စစ်တွေတွင် တစ်နေ့လျှင် ဆိုင်ကယ်အစီးရေ ၁၀၀ ခန့်ကို လိုင်စင်ထုတ်ပေးနေ

လိုင်စင်မဲ့ မော်တော်ဆိုင်ကယ်စီးနင်းပြီး မတော်တဆမှုဖြစ်ပွားပါက လိုင်စင်မဲ့ယာဉ်စီးနင်းသူကိုပါ အရေးယူရသည့်အတွက် ပြည်သူများနစ်နာရသည့်အတွက် ယခုကဲ့သို့ လိုင်စင်များ လုပ်ဆောင်ပေးရခြင်းဖြစ်ကြောင်း စစ်ကောင်စီအဖွဲ့ဝင် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ရဲမှူးကြီးသက်လွင်က ပြောဆိုထားသည်။

By Admin 10 Oct 2022

စစ်တွေတွင် တစ်နေ့လျှင် ဆိုင်ကယ်အစီးရေ ၁၀၀ ခန့်ကို လိုင်စင်ထုတ်ပေးနေ

DMG ၊ အောက်တိုဘာ ၁၀
ရခိုင်ပြည်နယ်၊ စစ်တွေမြို့တွင် ဆိုင်ကယ်လိုင်စင်နှင့် ယာဉ်မောင်းလိုင်စင်များကို စက်တင်ဘာ ၂၈ ရက်နေ့မှစ၍ လုပ်ပေးနေပြီး တစ်နေ့လျှင် ဆိုင်ကယ်အစီးရေ ၁၀၀ ခန့်အတွက် လိုင်စင်ထုတ်ပေးလျက်ရှိသည်ဟု ပြည်နယ်ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူး ဦးကံညွန့်က DMG သို့ပြောသည်။
ယခုအောက်တိုဘာလအစောပိုင်းတွင် ဆိုင်ကယ်လိုင်စင် လာရောက်ပြုလုပ်သူ များပြားသောကြောင့် လိုင်စင်ထုတ်ပေးရာတွင် အချိန်နှောင့်နှေးမှုများရှိနေသည်ဟု ၎င်းကဆိုသည်။
“လာလုပ်တဲ့သူများတော့ အကောက်ခွန်တွေ ဖြတ်ရတာများတယ်။ ယာဉ်စစ်တဲ့နေရာတွေမှာ နည်းနည်းကြာတယ်။ အကောက်ခွန်မှာလည်း ကြာတယ်။ ကျန်တဲ့နေရာတွေမှာတော့ မကြာပါဘူး”ဟု ဦးကံညွန့်ကပြောသည်။
ထိုသို့ ဆိုင်ကယ်လိုင်စင်လျှောက်ထားရာတွင် အချိန်ကြာမြင့်စွာ စောင့်ဆိုင်းနေရသည့်အတွက် အလုပ်အကိုင်များပျက်ရကြောင်း စစ်တွေမြို့ခံတစ်ဦးက ပြောသည်။
“ညီမတို့ဆို ရုံးကိုနေ့တစ်ဝက်ခွင့်တိုင်ပြီး ဆိုင်ကယ်လိုင်စင် လာလုပ်တာပါ။ မနက် ၉ နာရီလောက်က ဖောင်တင်လိုက်ရတယ်။ သုံးနာရီထိုးနေပြီ အကောက်ခွန်မှာ တန်းစီနေရတုန်း။ အလုပ်လည်း တစ်နေ့လုံး ဖျက်လိုက်ရတယ်”ဟု ဆိုင်ကယ်လိုင်စင် လျှောက်ထားသူတစ်ဦးက ပြောသည်။
ဆိုင်ကယ်လိုင်စင်ပြုလုပ်ရာတွင် တရုတ်နိုင်ငံထုတ်ဆိုင်ကယ်ဆိုလျှင် ငွေကျပ်လေးသောင်းမှ တစ်သိန်းအကြား၊ ထိုင်းနိုင်ငံထုတ်ဆိုင်ကယ်ဆိုလျှင် ငွေကျပ်တစ်သိန်းမှ နှစ်သိန်းကျပ်ကြား၊ အိန္ဒိယနိုင်ငံထုတ်ဆိုင်ကယ်ဆိုလျှင် ငွေကျပ်ငါးသောင်းမှ နှစ်သိန်းကျပ်အကြားနှင့် ဗီယက်နမ်နိုင်ငံထုတ်ဆိုင်ကယ်ဆိုလျှင် ငွေကျပ်တစ်သိန်းမှ နှစ်သိန်းကျပ်အကြား ဆိုင်ကယ်အမျိုးအစားအလိုက် အသီးသီး ဒဏ်ကြေးပေးဆောင်ရကြောင်း သိရသည်။
