- တွေ့ဆုံဆွေးနွေးမည်ဟု ပြောသော်လည်း စစ်တွေနှင့် ကျောက်ဖြူတွင် ပစ်ခတ်မှုများရှိနေ
- ဟောင်းနွမ်းငွေစက္ကူများကို မသုံးလျှင် အရေးယူမည်ဟု AA သတိပေးချက် လိုက်နာမှု အားနည်းနေ
- ရန်ကုန်တွင် လူအစုလိုက်အပြုံလိုက် ဖမ်းဆီးခံရမှု ရခိုင်လူငယ် ၂၀ ဦးထက်မနည်း ပါဝင်
- မြို့နယ် ၁၄ ခုသိမ်းပြီးနောက် နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန် အသင့်ရှိကြောင်း AA ထုတ်ပြန်
- တိုက်ပွဲဖြစ်ပွားမှုရှိလာ၍ စစ်တွေက မွတ်ဆလင်များ နေရပ်စွန့်ခွာ ထွက်ပြေး
စစ်တွေမြို့တွင် ကြက်ဝိုင်းမှ ဖမ်းဆီးခံရသူ ၁၈ ဦးကို အမှုဖွင့်ထား
အလျား ၁၀၀ ပေ၊ အနံ ၄၀ ပေခန့်ရှိသည့် ဆတ်ရိုးကျရပ်ကွက် လောင်းကစားရုံအတွင်း ဦးရေ ၁၅၀ ခန့်ရှိမည့် လူအုပ်ကို စစ်တပ်နှင့်ရဲက ပစ်ခတ်ဖြိုခွင်းခဲ့သဖြင့် သေဆုံးသူအချို့နှင့် ဒဏ်ရာရရှိသူအချို့လည်း ရှိခဲ့သည်။
12 Oct 2022
ကြက်ဝိုင်းမှ ဖမ်းဆီးခံရသူများနှင့် သိမ်းဆည်းရမိသည့် ပစ္စည်းများကိုတွေ့ရစဉ်။ ဓာတ်ပုံ - ရခိုင်နေစဉ်။
DMG ၊ အောက်တိုဘာ ၁၂
ရခိုင်ပြည်၊ စစ်တွေမြို့၊ ဆတ်ရိုးကျရပ်ကွက်မှ လူရာနှင့်ချီပါဝင်သည့် ကြက်ဝိုင်းကို အောက်တိုဘာလ ၇ ရက်နေ့တွင် မြန်မာစစ်တပ်နှင့် ရဲတပ်ဖွဲ့က ပစ်ခတ်ဖြိုခွင်းခဲ့ပြီး ယင်းလူအုပ်ထဲမှ ဖမ်းဆီးရမိသူ ၁၈ ဦးကို အမှုဖွင့် အရေးယူထားကြောင်း သိရသည်။
အလျား ၁၀၀ ပေ၊ အနံ ၄၀ ပေခန့်ရှိသည့် ဆတ်ရိုးကျရပ်ကွက် လောင်းကစားရုံအတွင်း ဦးရေ ၁၅၀ ခန့်ရှိမည့် လူအုပ်ကို စစ်တပ်နှင့်ရဲက ပစ်ခတ်ဖြိုခွင်းခဲ့သဖြင့် သေဆုံးသူအချို့နှင့် ဒဏ်ရာရရှိသူအချို့လည်း ရှိခဲ့သည်။
အဆိုပါလောင်းကစားရုံကို သွားရောက်တားဆီးစဉ် လူအုပ်စုလိုက် ထွက်ပြေးကြောင်းနှင့် အချို့မှာ ၎င်းတို့ အသင့်ကိုင်ဆောင်ထားသော တုတ်၊ ဓားများဖြင့် လုံခြုံရေးအဖွဲ့ဝင်များကို ရန်ပြုသည့်အတွက် သေနတ် ၅ ချက် မိုးပေါ်ထောင်ပစ်ခတ်သော်လည်း ရပ်တန့်ခြင်းမရှိသည့်အပြင် ထပ်မံရန်ပြုလာသဖြင့် ခြောက်လန့်ပစ်ခတ်စဉ် တစ်ဦးသေဆုံးပြီး တစ်ဦးဒဏ်ရာရရှိခဲ့သည်ဟု စစ်ကောင်စီကဆိုသည်။
