစ်နိုင်ကြောင်း ထာဝရမေတ္တာနာရေးကူညီမှုအသင်း ဥက္ကဋ္ဌ ကိုကျော်မြင့်မောင်ကပြောသည်။

ထို့အပြင် ကိုဗစ်ကာလအတွင်း ဂွမြို့နယ်အပါအဝင် တောင်ကုတ်၊ သံတွဲ၊ ကျောက်ဖြူ စသည့်မြို့နယ်များ၌ စစ်တပ်အင်အားများတိုးချဲ့ချထားရာ ဂွမြို့နယ်အတွင်း ကိုဗစ်အကြောင်းပြကာ စစ်ပွဲပြသနာဖြစ်လာမည်ကိုစိုးရိမ်ကြောင်း လုံခြုံရေးအရအမည်မဖော်သည့် ဂွမြို့ဒေသခံတစ်ဦးကပြောသည်။

"အခုဒေသန္တရအမိန့်ထက် ကြောက်နေရတာက တပ်အင်အား တိုးချဲ့ချနေတာတွေက ပိုကြောက်နေရတယ်။ ဒီထုတ်ပြန်ချက်ကိုအကြောင်းပြပြီး ပြဿနာတွေဖြစ်လာမှာကို စိုးရိမ်နေရတယ်။ အခုဒီထုတ်ပြန်ချက်က ကိုဗစ်ကာကွယ်ရေးအတွက် ဘယ်လိုမှ အကျိုးမပြုဘူးလို့မြင်တယ်"ဟု ၎င်းကဆိုသည်။

ရခိုင်ပြည်နယ်အတွင်း သြဂုတ်လဒုတိယအပတ်မှစတင်ကာ ကိုဗစ်ကူးစက်သူနှင့်သေဆုံးသူဦးရေမှာ လျှော့နည်းလာပြီး တစ်နေ့ပိုးတွေ့လူနာ ၃၀ ခန့်သာရှိလာကြောင်း ပြည်နယ်ပြည်သူ့ကျန်းမာရေးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။