ကျောက်ကြီးနှင့် မုန်းဒေသမှ စစ်ရှောင် ၄၀၀၀၀ ခန့်အတွက် အရေးပေါ်အကူအညီများလိုအပ်နေ

ပဲခူးတိုင်း၊ ကျောက်ကြီးနှင့် မုန်းမြို့နယ်အတွင်း ပြီးခဲ့သည့် ဇူလိုင်လ၂ ရက်မှစပြီး တိုက်ပွဲများဖြစ်ပေါ်မှုကြောင့် နေရပ်စွန့်ခွာ တိမ်းရှောင်လာရသည့် ဒေသခံများအတွက် စားနပ်ရိက္ခာနှင့်ဆေးဝါးများ အရေးပေါ်လိုအပ်ကြောင်း ဒေသခံများထံမှသိရသည်။

04 Jul 2022

ကျောက်ကြီးနှင့် မုန်းမြို့နယ်မှဒေသခံများ စစ်တောင်းမြစ်ကို ဖြတ်ကာ ဖြူးနဲ့ ကျောက်တံခါးမြို့နယ်ဘက်သို့ ထက်ပြေးတိမ်းရှောင်နေကြစဉ်။ (ဓာတ်ပုံ- KNU - ဗဟို)

DMG ၊ ဇူလိုင် ၄

ပဲခူးတိုင်း၊ ကျောက်ကြီးနှင့် မုန်းမြို့နယ်အတွင်း ပြီးခဲ့သည့် ဇူလိုင်လ၂ ရက်မှစပြီး တိုက်ပွဲများဖြစ်ပေါ်မှုကြောင့် နေရပ်စွန့်ခွာ တိမ်းရှောင်လာရသည့် ဒေသခံများအတွက် စားနပ်ရိက္ခာနှင့်ဆေးဝါးများ အရေးပေါ်လိုအပ်ကြောင်း ဒေသခံများထံမှသိရသည်။

ပြီးခဲ့သည့် ဇူလိုင်လ ၂ ရက်နေ့နှင့် ဇူလိုင်လ ၃ ရက် နှစ်ရက်တာ၌ ကျောက်ကြီးနှင့် မုန်းမြို့နယ်တို့ရှိ စစ်ကောင်စီတပ်များ တပ်စွဲထားသည့် စခန်း (၅) ခုကို KNLA ပူးပေါင်းအဖွဲ့မှ တပြိုင်နက်တိုက်ခိုက်ခဲ့ပြီးနောက် စစ်တပ်ဘက်မှ လက်နက်ကြီး ပစ်ခတ်မှုနှင့် လေကြောင်း တိုက်ခိုက်မှုများကြောင့် ဒေသခံ လေးသောင်းနီးပါး နေရပ်စွန်ခွာ ထွက်ပြေးခဲ့ရကြောင်း ကရင်စစ်ရှောင်ကူညီရေး အဖွဲ့ဝင်တစ်ဦးကပြောသည်။

“ဇူလိုင်လ ၂ ရက်မှာ စစ်ကောင်စီ တပ်တွေ အထိုင်ချထားတဲ့ စခန်း (၅) ခုကို KNDO အဖွဲ့က ဝင်ပြီး တိုက်တယ်။ တပြိုင်နက်ထဲ တိုက်တယ်သိမ်းတယ်။ အဲဒီအတွက် စစ်တပ်ဘက်က လက်နက်ကြီး ပစ်ကူ အပါအဝင် ရဟတ်ယာဉ်တွေ ဂျက်တိုက်လေယာဉ်တွေနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်။ ဒေသခံ လေးသောင်းနီးပါးလည်း နေရပ်စွန့်ခွာနေရပါတယ် ” ဟု အဆိုပါစစ်ရှောင်ကူညီရေးအဖွဲ့ဝင်တစ်ဦးကပြောသည်။

လက်ရှိတွင် နေရပ်စွန့်ခွာ ထွက်ပြေးနေရသူ ကျေးရွာ (၂၆) ရွာမှ ဒေသခံ (၃၉၄၂၈) ဦးမှာ နီးစပ်ရာမြို့နယ်များဖြစ်ကြသော ဖြူးနှင့် ကျောက်တံခါးမြို့နယ်ရှိ တောတေင်တို့တွင် ယာယီ တိမ်းရှောင်နေရကြောင်း သိရသည်။

