- တွေ့ဆုံဆွေးနွေးမည်ဟု ပြောသော်လည်း စစ်တွေနှင့် ကျောက်ဖြူတွင် ပစ်ခတ်မှုများရှိနေ
- ဟောင်းနွမ်းငွေစက္ကူများကို မသုံးလျှင် အရေးယူမည်ဟု AA သတိပေးချက် လိုက်နာမှု အားနည်းနေ
- ရန်ကုန်တွင် လူအစုလိုက်အပြုံလိုက် ဖမ်းဆီးခံရမှု ရခိုင်လူငယ် ၂၀ ဦးထက်မနည်း ပါဝင်
- မြို့နယ် ၁၄ ခုသိမ်းပြီးနောက် နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန် အသင့်ရှိကြောင်း AA ထုတ်ပြန်
- တိုက်ပွဲဖြစ်ပွားမှုရှိလာ၍ စစ်တွေက မွတ်ဆလင်များ နေရပ်စွန့်ခွာ ထွက်ပြေး
မြောက်ဦးတွင် ရွာအတွင်းသို့ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲ၊ ကလေးငယ်တစ်ဦးနှင့် အမျိုးသမီးတစ်ဦး ဒဏ်ရာရ
ရခိုင်ပြည်၊ မြောက်ဦးမြို့နယ်၊ ကျောင်းတောင်ကျေးရွာတွင် ယနေ့(နိုဝင်ဘာလ ၁၂ ရက်)၊ နံနက်ပိုင်းက ရွာထဲသို့ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲခဲ့၍ ရွာသား ၂ ဦး ထိခိုက်ဒဏ်ရာရရှိသွားကြောင်း သိရသည်။
12 Nov 2022
လက်နက်ကြီးထိမှန်သွားသည့် ကျောင်းတောင်ရွာမှ ဒေသခံများကိုတွေ့ရစဉ်။
DMG ၊ နိုဝင်ဘာ ၁၂
ရခိုင်ပြည်၊ မြောက်ဦးမြို့နယ်၊ ကျောင်းတောင်ကျေးရွာတွင် ယနေ့(နိုဝင်ဘာလ ၁၂ ရက်)၊ နံနက်ပိုင်းက ရွာထဲသို့ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲခဲ့၍ ရွာသား ၂ ဦး ထိခိုက်ဒဏ်ရာရရှိသွားကြောင်း သိရသည်။
ဒဏ်ရာရရှိသူ ၂ ဦးမှာ ဒေါ်မတင်သိန်း အသက်(၅၅)နှစ်နှင့် မောင်ကိုခိုင်ဝင်း အသက်(၁၂)နှစ်တို့ ဖြစ်ကြသည်။
ယနေ့နံနက် ၁၀ နာရီအချိန်က ကျေးရွာနှင့် ၅ ဖာလုံကျော်ဝေးသည့် ပန်းမြောင်းရွာအရှေ့ဘက်ရှိ တောင်ဖြူတောင်ပေါ်မှ လက်နက်ကြီးများ ပစ်ခတ်ခဲ့ရာမှ ရွာထဲသို့ ကျရောက်ပေါက်ကွဲခြင်းဖြစ်သည်ဟု ကျောင်းတောင်ရွာသားတစ်ဦးကပြောသည်။
ထိုတောင်ပေါ်တွင် မြန်မာစစ်တပ်က တပ်စွဲနေထိုင်လျက်ရှိကြောင်း ဒေသခံများထံမှ သိရသည်။
“လက်နက်ကြီး ၃ လုံးမှာ တစ်လုံးက ကျနော်တို့ရွာကိုကျတယ်။ နောက်နှစ်လုံးက ဘယ်ဖက်ကိုကျသလဲတော့ မသိဘူး။ အခုဒဏ်ရာရတဲ့ နှစ်ယောက်က အိမ်နီးနားချင်းတွေပါ။ လက်နက်ကြီးက ကလေးရဲ့အိမ်ခြံဝင်းထဲကို ကျကွဲပြီးတော့ အိမ်အောက်မှာရှိတဲ့ကောင်လေးကို ထိသွားတာ။ နောက်တယောက်ကတော့ လက်နက်ကြီးကျကွဲတဲ့နေရာက ကျည်စတွေ သူ့အိမ်ခြံထဲအထိ စိုင်ကျသွားပြီးတော့ သူ့ကိုထိသွားတာပါ”ဟု အထက်ပါဒေသခံက ပြောသည်။
