မာန်အောင်မှ ဟိုတယ်ဝန်ထမ်းတစ်ဦးသေဆုံးမှု တစ်လကျော်ကြာသည့်တိုင် ထူးခြားမှုမရှိသေး

မာန်အောင်မြို့နယ်တွင် အသစ်ဖွင့်လှစ်ခဲ့သည့်ဟိုတယ်မှ ဝန်ထမ်းတစ်ဦးသေဆုံးမှုမှာ တစ်လကျော် ကြာသည့်တိုင် ထူးခြားမှုတစ်စုံတစ်ရာမရှိသေးသဖြင့် အမှုမှန်ပေါ်ပေါက်အောင် အမြန်ဆုံးလုပ်ဆောင်ပေးရန် မိသားစုဝင်များက တောင်းဆိုကြသည်။

16 Mar 2022

DMG ၊ မတ် ၁၆

မာန်အောင်မြို့နယ်တွင် အသစ်ဖွင့်လှစ်ခဲ့သည့်ဟိုတယ်မှ ဝန်ထမ်းတစ်ဦးသေဆုံးမှုမှာ တစ်လကျော် ကြာသည့်တိုင် ထူးခြားမှုတစ်စုံတစ်ရာမရှိသေးသဖြင့် အမှုမှန်ပေါ်ပေါက်အောင် အမြန်ဆုံးလုပ်ဆောင်ပေးရန် မိသားစုဝင်များက တောင်းဆိုကြသည်။

ကအီးကျေးရွာအနီးတွင်ဖွင့်လှစ်ခဲ့သော ဟိုတယ်ဇုန်တွင် စားဖိုမှူးအဖြစ်လုပ်ကိုင်ခဲ့သည့် အသက် ၂၁ နှစ် အရွယ် ကိုမင်းထက်ဝေကို ဖေဖေါ်ဝါရီလ ၅ ရက်နေ့က ဟိုတယ်ဇုန်အတွင်းရှိဆည်၌ ဒဏ်ရာများဖြင့် သေဆုံးလျက်တွေ့ရှိခဲ့သည်။

၎င်းမှာ ဖေဖေါ်ဝါရီလ ၂ ရက်နေ့ ညဉ့်အချိန်ကတည်းက ဟိုတယ်ဝန်ထမ်းများနေထိုင်ရာ အိပ်ဆောင်အတွင်းမှ ပျောက်ဆုံးသွားခဲ့ပြီးနောက် ယင်းသို့သေဆုံးလျက်တွေ့ရှိခဲ့ခြင်းဖြစ်သည်ဟု မိသားစုဝင်များကပြောသည်။

သို့သော် သေဆုံးသူ၏ ဆေးစစ်ချက်ကို တစ်လကျော်ကြာမြင့်သည့်တိုင် မသိရသေးဘဲ အမှုမှာလည်း တစ်စုံတစ်ရာထူးခြားမလာသေးကြောင်း သေဆုံးသူကိုမင်းထက်ဝေ၏ ဦးလေးဖြစ်သူ ဦးကျော်သန်းက ပြောသည်။

“ကျနော်တို့လည်း မသိသေးဘူး။ ဆေးစစ်ချက် ဆရာဝန်ကိုသွားမေးတော့ ဆရာဝန်က ရဲစခန်းကိုပေးလိုက်ပြီလို့ ပြောတယ်။ ဆရာဝန်ကျင့်ဝတ်အရ ဒီအတိုင်းပြောမရဘူးလို့ပြောပါတယ်။ ရဲစခန်းသွားမေးတော့လည်း ရဲစခန်းကလည်း သူတို့ဆေးစစ်ဆေးချက်မရသေးဘူးလို့ပြောပါတယ်”ဟု ၎င်းက DMG ကိုပြောသည်။

ဖေဖော်ဝါရီလ ၅ ရက်နေ့က သေဆုံးနေသည့်ရုပ်အလောင်းကိုတွေ့ရှိပြီးနောက် မာန်အောင်မြို့ဆေးရုံတွင် စစ်ဆေးခဲ့ပြီး ထိုဆေးစစ်ချက်မှာ ယခုအချိန်ထိ ရဲစခန်းသို့မရောက်သေးကြောင်း မာန်အောင်မြို့နယ် ဆားချက်ရဲစခန်းမှ ရဲအုပ်နေလင်းထွန်းကပြောသည်။

“ကျနော်တို့လဲ စုံစမ်းစစ်ဆေးမှုပြုလုပ်နေပါတယ်။ ဆေးရုံက ဆေးစစ်ချက်အဖြေက ကျနော်တို့ဆီကို မရောက်သေးဘူး။ ဆေးစစ်ချက်အဖြေက ဘာလဲဆိုတာကိုတော့ ကျနော်တို့မသိသေးဘူး”ဟု ၎င်းကဆိုသည်။

ကိုမင်းထက်ဝေသေဆုံးမှုနှင့်ပတ်သက်ပြီး မာန်အောင်မြို့နယ်ရဲစခန်းတွင် ရာဇသတ်ကြီးဥပဒေပုဒ်မ-၃၀၂ ဖြင့် အမှုဖွင့်လှစ်ထားကာ သေဆုံးသူနှင့်နီးကပ်စွာနေထိုင်ခဲ့သူနှစ်ဦးကို စစ်ဆေးနေကြောင်း ရဲကပြောဆိုသည်။

ထိုသို့ဆေးစစ်ချက်မရရှိသေးကြောင်း ပြောဆိုချက်နှင့်ပတ်သက်ပြီး မာန်အောင်မြို့နယ်ဆရာဝန် ဦးစောမင်းအား ဆက်သွယ်မေးမြန်းရန်ကြိုးပမ်းခဲ့သော်လည်း ဖုန်းလက်ခံဖြေကြားခြင်း မရှိခဲ့ပေ။

ကိုမင်းထက်ဝေသေဆုံးမှုနှင့်ပတ်သက်ပြီး အမှုမှန်ပေါ်ပေါက်အောင် သက်ဆိုင်ရာမှအမြန်ဆုံး ဆောင်ရွက်ပေးရန် သေဆုံးသူ၏ မိသားစုဝင်များက တောင်းဆိုကြသည်။ အကယ်၍ အမှုဆက်လက်ကြန့်ကြာ နေပါက နေပြည်တော် ပြည်ထဲရေးဌာနသို့တိုင်ကြားရန် လုပ်ဆောင်သွားမည်ဖြစ်ကြောင်းလည်း သေဆုံးသူ၏ ဦးလေးဖြစ်သူ ဦးကျော်သန်းကဆိုသည်။

မာန်အောင်မြို့နယ်၊ ကအီးကျေးရွာအနီးရှိဟိုတယ်ဇုန်ကို ယခုနှစ်ဇန်နဝါရီလ ၂၆ ရက်နေ့က စတင်ဖွင့်လှစ် ခဲ့ခြင်းဖြစ်သည်။ ဟိုတယ်ဖွင့်ပြီးမကြာမီတွင် ယခုကဲ့သို့ ဝန်ထမ်းတစ်ဦးသေဆုံးမှု ဖြစ်ပေါ်ခဲ့သည်။