ရခိုင်မှ စစ်ဘေးရှောင်စခန်းများတွင် ကျန်းမာရေးစောင့်ရှောက်မှုများ လိုအပ်နေ

လက်ရှိအချိန်အထိ နေရပ်မပြန်နိုင်သေးသည့် ရခိုင်မှစစ်ဘေးရှောင်စခန်းများတွင် ဝမ်းပျက်ဝမ်းလျှောရောဂါ၊ အရေပြားရောဂါနှင့် ရာသီတုပ်ကွေးဖြစ်ပွားမှုများရှိနေပြီး ကျန်းမာရေးစောင့်ရှောက်မှုများ လိုအပ်လျှက်ရှိကြောင်း စစ်ဘေးရှောင်များထံမှသိရသည်။

03 Jul 2022

DMG ၊R010

ဇူလိုင် ၃ ၊ စစ်တွေ

လက်ရှိအချိန်အထိ နေရပ်မပြန်နိုင်သေးသည့် ရခိုင်မှစစ်ဘေးရှောင်စခန်းများတွင် ဝမ်းပျက်ဝမ်းလျှောရောဂါ၊ အရေပြားရောဂါနှင့် ရာသီတုပ်ကွေးဖြစ်ပွားမှုများရှိနေပြီး ကျန်းမာရေးစောင့်ရှောက်မှုများ လိုအပ်လျှက်ရှိကြောင်း စစ်ဘေးရှောင်များထံမှသိရသည်။

စစ်ဘေးရှောင် နေအိမ်များဆောက်လုပ်ထားသည့်နေရာတွင် ပတ်ဝန်းကျင်သန့်ရှင်းမှုမရှိခြင်းကြောင့် ခြင် ပေါက်ဖွားခြင်း၊ ရာသီဥတုပုံမှန်မရှိခြင်းကြောင့် ဖျားနာ၊ ချောင်းဆိုးခြင်း၊ ညစ်ညမ်းသည့်ရေများကို သောက်သုံးရသည့်အတွက် ဝမ်းပျက်ဝမ်းလျှောခြင်းများ ဖြစ်ပွားနေကြရခြင်းဖြစ်ကြောင်း စစ်ဘေးရှောင်များက ဆိုသည်။

သက်ဆိုင်ရာမှ ကျန်းမာရေးစောင့်ရှောက်မှုများပေးနေသော်လည်း ဆေးဝါးများကို လိုသလိုမရရှိခြင်းကြောင့်  အပြင်ဆေးဆိုင်များမှ ဆေးများကို ဝယ်သောက်နေကြရပြီး၊ ငွေကြေးချို့တဲ့သည့် စစ်ဘေးရှောင်များမှာမူ ဆေးဝယ်သောက်နိုင်ခြင်းမရှိကြောင်း ရသေ့တောင်မြို့၊ ဓမ္မာရုံစစ်ဘေးရှောင်စခန်းမှ ဒေါ်ဝင်းမေက ပြောသည်။

ယင်းဘေးရှောင်စခန်းတွင် ခန္ဓာကိုယ်ကိုက်ခဲကာ ချောင်းဆိုးပြီး ရာသီတုပ်ကွေးဖြစ်ပွားနေသည့်  စစ်ဘေးရှောင် ၁၀ ဦးထက်မနည်း ရောဂါကူးစက်ခံထားရပြီး ကလေးငယ်များလည်းပါဝင်ကြောင်း ၎င်းကဆိုသည်။

“မိုးရွာလိုက် ၊ နေပူလိုက်နဲ့ နေမကောင်းဖြစ်ကြတယ်။ အဓိကတော့ တုပ်ကွေးပေါ့နော်။ ခန္ဓာကိုယ်တွေ ကိုက်ခဲတယ်။ ခြေဆစ်၊ လက်ဆစ်တွေ ကိုက်တယ်။ မိသားစုတစ်ခုမှာ တစ်ယောက်ဖြစ်လာရင် အကုန်လုံးက ပူးပူးကပ်ကပ်နေရတော့ ကူးစက်မြန်သွားတာပေါ့ ” ဟု ဒေါ်ဝင်းမေက ရှင်းပြသည်။