လက်နက်ကြီးကျည်ထိမှန်မှုကြောင့် ဒေါ်မတင်သိန်းတွင် ဘယ်ဖက်ပေါင်၌ ဒဏ်ရာရရှိသွားခဲ့သည်။ မောင်ကိုခိုင်ဝင်းမှာ ခန္ဓာကိုယ်၌ ဒဏ်ရာအခြေအနေ ပြင်းထန်စွာရရှိသွားကာ သွေးထွက်လွန်နေ၍ မြောက်ဦးဆေးရုံသို့ အရေးပေါ်ပို့ဆောင်လိုက်ရသည်ဟုလည်း သိရသည်။
ယခုကဲ့သို့ ရွာအနီးအနားတွင် တိုက်ပွဲဖြစ်ပွားမှု တစ်စုံတစ်ရာမရှိဘဲ လူနေရွာများသို့ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲခြင်းမှာ ရည်ရွယ်ချက်ရှိရှိပစ်ခတ်နေခြင်းသာဖြစ်သည်ဟု အထက်ပါဒေသခံက ဆက်ပြောသည်။
“ကျနော်တို့ရွာနားမှာ ဒီနေ့ တိုက်ပွဲလည်းမဖြစ်ဘူး။ ဘာပြဿနာမှမရှိဘူး။ နောက်ပြီး တောင်ဖြူတောင်နဲ့လည်း ဝေးတယ်။ ဒါတောင်လက်နက်ကြီးတွေ လှမ်းပစ်တယ်ဆိုတော့ ဒါဟာ ကျနော်တို့ရွာတွေကို တမင်တကာ ရည်ရွယ်ချက်ရှိရှိနဲ့ လှမ်းပစ်လိုက်တာလို့တော့ ကျနော်တို့ယူဆတယ်။ အခုရွာသားတွေလည်း လက်နက်ကြီး ထပ်ပစ်မှာကို အရမ်းကြောက်နေကြတယ်။ တကယ်လို့ ထပ်ပစ်နေမယ်ဆိုရင် ရွာမှာဆက်နေလို့ အဆင်ပြေတော့မှာမဟုတ်ပါဘူး”ဟု ၄င်းကပြောသည်။
ပန်းမြောင်းကျေးရွာမှ တောင်ဖြူတောင်သို့ ရိက္ခာဆင်းယူသော စစ်ကောင်စီတပ်သားများကို ယနေ့နံနက်ပိုင်း ၁၀ နာရီခန့်တွင် ရက္ခိုင့်တပ်တော်(AA)က မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း၊ ထို့နောက် မြန်မာစစ်တပ်ဘက်က လက်နက်ကြီးများ ပစ်ခတ်ခဲ့သည်ဟု ဒေသခံများကပြောဆိုသည်။
ယခုဖြစ်စဉ်နှင့်ပတ်သက်၍ အတည်ပြုချက်ရယူရန်အတွက် ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်သူရနှင့် စစ်ကောင်စီတပ် ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်ချုပ်ဇော်မင်းထွန်းကို ဖုန်းဆက်သွယ်ခဲ့သော်လည်း ဖုန်းလက်ခံဖြေကြားခြင်း မရှိပါ။
ယင်းအပြင် ရက္ခိုင့်တပ်တော်(AA)၏ ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခကိုလည်း အဆက်သွယ်ရရှိရန် ကြိုးစားနေဆဲဖြစ်သည်။