- တွေ့ဆုံဆွေးနွေးမည်ဟု ပြောသော်လည်း စစ်တွေနှင့် ကျောက်ဖြူတွင် ပစ်ခတ်မှုများရှိနေ
- ဟောင်းနွမ်းငွေစက္ကူများကို မသုံးလျှင် အရေးယူမည်ဟု AA သတိပေးချက် လိုက်နာမှု အားနည်းနေ
- ရန်ကုန်တွင် လူအစုလိုက်အပြုံလိုက် ဖမ်းဆီးခံရမှု ရခိုင်လူငယ် ၂၀ ဦးထက်မနည်း ပါဝင်
- မြို့နယ် ၁၄ ခုသိမ်းပြီးနောက် နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန် အသင့်ရှိကြောင်း AA ထုတ်ပြန်
- တိုက်ပွဲဖြစ်ပွားမှုရှိလာ၍ စစ်တွေက မွတ်ဆလင်များ နေရပ်စွန့်ခွာ ထွက်ပြေး
ကျိုက်ထိုမြို့နယ်တွင် နှစ်ရက်ဆက်တိုက် တိုက်ပွဲဖြစ်ပွား
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်တွင် အင်အားဖြည့်တင်းရန်လာရောက်သည့် စစ်ယာဉ်တန်းကို KNLA ပူးပေါင်းအဖွဲ့မှ မိုင်းဆွဲတိုက်ခိုက်ပြီး နှစ်ရက်ဆက်တိုက် တိုက်ပွဲဖြစ်ပွားနေကြောင်း ဒေသခံများထံမှ သိရသည်။
11 May 2022
DMG ၊ မေ ၁၁
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်တွင် အင်အားဖြည့်တင်းရန်လာရောက်သည့် စစ်ယာဉ်တန်းကို KNLA ပူးပေါင်းအဖွဲ့မှ မိုင်းဆွဲတိုက်ခိုက်ပြီး နှစ်ရက်ဆက်တိုက် တိုက်ပွဲဖြစ်ပွားနေကြောင်း ဒေသခံများထံမှ သိရသည်။
မေလ ၁၀ ရက်နေ့က ဝေါမြို့မှ ကျိုက်ထိုသို့ အင်အားဖြည့်တင်းရန်လာရောက်သည့် စစ်ကား ၁၀ စီးပါ ယာဉ်တန်းကို KNLA ပူးပေါင်းအဖွဲ့က မိုင်းဆွဲတိုက်ခိုက်ရာမှ နှစ်ဖက်တိုက်ပွဲဖြစ်ပွားခဲ့ကြောင်းနှင့် ယနေ့(မေလ ၁၁ ရက်နေ့)တွင်လည်း ဝေါမြို့မှလာသည့် စစ်ကားအစီး ၃၀ ပါယာဉ်တန်းကို KNLA မှ မိုင်းဆွဲတိုက်ခိုက်ခဲ့မှုများ ရှိခဲ့သည်ဟု ဒေသခံများကပြောသည်။
ကျိုက်ထိုမြို့ခံတစ်ဦးက “တိုက်ပွဲဖြစ်တာနှစ်ရက်ရှိပြီ။ ရန်ကုန်-မော်လမြိုင်ကားလမ်းမအနားမှာပဲ။ ဝေါကနေ ကျိုက်ထိုနဲ့ ဘီလင်းကို စစ်ကားအစီး ၃၀ ကျော်ဝင်လာတာ။ ကေအန်ယူဘက်က မိုင်းဆွဲတာကော ပစ်တာကော မကြာဘူး။ နှစ်ဖက်ပစ်ခတ်ကုန်တယ်"ဟု ၎င်းမှပြောသည်။
ထိုတိုက်ပွဲအတွင်း ကားလမ်းမနှင့်နီးစပ်သည့် ဘိုက္ကားနှင့် အင်္ဂဘိုကျေးရွာများမှ နေအိမ် ၁၀ လုံးကျော်မှာ လက်နက်ကြီးထိမှန်မှုများရှိခဲ့ကြောင်းလည်း ဒေသခံများထံမှသိရသည်။
လက်ရှိတွင် ဒေသခံ ၁၀၀ ကျော်မှာ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေကြရသည်ဟု အင်္ဂဘိုကျေးရွာသားတစ်ဦးက ပြောသည်။
"စစ်တပ်ကားတန်းကိုမိုင်းခွဲပြီး မကြာဘူး။ ရွာထဲကို လက်နက်ကြီးနဲ့ ပစ်တော့တာပဲ။ အိမ်တွေကို ကျည်တွေထိတယ်။ တိုက်ပွဲထပ်ဖြစ်နေတယ်ကြားတော့ ရွာပြန်လို့မရတော့ဘူးပေါ့။ အခြေအနေလေးတော့ ကြည့်နေရပါတယ်”ဟု ၎င်းဒေသခံကပြောသည်။
ယနေ့ နေ့လည်ပိုင်းတွင် ဘီးလင်းမြို့နယ်အနီးတွင်လည်း KNLA ပူးပေါင်းအဖွဲ့နှင့် မြန်မာစစ်တပ်ကြား တိုက်ပွဲဖြစ်ပွားနေသည်ဟု မြေပြင်သတင်းရင်းမြစ်များမှ သိရသည်။
KNU တပ်မဟာ(၁)နယ်မြေဖြစ်သည့် ကျိုက်ထိုမြို့နယ်တွင် တိုက်ပွဲဖြစ်ပွားမှုများကြောင့် ဒေသခံ တစ်သောင်းမှာ နေရပ်စွန့်ခွာတိမ်းရှောင်နေရသည်ကြောင်း စစ်ဘေးရှောင်ကူညီရေးလုပ်ဆောင်နေသူများထံမှ သိရသည်။