ယင်းအပြင် ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနထံမှ စာရွက်စာတမ်းကြေး ၂၈၀၀၀ ကျပ်၊ အာမခံကြေး ၄၁၅၀ ကျပ်နှင့် ဘဏ်သွင်းငွေ ၅၀၀ ကျပ်တို့ကိုလည်း ပေးသွင်းရန်လိုအပ်ကြောင်း ဦးကံညွန့်ကဆိုသည်။
“ဆိုင်ကယ်ထုတ်တဲ့နိုင်ငံ၊ ထုတ်တဲ့မော်ဒယ်၊ အင်ဂျင်ပါဝါတွေကို စစ်တာပေါ့။ ဒါပြီးရင်တော့ ဒဏ်ကြေးဆောင်ပြီး ငွေသွင်းပြီးတော့ လိုင်စင်လုပ်ပေးတာပေါ့”ဟု ၎င်းကပြောသည်။
ဆိုင်ကယ်လိုင်စင်နှင့် ယာဉ်မောင်းလိုင်စင်များ ပြုလုပ်ပေးခြင်းကို အချိန်ကာလ သတ်မှတ်ထားခြင်းမရှိကြောင်း သိရသည်။
လိုင်စင်မဲ့ မော်တော်ဆိုင်ကယ်စီးနင်းပြီး မတော်တဆမှုဖြစ်ပွားပါက လိုင်စင်မဲ့ယာဉ်စီးနင်းသူကိုပါ အရေးယူရသည့်အတွက် ပြည်သူများနစ်နာရသည့်အတွက် ယခုကဲ့သို့ လိုင်စင်များ လုပ်ဆောင်ပေးရခြင်းဖြစ်ကြောင်း စစ်ကောင်စီအဖွဲ့ဝင် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ရဲမှူးကြီးသက်လွင်က ပြောဆိုထားသည်။
လက်ရှိစစ်တွေမြို့တွင် မော်တော်ဆိုင်ကယ်ပျောက်မှုများ ရှိနေသည့်အတွက် လိုင်စင်ပြုလုပ်ထားသည့် ဆိုင်ကယ်များ ပျောက်ဆုံးသွားပါက သက်ဆိုင်ရာမှ မည်သို့တာဝန်ယူပေးမည်ကို မေးခွန်းထုတ်နေကြသည်။
“အခုက ဆိုင်ကယ်လိုင်စင် လုပ်ပေးတယ်။ ဒါပေမယ့် အဲဒီလိုင်စင်လုပ်ပြီးလို့ရှိရင် သူတို့ဘက်က ဘယ်လိုတာဝန်ယူမှု၊ တာဝန်ခံမှု ပေးမလဲဆိုတာကို မသိရသေးဘူး။ နောက်ပြီးတော့ လိုင်စင်လုပ်တဲ့အခါ သူတို့သတ်မှတ်ထားတဲ့ နှုန်းထားတွေကိုလည်း တတ်နိုင်တဲ့သူရှိတယ်။ မတတ်နိုင်တဲ့သူတွေအတွက်ဆို ဝန်ထုတ်ဝန်ပိုးကြီးလိုဖြစ်နေရောပဲ”ဟု အမည်မဖော်လိုသည့် ဒေသခံတစ်ဦးကဆိုသည်။
ပြီးခဲ့သည့် စက်တင်ဘာလအစောပိုင်းမှစတင်ကာ ရခိုင်ပြည်နယ်အတွင်းက မြို့နယ်အများစုတွင် လိုင်စင်မဲ့ ဆိုင်ကယ်များကို ဖမ်းဆီးမှုများရှိနေပြီး ဆိုင်ကယ်အစီးရေမည်မျှဖမ်းဆီးခဲ့သည်ကို DMG မှ စုံစမ်းနေဆဲဖြစ်သည်။
လုံခြုံရေးအဆင်ပြေသည့်အချိန်တွင် နောက်ထပ်ခရိုင်မြို့များတွင်လည်း ဆိုင်ကယ်လိုင်စင်နှင့် ယာဉ်မောင်းလိုင်စင်များကို ပြုလုပ်ပေးရန် စီစဉ်ထားကြောင်း ပြည်နယ်ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။