- တွေ့ဆုံဆွေးနွေးမည်ဟု ပြောသော်လည်း စစ်တွေနှင့် ကျောက်ဖြူတွင် ပစ်ခတ်မှုများရှိနေ
- ဟောင်းနွမ်းငွေစက္ကူများကို မသုံးလျှင် အရေးယူမည်ဟု AA သတိပေးချက် လိုက်နာမှု အားနည်းနေ
- ရန်ကုန်တွင် လူအစုလိုက်အပြုံလိုက် ဖမ်းဆီးခံရမှု ရခိုင်လူငယ် ၂၀ ဦးထက်မနည်း ပါဝင်
- မြို့နယ် ၁၄ ခုသိမ်းပြီးနောက် နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန် အသင့်ရှိကြောင်း AA ထုတ်ပြန်
- တိုက်ပွဲဖြစ်ပွားမှုရှိလာ၍ စစ်တွေက မွတ်ဆလင်များ နေရပ်စွန့်ခွာ ထွက်ပြေး
စစ်တွေက အသတ်ခံရသည့်မိန်းကလေးငယ်နှင့် ဆက်စပ်သူများကို ရဲကခေါ်စစ်နေ
ရခိုင်ပြည်နယ်၊ စစ်တွေမြို့ရှိ အစိုးရအဖွဲ့ရုံးအနီး ဆိုင်ခန်းတစ်ခုတွင် ဓားထိုးခံရပြီးသေဆုံးခဲ့သော မိန်းကလေးငယ်နှင့် ဆက်စပ်သူများကို လျှို့ဝှက်ခေါ်ယူကာစစ်ဆေးနေကြောင်း စစ်တွေမြို့မရဲစခန်းမှ ရဲအရာရှိတစ်ဦးကပြောသည်။
23 Aug 2022
DMG ၊ သြဂုတ် ၂၃
ရခိုင်ပြည်နယ်၊ စစ်တွေမြို့ရှိ အစိုးရအဖွဲ့ရုံးအနီး ဆိုင်ခန်းတစ်ခုတွင် ဓားထိုးခံရပြီးသေဆုံးခဲ့သော မိန်းကလေးငယ်နှင့် ဆက်စပ်သူများကို လျှို့ဝှက်ခေါ်ယူကာစစ်ဆေးနေကြောင်း စစ်တွေမြို့မရဲစခန်းမှ ရဲအရာရှိတစ်ဦးကပြောသည်။
အဆိုပါမိန်းကလေးငယ်သေဆုံးမှုကို လူသတ်မှုဖြင့် အမှုဖွင့်ထားကာ အမှုမှန်ပေါ်ပေါက်စေရန် နေ့စဉ်စစ်ဆေးမှုများလုပ်ဆောင်နေသည်ဟု ၎င်းရဲအရာရှိကပြောသည်။
“စစ်ဆေးနေတာကတော့ နေ့တိုင်းလိုလို စစ်ဆေးနေတယ်။ အဓိက ကွင်းဆက်တွေကိုတော့ လျှို့ဝှက်ထားတယ်။ ဘယ်နှစ်ယောက်လည်းဆိုတာကို ပြောလို့မရဘူး။ ကိုက် ၁၀၀ ရာအတွင်းပတ်လည်ကိုတော့ အဓိကစစ်ဆေးရတာပေါ့လေ။ သူနဲ့ဆက်သွယ်၊ ပတ်သက်မှုရှိသူတွေကိုလည်း စစ်ဆေးရမယ်"ဟု ၎င်းကဆိုသည်။
စစ်ဆေးခံရသူများမှာ တစ်နေ့လုံးစစ်ဆေးခံရသူများရှိသကဲ့သို့ နာရီပိုင်းကြာ စစ်ဆေးခံရသူများလည်းရှိကြောင်း သိရသည်။ ထိုသို့ စစ်ဆေးခံရသူများထဲတွင် ရမန်ယူပြီးစစ်ဆေးခံနေရသူများ ရှိ၊ မရှိကို DMG မှ စုံစမ်းနေဆဲဖြစ်သည်။
