ပုဏ္ဏားကျွန်းစက်မှုဇုန် ကယ်ဆယ်စခန်းတွင် ဆန်ရိက္ခာပြတ်လပ်နေ

ပုဏ္ဏားကျွန်းမြို့နယ်ရှိ စက်မှုဇုန်ကယ်ဆယ်ရေးစခန်းတွင် ဆန်ရိက္ခာပြတ်လပ်နေသည်မှာ နှစ်လနီးပါးကြာမြင့်နေပြီဖြစ်သဖြင့် စားဝတ်နေရေးအတွက် ကြုံသလိုဖြေရှင်းနေရသည်ဟု စစ်ဘေးရှောင်များက ပြောကြသည်။

24 Jul 2022

ရခိုင်ပြည်အတွင်းရှိ စစ်ဘေးရှောင်စခန်းတစ်ခုအားတွေ့ရစဉ်

DMG ၊ ဇူလိုင် ၂၄

ပုဏ္ဏားကျွန်းမြို့နယ်ရှိ စက်မှုဇုန်ကယ်ဆယ်ရေးစခန်းတွင် ဆန်ရိက္ခာပြတ်လပ်နေသည်မှာ နှစ်လနီးပါးကြာမြင့်နေပြီဖြစ်သဖြင့် စားဝတ်နေရေးအတွက် ကြုံသလိုဖြေရှင်းနေရသည်ဟု စစ်ဘေးရှောင်များက ပြောကြသည်။

အဆိုပါစစ်ဘေးရှောင်စခန်းသို့ ပြီးခဲ့သည့်ဇွန်လမှစတင်ကာ စစ်ကောင်စီလက်အောက်ခံ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ဆန်ရိက္ခာထောက်ပံ့မှုမရှိတော့ဟု စခန်းတာဝန်ခံ ဦးသန်း‌ဌေးက ပြောသည်။ ထို့ကြောင့် ဆန်ရိက္ခာအခက်အခဲရှိနေသည်ဟုဆိုသည်။

“ဆီတွေ၊ ဆားတွေတော့ ကျွန်တော်တို့မှာက အလုပ်နည်းနည်းပါးပါးရလို့ ဝယ်ပြီးစားနေကြတာပါပဲ။ အဓိကအရေးကြီးတာက ဆန်တစ်ခုတည်း အရေးကြီးတာပါပဲ။ စခန်းကလူတစ်ချို့က အပြင်ထွက်ပြီး အလုပ်နည်းနည်းလုပ်ကြတယ်။ အလုပ်မရတဲ့လူတွေလည်း မရကြပါဘူး။ အလုပ်မရတဲ့လူတွေက ရှိတဲ့လူတွေဆီက ချေးငှားပြီးစားနေကြတာပါပဲ။ ဒီလိုသာဆို အဆင်မပြေမှုတွေအများကြီးဖြစ်လာနိုင်မှာ ပြောစရာလိုမယ်မထင်တော့ဘူး“ဟု သူကပြောသည်။

အဆိုပါ စစ်ဘေးရှောင်စခန်းကို ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့(WFP)မှ လူတစ်ဦးလျှင် ငွေကျပ် ၁၈၀၀၀ ကျပ်စီ ထောက်ပံ့သော်လည်း စားဝတ်နေရေးအတွက်မလုံလောက်ဟုဆိုကြသည်။ ထို့ကြောင့် စစ်ဘေးရှောင်များမှာ ကြုံရာကျပန်းအလုပ်များ လုပ်ကိုင်ကာ ဝမ်းရေးကိုဖြေရှင်းနေရသည်ဟု ဦးဝင်းမောင်ကပြောသည်။

“စားဝတ်နေရေးက သိပ်အခက်အခဲဖြစ်နေကြပါတယ်။ စားရေးသောက်ရေးတွေ အဆင်မပြေကြပါဘူး။ ဆန်တစ်ခုက မိသားစုတိုင်းအတွက်အရေးကြီးပါတယ်။ ဆန်တစ်ခုကို အမြန်ဆုံးရောက်စေချင်ပါတယ်။ ဆန်တစ်ခုရရင် ဆားလေးနဲ့ပဲဖြစ်ဖြစ်၊ ဆီလေးနဲ့ဖြစ်ဖြစ် စားလိုက်လို့ရပါတယ်“ဟု သူကပြောသည်။

အဆိုပါကိစ္စနှင့်ပတ်သက်ပြီး ပြည်နယ်စစ်ကောင်စီ ပြောရေးဆိုခွင့်ရှိသူ ဦးလှသိန်းကိုမေးမြန်းရာတွင် ယင်းကိစ္စကိုမသိရှိကြောင်း၊ ဘေးအန္တရာဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနကိုသာ မေးမြန်းရန်ပြောဆိုသည်။

“ဒီဟာတွေကိုဖြန့်တာက အစိုးရအဖွဲ့က ဖြန့်တာမဟုတ်ဘူးလေ။ သူ့ဌာနနဲ့သူ တာဝန်ယူတာလေ။ ဘေးစီမံပဲ တာဝန်ယူတာနှစ်ပေါင်းကလည်း မနည်းတော့ဘူး။ သူတို့ဌာနမှာ ဘတ်ဂျက်က ပြည်နယ်ဘတ်ဂျက်မဟုတ်ဘူး။ ဘေးစီမံရဲ့ဘတ်ဂျက်ဟာ ပြည်ထောင်စုဘတ်ဂျက်။ ပြည်ထောင်စုဘတ်ဂျက်ကို အစိုးရမှာ ၃ လတစ်ကြိမ် ချပေးတယ်။ ချပေးတာ ကြန့်ကြာလို့လား။ ငွေထုတ်တာမှာ အခက်အခဲဖြစ်လို့လား သို့မဟုတ် ပစ္စည်းဝယ်ပြီးပို့တဲ့ အခါမှာ အခက်အခဲဖြစ်လို့လား အသေးစိတ်ကတော့ ဘေးစီမံ ကပဲသိမယ်”ဟု ၎င်းကဆိုသည်။

ထို့ကြောင့် ဘေးအန္တရာဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန တာဝန်ရှိသူများကို DMG က ဆက်သွယ်မေးမြန်းရန် အကြိမ်ကြိမ်ကြိုးပမ်းခဲ့သော်လည်း အဆက်အသွယ်မရရှိခဲ့ပါ။

ပုဏ္ဏားကျွန်းစက်မှုဇုန် ကယ်ဆယ်ရေးစခန်းတွင် အိမ်ထောင်စု ၁၅၀၊ လူဦးရေ ၅၅၄ ဦး နေထိုင်လျက်ရှိကြသည်။ ယင်းစစ်ဘေးရှောင်စခန်းအပါအဝင် ရခိုင်ပြည်ရှိ မြို့နယ်အသီးသီးမှာ အခြားစစ်ဘေးရှောင်များမှာလည်း စားဝတ်နေရေးခက်ခဲခြင်း၊ အမိုးအကာ မလုံခြုံမှုများကို ရင်ဆိုင်ရလျက်ရှိသည်။