အလားတူ ကျောက်တော်မြို့နယ်မှ လူဦးရေ (၁၀၀၀)ကျော်ရှိသည့် ဝါးတောင်စစ်ဘေးရှောင်စခန်းတွင်လည်း ညစ်ညမ်းသည့်ရေကို သောက်သုံးနေရသောကြောင့် ဇွန်လမှ ယခုလ(ဇူလိုင်)အထိ ဝမ်းရောဂါဖြစ်ပွားနေသူ ၁၀ ဦးခန့်ရှိခဲ့ပြီး ပြန်လည်သက်သာသူများရှိသကဲ့သို့ မသက်သာသေးသူများလည်း ရှိနေသေးကြောင်း ထိုစခန်းမှ ဦးထွန်းလှကျော်က ဆိုသည်။

“ကျနော်တို့စခန်းမှာက မိုးရွာလိုက်ရင် ရေတွေအကုန်လုံး နောက်ကျိသွားတယ်။ အဲဒီရေကိုပဲ သောက်သုံးရတော့ ကလေးတွေ၊ လူကြီးတွေ ဝမ်းလျှောကြတယ်။ ဓာတ်ဆားရေတွေ ဆေးတွေ သောက်လို့ သက်သာတဲ့သူတွေလည်း ရှိသွားပြီ။ အချို့ဆိုရင် မကောင်းသေးဘူးပေါ့နော်။ ကျန်းမာရေးဌာနကတော့ လာပေးပါ တယ်။ တစ်လမှာ နှစ်ကြိမ်လောက်လာပါတယ် ”ဟု ၎င်းကပြောသည်။

ထို့အတူ လူဦးရေ (၃၀၀၀)ကျော်ရှိသည့် ညောင်ချောင်းစစ်ဘေးရှောင်စခန်းတွင်လည်း ရေကျောက်ရောဂါကူးစက်ခံနေသူ ၃၀ ဦးခန့်ရှိနေပြီး ထိုအထဲတွင် ကလေးသူငယ်နှင့် သက်ကြီးပိုင်းများလည်း ပါဝင်ကြောင်းနှင့် ရောဂါပြင်းထန်သူများမှာ ပြင်ပဆေးရုံ၊ ဆေးခန်းများတွင် ကုသနေရကြောင်း စခန်းတွင်နေထိုင်သည့် ဒေါ်ချိုဦးမေ က ဆိုသည်။

“ကလေးတွေဆိုရင် ရေကျောက်ပေါက်ပြီး ကိုက်ခဲတဲ့ဒဏ်ကို မခံနိုင်တဲ့အတွက် ပိန်သွားကြတယ်။ အာဟာရရှိတဲ့ အစားသောက်တွေကို နေ့တိုင်းစားသောက်နိုင်ဖို့ဆိုတာလည်း ကျမတို့မှာ ပိုက်ဆံအများကြီးမရှိဘူး။ တခါတလေလောက်ပဲ စားနိုင်ပါတယ်။ ခန္ဓာမှာပေါက်နေတဲ့ အလုံးလေးတွေ(ရေကြည်ဖု)တွေ ပေါက်သွားရင်လည်း အရည်တွေကျရင် အများကြီး ဖြစ်သွားပါတယ်။ အဲ့တာကြောင့် ကလေးတွေဆိုရင် လွယ်လွယ်နဲ့ မကောင်းဘူးဖြစ်နေတာပါ ” ဟု ၎င်းကပြောသည်။

စစ်ဘေး ရှောင်စခန်းအသီးသီးကို အပတ်စဉ် ကျန်းမာရေးစောင့်ရှောက်မှုပေးရန် မြို့နယ်အလိုက် ကျန်းမာရေး ဝန်ထမ်းများကို အသိပေးထားပြီး၊ နာမကျန်းဖြစ်နေသူများအနေဖြင့်လည်း ကိုယ်ခံအားကောင်းစေရန် အာဟာရရှိသည့် အစားအသောက်များကို များများစားသုံးကြရန် ရခိုင်ပြည်နယ်၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ လက်ထောက်ညွန်ကြားရေးမှူး ဒေါက်တာ စိုးဝင်းပိုင်က တိုက်တွန်းပြောလိုက်သည်။