“တိုက်ပွဲကြောင့် ထွက်ပြေးရတဲ့ သူတွေအတွက်စားနပ်ရိက္ခာတွေ၊ နေစရာတဲတွေ၊ ဆေးဝါးတွေ အရေး ပေါ်လိုအပ်လာတယ်။ လူဦးရေက လေးသောင်းနီးပါးရှိပါတယ်။ အခုက ဖြူးနဲ့ ကျောက်တံခါးမြို့နယ်က ရွာစပ်တွေ အထိကို ရှောင်နေရပါတယ် ” ဟု အရပ်ဖက်စစ်ရှောင်ကူညီရေးအဖွဲ့တာဝန်ရှိသူတစ်ဦးကဆိုသည်။

စစ်ကောင်စီတပ်စွဲ ထားရာစခန်း (၅) ခုဖြစ်သည့် ကြောင်ပြာစခန်း၊ အောင်းလောင်းစိန်စခန်း၊ ကျွန်းပင်ဆိပ်စခန်း၊ ကော့ပြင်းစခန်းနှင့် ကျောင်းစုစခန်းတို့ကို ကေအန်ယူတပ်မဟာ (၃) KNLAပူးပေါင်းအဖွဲ့က တပြိုင်နက်တည်း တိုက်ခိုက်သိမ်း ယူခဲ့ကြောင်း ယမန်နေ့(ဇူလိုင် ၃) က ကရင်အမျိုးသား အစည်းအရုံး (KNU) ဗဟိုက သတင်း ထုတ်ပြန်သည်။

ထို့သို့ စစ်စခန်းသိမ်းယူပြီးနောက် စစ်ကောင်စီတပ်၏ လက်နက်ကြီး ပစ်ခတ်မှုကြောင့် စစ်ရှောင်ဒေသခံ( ၄) ဦး သေဆုံးခဲ့ကာ တစ်ဦးဒဏ်ရာရရှိခဲ့ကြောင်း ကေအန်ယူတပ်မဟာ (၃) သတင်းအရင်း အမြစ်ကဆိုသည်။

“ရည်ရွယ်ချက်ရှိရှိနဲ့ ကိုပစ်တာ။ ဒေသခံတွေက ကြောက်လို့ ထွက်ပြေးနေတဲ့ အပေါ်တည့်တည့်ကို တဖတ်သတ် စစ်တပ်က လက်နက်ကြီးနဲ့ရော လေယာဉ်နဲ့ပါ ပစ်တာပါ။ အခုလိုပစ်လို့လည်း ဒေသခံ ၄ ဦးက ပွဲချင်းပြီးသေတယ်။ တစ်ယောက်ကပေါင်ကို ဗုံးစထိ မှန်ဒဏ်ရာရရှိခဲ့တယ် ”  ဟု အဆိုပါ သတင်းအရင်း အမြစ်က ဆိုသည်။

ထိုသို့ဒေသခံ ၄ ဦးသေဆုံးမှုနှင့် ပတ်သက်ပြီး အမည်အသက်၊ စသည့်အချက်အလက်များ ဆက်လက်စုံစမ်းနေဆဲဖြစ်ကြောင်းလည်း သိရသည်။

ထို့အပြင် စစ်ကောင်စီက ဒေသခံများ သေဆုံးရသည်ဆိုသည့် ကိစ္စနှင့် ပတ်သက်ပြီး စစ်ကောင်စီဘက်ကတော့ တစုံတရာထုတ်ပြန်ပြောဆိုခြင်း မရှိသေးပေ။

တပ်စခန်းများတိုက်ခိုက်သိမ်းယူခဲ့မှုကြောင့် လက်ရှိအချိန်တွင်လည်း စစ်ကောင်စီတပ်မှ အင်အားများ ပြန်လည်ဖြည့်တင်းကာ စစ်ကြောင်းထိုးရန်ပြင်ဆင်နေပြီး ဒေသအတွင်းနှစ်ဘက် စစ်ရေးတင်းမာနေကြောင်းလည်း သိရသည်။