- တွေ့ဆုံဆွေးနွေးမည်ဟု ပြောသော်လည်း စစ်တွေနှင့် ကျောက်ဖြူတွင် ပစ်ခတ်မှုများရှိနေ
- ဟောင်းနွမ်းငွေစက္ကူများကို မသုံးလျှင် အရေးယူမည်ဟု AA သတိပေးချက် လိုက်နာမှု အားနည်းနေ
- ရန်ကုန်တွင် လူအစုလိုက်အပြုံလိုက် ဖမ်းဆီးခံရမှု ရခိုင်လူငယ် ၂၀ ဦးထက်မနည်း ပါဝင်
- မြို့နယ် ၁၄ ခုသိမ်းပြီးနောက် နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန် အသင့်ရှိကြောင်း AA ထုတ်ပြန်
- တိုက်ပွဲဖြစ်ပွားမှုရှိလာ၍ စစ်တွေက မွတ်ဆလင်များ နေရပ်စွန့်ခွာ ထွက်ပြေး
ပုဏ္ဏားကျွန်းမြို့နယ်တွင် လက်နက်ကြီးကျ၍ ဒေသခံ (၃)ဦး ဒဏ်ရာရ
ရခိုင်ပြည်၊ ပုဏ္ဏားကျွန်းမြို့နယ် ပဒေသာကျေးရွာနှင့် ဆင်အင်းကြီးကျေးရွာကြားတွင် ယနေ့(နိုဝင်ဘာလ ၁၀ ရက်) နံနက်ပိုင်းက စစ်ကောင်စီကားတစ်စီးကို ရက္ခိုင့်တပ်တော်(AA)က မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီးနောက် စစ်ကောင်စီက လက်နက်ကြီးများပစ်ခတ်မှုနှင့် လေကြောင်းပစ်ခတ်မှုများ ပြုလုပ်ခဲ့ကြောင်း ဒေသခံများကပြောသည်။
10 Nov 2022
လက်နက်ကြီးကျည်ကျရောက်မှုကြောင့် ပုဏ္ဏားကျွန်းမြို့နယ်၊ အိုင်ဒင်ကျေးရွာမှ ဒဏ်ရာရရှိခဲ့သည့် ကျောင်းသားကိုတွေ့ရစဉ်။
DMG ၊ နိုဝင်ဘာ ၁၀
ရခိုင်ပြည်၊ ပုဏ္ဏားကျွန်းမြို့နယ် ပဒေသာကျေးရွာနှင့် ဆင်အင်းကြီးကျေးရွာကြားတွင် ယနေ့(နိုဝင်ဘာလ ၁၀ ရက်) နံနက်ပိုင်းက စစ်ကောင်စီကားတစ်စီးကို ရက္ခိုင့်တပ်တော်(AA)က မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီးနောက် စစ်ကောင်စီက လက်နက်ကြီးများပစ်ခတ်မှုနှင့် လေကြောင်းပစ်ခတ်မှုများ ပြုလုပ်ခဲ့ကြောင်း ဒေသခံများကပြောသည်။
ထိုသို့ ပစ်ခတ်မှုကြောင့် လက်နက်ကြီးကျည်ကျရောက်ကာ အိုင်ဒင်(ညောင်ပင်ဝိုင်း)ကျေးရွာမှ ဒေါ်မနုချေ (၅၂)နှစ်တွင် ခါးဆစ်ထိခိုက်ဒဏ်ရာနှင့် မောင်စိုးဝင်ဦး(၁၅)နှစ်တွင် ဘယ်ဘက်ပေါင် ထိခိုက်ဒဏ်ရာရရှိခဲ့ကာ စိုးရိမ်ရကြောင်း အိုင်ဒင်ကျေးရွာသားတစ်ဦးက DMG သို့ပြောသည်။
“ကျနော်တို့ ထမင်းမရ၊ ဟင်းမရ ပြေးနေရပါတယ်။ လက်နက်ကြီး ရွာထဲကျတာ ၆ လုံးလောက်ရှိပြီ။ ကွမ်းတောင်ဘက်က ပစ်နေတာပါ။ အခုလည်း ပစ်နေသေးတယ်။ လက်နက်ကြီး ၃ လုံးမြောက်မှာ တစ်ယောက်ကျတယ်။ ၄ လုံးမြောက်မှာ နောက်တစ်ယောက်ကျတယ်။ ကျနော်တို့အခု ဆေးရုံကိုပို့ဖို့ လုပ်နေပါတယ်”ဟု ၎င်းကျေးရွာသားကပြောသည်။
