ရန်ကုန်တွင် ခိုးဆိုးလုယက်မှုနှင့် ဖောက်ထွင်းမှုများပြားလာ

ရန်ကုန်ရှိ မြို့နယ်အချို့တွင် ယခင်လများထက် ယခုလ ဇွန်လဆန်းပိုင်းမှစပြီး ခိုးဆိုးလုယက်မှုနှင့် ဖောက်ထွင်းမှုများမှာ တစ်နေ့ထက်တစ်နေ့ ပိုမိုများပြားလာနေသဖြင့် မြို့ခံများမှာ လုံခြုံရေးစိုးရိမ်နေရကြောင်း ပြည်သူများထံမှ သိရသည်။

21 Jun 2022

DMG ၊ ဇွန် ၂၁

ရန်ကုန်ရှိ မြို့နယ်အချို့တွင် ယခင်လများထက် ယခုလ ဇွန်လဆန်းပိုင်းမှစပြီး ခိုးဆိုးလုယက်မှုနှင့် ဖောက်ထွင်းမှုများမှာ တစ်နေ့ထက်တစ်နေ့ ပိုမိုများပြားလာနေသဖြင့် မြို့ခံများမှာ လုံခြုံရေးစိုးရိမ်နေရကြောင်း ပြည်သူများထံမှ သိရသည်။

ခိုးဆိုးလုနှိုက် အများဆုံးဖြစ်ပေါ်နေသည့် နေရာများမှာ လှိုင်သာယာ၊ ရွှေပြည်သာ၊ မြောက်ဥက္ကလာပ၊ မြောက်ဒဂုံနှင့် သင်္ကန်းကျွန်းမြို့နယ်တို့တွင် ပိုမိုဆိုးဝါးလာနေကြောင်းလည်း မြို့ခံများက ပြောဆိုနေကြသည်။

“လုတာတွေ၊ ခိုးတာတွေကတော့ အရင်အချိန်တွေထက်ပိုဆိုး လာတယ်။ မနက်စောစော တောင်တစ်ေ ယာက်ထဲ မသွားရဲဘူး ဖြစ်နေတယ်။ နေ့ခင်း ကြောင်တောင်လည်း အလုခံရရင်ခံရတာပဲ။ ဘယ်နေရာကမှ လုံခြုံမှု မရှိတော့ဘူး ”  ဟု လှိုင်သာယာမြို့ခံတစ်ဦးက ပြောသည်။

ထို့အပြင် မြို့တွင်းနေရာဖြစ်သည့် လှည်းတန်း၊ လှိုင်၊ မင်္ဂလာတောင်ညွှန့်၊ ဗိုလ်တထောင်နှင့် ပန်းဆိုးတန်း စသည့်မြို့နယ်များရှိ  အထပ်မြင့် အဆောက်အဦး အချို့တွင်လည်း ဖောက်ထွင်းမှုများ အပြင် ရန်ပြု မှုတို့ကြောင့် လူသေဆုံးသည်အ ထိပြစ်မှုကျုးလွန်သူများရှိနေကြောင်းသိရသည်။

“ရန်ကုန်က မြို့တွင်းထဲမှာဆို ဘန်ကာတွေဘာတွေနဲ့ စစ်တပ်တွေရဲ တွေ လုံခြုံရေးယူ နေကြတာပဲ။ တကယ်တမ်းက ဘာမှ လုံခြုံတာ မဟုတ်ဘူး။ အထပ်မြင့် အဆောက်အဦးဆီကိုပါ တက်ပြီး ဖောက်ထွင်းတာ ရှိတယ်။ အချို့ဆိုလူတွေ အသတ်ခံရတာရှိနေတယ်။ ဥပဒေနဲ့ အညီရဲစခန်းသွား အကြောင်းအကြားလည်း ဘာမှ မထူးဘူး ဖြစ်နေတယ် ” ဟု ဗိုလ်တထောင်မြို့နယ်တွင်နေထိုင်သည့် ကုမ္ပဏီဝန်ထမ်းတစ်ဦးက ဆိုသည်။

ယခုကဲ့သို့ ရန်ကုန်မြို့အတွင်း ခိုးဆိုးလုနှိုက်၊ ဖောက်ထွင်းမှုများနေ့စဉ်ဖြစ်လာရခြင်းမှာ စစ်တပ်က အာဏာသိမ်းမူ၏ အကျိုးဆက်ကြောင့်ဖြစ်သည်ဟုလည်း မြို့ခံများက ဝေဖန်နေကြသည်။

ဆက်စပ်ပြီး မြို့တွင်း ဘစ်ကား မှတ်တိုင်အနီးတို့၌လည်း အုပ်စုဖွဲ့ဖြင့် ပစ္စည်းလုယူ ထွက်ပြေးမှုများ၊ လက်နက်ဖြင့် ခြိမ်းခြောက်ကာ ပြန်ပေးဆွဲမှုများဖြစ်ပေါ်နေမှုကြောင့် အမျိုးသမီးများအနေဖြင့် မိမိကိုယ်ကို ကာကွယ်ရန်အတွက် ပစ္စည်းများကို ပြင်ဆင်ပြီးမှ သွားရမည့် အနေအထားဖြစ်နေကြောင်းလည်း ရန်ကုန် ကရာတေးဒို သင်တန်းနည်းပြ တစ်ဦးက အကြံပြုပြောဆို သည်။

ရန်ကုန် အင်းစိန်နှင့် မရမ်းကုန်းမြို့နယ်တို့ တွင်လမ်းအသွား အလာများ လုယက်ခံခဲ့ရပြီး ထိခိုက်ဒဏ်ရာရရှိမှုဖြစ်စဉ်များ ဓာတ်ပုံ - ရန်ကုန်တိုင်းလူမှုကူညီရေးအသင်းများ။

“အခုသိရသလောက်က ဘစ်ကားမှတ်တိုင်မှာ တောင်နေ့ခင်းကြီး ပေါ်တင်လုတာတွေ ပြန်ပေးဆွဲတာတွေ ရှိနေတယ်။ အထူးသဖြင့် မိန်း ကလေးငယ်တွေပေါ့။ အပြင်မသွားခင်မှာ မိမိကိုယ်ကိုကာကွယ်လို့ရ တဲ့ပစ္စည်းပေါ့။ ဥပမာ ငရုပ်ကောင်း ဖြန်းဘူးလို မျိုးဆောင်တာ၊ ရေမွှေးတို့ ထီး အရှည်အမာတို့ ဆောင်သွားတာ တို့ပေါ့။ လူစိမ်းတွေကပ်လာမယ်လို့ သံသယရှိရင် အနီးအနားက စိတ်ချရတဲ့ သူတွေကို အော်ဟစ်ကူညီ တောင်းတာတို့လို အပ်တယ် ” ဟု အဆိုပါ သင်တန်းနည်းပြမှအကြံပြုသည်။

ပြီးခဲ့သည့် ဇွန်လတတိယ အပတ်အတွင်း ရန်ကုန်တိုင်းတွင်ခိုးမှု၊ လုယက်မှုနှင့် ဖောက်ထွင်းမှု အကြိမ်ရေ (၅၀) ကျော်ဖြစ်ပွားခဲ့ပြီး သံသယရှိသူနှင့် ပြစ်မှုကျူးလွန်သူ (၂၀) ဦး ကျော်ကို ဖမ်းဆီးအရေးယူထားကြောင်း ရန်ကုန်တိုင်းရဲတပ်ဖွဲ့မှတ်တမ်းများ အရသိရ သည်။