လက်ရှိအမှုအခြေအနေနှင့်ပတ်သက်ပြီး စစ်တွေမြို့မရဲစခန်းမှ စခန်းမှူး ဒုရဲမှူး ဆန်းကျော်ထွန်းကို DMG မှ ဖုန်းဖြင့်ဆက်သွယ်ခဲ့သော်လည်း အဆက်အသွယ်မရရှိသေးပေ။ စစ်တွေမြို့မရဲစခန်းသို့ သြဂုတ်လ ၂၂ ရက်တွင် DMG မှ သွားရောက်ခဲ့သော်လည်း စခန်းမှူးအပြင်သွားသည်ဟုဆိုသဖြင့် မေးမြန်းခွင့်မရရှိခဲ့ပေ။
အသတ်ခံရသည့် မိန်းကလေးငယ်မှာ သြဂုတ်လ ၁၅ ရက်နေ့က ၎င်းအလုပ်လုပ်ကိုင်နေသည့် ဆိုင်ခန်းအတွင်း ဓားထိုးသွင်းဒဏ်ရာ နှစ်ချက်၊ မျက်နှာနှင့်မေးစေ့တို့တွင် ညိုမဲစွဲဒဏ်ရာတို့ဖြင့် သေဆုံးနေသည်ကို မိသားစုဝင်များက တွေ့ရှိခဲ့ခြင်းဖြစ်သည်။
အဆိုပါ မိန်းကလေးငယ်သေဆုံးခဲ့သည့် ဆိုင်ခန်းနှင့် ဘေးချင်းကပ်ဆိုင်မှ အသက် ၂၀ အရွယ် ဆိုင်ဝန်ထမ်းအမျိုးသားတစ်ဦးမှာလည်း လက်ရှိစစ်ဆေးမေးမြန်းခံနေရသည်ဟု မိသားစုထံမှသိရသည်။
၎င်းကို သြဂုတ်လ ၁၆ ရက်နံနက်ပိုင်းတွင် စစ်တွေမြို့မရဲစခန်းမှ ရဲတပ်သားနှစ်ဦးက စစ်ဆေးမေးမြန်းရန် လာရောက်ခေါ်ဆောင်သွားခဲ့ခြင်းဖြစ်သည်ဟု မိခင်ဖြစ်သူကပြောသည်။
“ကျမတို့ကို တွေ့ခွင့်ပေးမယ်ဆိုလို့ ၁၈ ရက်နေ့က သွားတွေ့လိုက်တယ်။ တွေ့ခွင့်မပေးလိုက်ဘူး။ ဒီနေ့အထိ ကျမတို့ နေ့တိုင်းသွားတွေ့တယ်။ မတွေ့ရဘူး။ ကျမသားက နယ်ကလာပြီးတော့ ဒီမှာအလုပ်လုပ်နေတာ။ ကျမတို့ သူကိုတွေ့ဖို့အတွက် လာတာ။ တစ်နေ့မှမတွေ့ရဘူး။ ဘာကြောင့်ဖမ်းသွားလည်းမေးတော့ မသင်္ကာလို့ စစ်ဆေးမေးမြန်းစရာရှိတယ်လို့ပြောခဲ့ပါတယ်။ ဒီဆိုင်မှာ အလုပ်လုပ်နေတာ လပိုင်းလောက်ပဲရှိပါသေးတယ်။ အခုသေဆုံးသွားတဲ့ ကောင်မလေးနဲ့လည်း ဘာတစ်ခုမှဆက်စပ်မှုမရှိပါဘူး”ဟု စစ်ဆေးခံနေရသည့်ဆိုင်ဝန်ထမ်း၏ မိခင်ကပြောသည်။
သေဆုံးသွားသည့် မိန်းကလေးငယ်မှာ အသက် ၁၈ နှစ်ဖြစ်ပြီး တက္ကသိုလ်ဝင်တန်းကို ယခုနှစ်တွင် ဂုဏ်ထူးတစ်ဘာသာဖြင့် အောင်မြင်ထားသူလည်းဖြစ်သည်။
စစ်တွေမြို့တွင် ခိုးမှု၊ လုယက်မှုများအပြင် ယခုကဲ့သို့ လူသေဆုံးမှုများပါဖြစ်လာ၍ ဒေသခံများမှာ စိုးရိမ်မှုများရှိလာနေပြီး ယခုမိန်းကလေး သေဆုံးမှုကိုလည်း အမြန်ဆုံးဖော်ထုတ်ပေးရန် တောင်းဆိုနေကြသည်။