ထို့အပြင် တုပ်ကွေးရာသီဖြစ်သောကြောင့် ရောဂါကူးစက်မခံစေရန် မိမိကိုယ်ကို ဂရုစိုက်ရန်၊ မိဘများအနေဖြင့်လည်း ကလေးငယ်များကို ခြင်ကိုက်မခံရအောင် ဂရုစိုက်ရန်နှင့် ဖျားနာ၊ ချောင်းဆိုးခြင်းများဖြစ်ပါက နီးစပ်ရာ ဆေးရုံ၊ ဆေးခန်းများတွင် အမြန်ဆုံးပြသကြရန်ကိုလည်း ရခိုင်ပြည်နယ်စစ်ကောင်စီ ပြောခွင့်ရပုဂ္ဂိုလ် ဦးလှသိန်းက အသိပေးပြောဆိုထားသည်။

စစ်ဘေးရှောင်ပြည်သူများအနေဖြင့် လက်ရှိတွင် စားနပ်ရိက္ခာများနှင့် အစာအာဟာရများ လိုအပ်နေကြောင်း၊ လာရောက် ကူညီသူများမှာလည်း ယခင်ထက်လျော့နည်းလာနေပြီး နေထိုင်ရေးအတွက် နေအိမ်များကို ပြန်လည်ပြုပြင်ပေးရန် လိုအပ်နေကြောင်း စစ်ဘေးရှောင်အရေး ကူညီဆောင်ရွက်ပေးနေသည့် ရသေ့တောင်မြို့နယ်မှ ကိုဘက္ကာ ကတောင်းဆိုသည်။

“အကုန်လုံး ခက်ခဲနေတဲ့ကာလမှာ စစ်ဘေးရှောင်တွေကတော့ ပိုပြီးတော့ ခက်ခဲသွားတယ်။ သူတို့မှာ အလှူရှင်တွေလည်း နည်းသထက် နည်းလာတယ်။ အလုပ်အကိုင်တွေလည်း မရှိဘူး။ ထောက်ပံ့ပေးမှုတွေလည်း မရှိတော့ စိတ်ဒဏ်ရာတွေလည်း အမျိုးမျိုးရကြပါတယ်။ အခုတာဝန်ယူထားတဲ့ အစိုးရအနေနဲ့လည်း စစ်ဘေးရှောင်အရေးကို ဒီထက်မက ကူညီဆောင်ရွက်ပေးဖို့ လိုအပ်တယ်လို့ ကျနော်တို့တောင်းဆိုပါတယ် ” ဟု၎င်းကပြောသည်။

ထို့အပြင် စစ်ဘေးရှောင်များမှာ တောတောင်များသို့ သွားရောက်ပြီး ဟင်းရှာသွားမည်ဆိုလျင်လည်း မိုင်းပေါက်ကွဲမှုများ မကြာခဏ ဖြစ်ပွားနေသည့်အတွက် တောတောင်များသွားရောက်ရန်လည်း စိုးရိမ်နေကြရကြောင်း စစ်ဘေးရှောင်များကဆိုသည်။

ရခိုင်ပြည်နယ်တွင် မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော် AA တို့၏ တိုက်ပွဲများကြောင့် ဘေးလွတ်ရာသို့ ထွက်ပြေး တိမ်းရှောင်ခဲ့ရသည့် စစ်ဘေးရှောင် ၆ သောင်းခန့်မှာ လက်ရှိအချိန်အထိ မိမိတို့နေရပ်သို့ မပြန်နိုင်သေးပဲ စားဝတ်နေရေး၊ ကျန်းမာရေး ၊ ပညာရေး စသည်တို့တွင် အဘက်ဘက်မှ ဆုံးရှုံးနစ်နာမှုများနှင့် ရင်ဆိုင်နေကြရကြောင်း သိရသည်။