မောင်စိုးဝင်ဦးမှာ မိမိနေအိမ်၌ရှိနေစဉ် လက်နက်ကြီးကျည် နေအိမ်သို့ကျရောက်လာသဖြင့် ကျည်ထိမှန် သွားခြင်းဖြစ်ပြီး ဒေါ်မနုချေမှာလည်း နေအိမ်ရှေ့သို့လက်နက်ကြီးကျည် ကျရောက်လာသဖြင့် ဒဏ်ရာရရှိခဲ့ခြင်းဖြစ်သည်။
အလားတူ ပုဏ္ဏားကျွန်းမြို့နယ်၊ ယာချောင်းကျေးရွာတွင်လည်း လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲမှုကြောင့် အသက် ၆၀ အရွယ် ဦးဦးစောမှာ ခြေထောက်၌ ထိခိုက်ဒဏ်ရာရရှိသွားကြောင်း ယာချောင်းကျေးရွာ ဒေသခံတစ်ဦးက DMG သို့ပြောသည်။
“သူက ရွာပြင်က ဟင်းခင်းမှာ ခြံတိုင်ခတ်နေတာ။ အဲဒါမှာ ကျည်စလာစင်ပြီး ခြေမှာကျတယ်။ ဒဏ်ရာက အဲလောက်မများပါဘူး။ အခုတော့ ဒေသခံတွေအကုန်လုံး ကိုယ့်အိမ်မှာ နေနေကြတယ်။ ဗုံးတွင်းရှိတဲ့ သူတွေမှာတော့ ဗုံးတွင်းထဲ ဝင်ပုန်းနေကြတယ်”ဟု သူကပြောသည်။
ထိုသို့ ရွာထဲသို့လက်နက်ကြီးများ ကျရောက်နေမှုကြောင့် ဒေသခံများမှာ အသက်အန္တရာယ် စိုးရိမ်ရသဖြင့် ဘေးလွတ်ရာသို့ ထွက်ပြေးနေကြသည်များလည်းရှိကြောင်း ဒေသခံများထံမှ သိရသည်။
“ကျနော်တို့ရွာမှတော့ လူတွေမရှိတော့ဘူး။ အကုန်လုံး ထွက်ပြေးသွားကြပြီ။ ကျနော်လည်း အလယ်ကျွန်းရွာကို မနက်ကနေ ပြေးလာတာ။ ရွာမှာက လူတွေမရှိတော့ဘူး”ဟု ပဒေသာကျေးရွာသားတစ်ဦးက ပြောသည်။
ထိုသို့ လက်နက်ကြီးကျည်ကျရောက်မှုကြောင့် ဒေသခံများ ထိခိုက်ဒဏ်ရာရမှုနှင့်ပတ်သက်ပြီး ရခိုင်ပြည်နယ်စစ်ကောင်စီ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်သူရနှင့် စစ်ကောင်စီ ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်ချုပ် ဇော်မင်းထွန်းတို့ကို DMG က ဆက်သွယ်ခဲ့သော်လည်း ဖုန်းလက်ခံဖြေကြားခြင်း မရှိသေးပေ။
ပုဏ္ဏားကျွန်းမြို့နယ်၊ ပဒေသာကျေးရွာနှင့် ဆင်အင်းကြီးကျေးရွာကြားတွင် ယနေ့(နိုဝင်ဘာလ ၁၀ ရက်) နံနက်ပိုင်းက စစ်ကောင်စီကားတစ်စီးကို ရက္ခိုင့်တပ်တော်(AA)က မိုင်းဆွဲတိုက်ခိုက်ခဲ့မှုနှင့်ပတ်သက်ပြီး ရက္ခိုင့်တပ်တော်(AA)၏ ပြောခွင့်ရပုဂ္ဂိုလ် ဦးခိုင်သုခကို မေးမြန်းနေဆဲဖြစ်သည်။
DMG က ကောက်ယူထားသည့်စာရင်းအရ နိုဝင်ဘာလပထမပတ်အတွင်း လက်နက်ကြီးကျည် ကျရောက်မှုကြောင့် အမျိုးသမီး ၃ ဦးသေဆုံးကာ ၉ ဦး ဒဏ်ရာရရှိခဲ့ပြီး ကလေးငယ်မှာ ၃ ဦး သေဆုံးပြီး ၂ ဦး ဒဏ်ရာရရှိခဲ့သည်။
ရခိုင်တွင် တကျော့ပြန်တိုက်ပွဲ စတင်ဖြစ်ပွားခဲ့သည့် ဩဂုတ်လမှ အောက်တိုဘာလအထိ သုံးလတာကာလအတွင်း လက်နက်ကြီးကျရောက်မှု၊ မိုင်းထိမှန်မှုတို့ကြောင့် အမျိုးသမီးနှင့် ကလေးစုစုပေါင်း ၅၂ ဦးအထိ သေဆုံးဒဏ်ရာရရှိခဲ့သည်။