ထိုသို့ပြောဆိုချက်အပေါ် ဒေသခံတစ်ဦးက “ကွင်းထဲကလူတွေက ပြန်ပြီးရန်ပြုမှာထားအုံး၊ လှုပ်ချိန်တောင် မရလိုက်ဘူးတဲ့။ သေနတ်ဖောက်ပြီး တခါတည်း ဝင်ဖမ်းတာပဲတဲ့။ ဒီလိုဟာတွေက မဖြစ်သင့်ဘူး။ သေနတ် မပစ်ဘဲနဲ့ အေးဆေးဝင်ဖမ်းရင်လည်းရတာပဲလေ။ သာမန် လောင်းကစားဝိုင်းပါပဲလေ။ လက်နက်ကိုင်ပြီး လောင်းကစားလုပ်နေကြတာလည်း မဟုတ်ဘူး။ ဒီလောက်အထိ လုပ်စရာမလိုဘူးလို့တော့ထင်တယ်”ဟု ပြောသည်။
စစ်တပ်နှင့် ရဲက အဆိုပါကြက်ဝိုင်းကို ပစ်ခတ်ဖြိုခွင်းစဉ် လူအုပ်ထဲမှ တစ်ဦးသေဆုံး၊ တစ်ဦးဒဏ်ရာရရှိခဲ့ပြီး ၁၇ ဦးဖမ်းဆီးရမိခဲ့သည်ဟု စစ်ကောင်စီပိုင် မြန်မာ့အလင်းသတင်းစာက ယနေ့(အောက်တိုဘာလ ၁၂ ရက်)တွင် ဖော်ပြသည်။
“လုံခြုံရေး ရဲတပ်ဖွဲ့ဝင်တွေက လက်နက်ငယ်တွေနဲ့ ခြောက်လန့်ပစ်ခတ်ခဲ့ရာ ရန်ပြုတိုက်ခိုက်သူ တစ်ဦးသေဆုံး၊ တစ်ဦးဒဏ်ရာရရှိခဲ့ပြီး ၁၇ ဦး ဖမ်းဆီးခံရကာ လောင်းကစားပြုလုပ်ရာတွင်အသုံးပြုတဲ့ မော်တော်ယာဉ်တစ်စီး၊ မော်တော်ဆိုင်ကယ် ၄၁ စီး၊ လောင်းကစားပြုလုပ်ရာတွင် အသုံးပြုသည့်ပစ္စည်းများ၊ လက်ကိုင်ဖုန်းများနဲ့ ငွေအချို့ကို သိမ်းဆည်းရမိခဲ့ကြောင်း”ဟု စစ်ကောင်စီကဆိုသည်။
အဆိုပါကြက်ဝိုင်းမှ ဖမ်းဆီးရမိသူများကို စစ်တွေမြို့မရဲစခန်းတွင် အမှုဖွင့်အရေးယူထားကြောင်းနှင့် ဒဏ်ရာရရှိသူ တစ်ဦးကိုလည်း နယ်မြေခံတပ်မတော်ဆေးရုံသို့ ပို့ဆောင်ဆေးကုသပေးလျက်ရှိကြောင်း မြန်မာ့အလင်းသတင်းစာတွင် ဖော်ပြသည်။ သို့သော် မည်သည့်ပုဒ်မဖြင့် အမှုဖွင့်လှစ်ထားသည်ကို လတ်တလောတွင် မသိရသေးပေ။
ထို့အပြင် ကြက်ဝိုင်းမှ ပိုင်ရှင်မဲ့ဆိုင်ကယ် ၄၁ စီး၊ ဟာရီယာအမျိုးအစား မော်တော်ယာဉ်တစ်စီး၊ ကြက် ၄ ကောင်၊ ဖုန်း ၇ လုံး၊ ငွေကျပ် ၂၅၅,၀၀၀ ကျပ်ကို သိမ်းဆည်းရမိခဲ့ကြောင်းလည်း စစ်ကောင်စီကဆိုသည်။
ယင်းဖြစ်စဉ်နှင့်ပတ်သက်ပြီး မျက်မြင်တွေ့ရှိခဲ့သည့် ဒေသခံတစ်ဦးက “ပထမ ကားအသေးတွေနဲ့ ဝင်လာတယ်။ ထပ်ပြီး စစ်ကား ၂ စီးနဲ့ စစ်သားတွေလည်း ရောက်လာတယ်။ ပထမ သေနတ်အတိုနဲ့ပစ်တယ်။ နောက်တော့ သေနတ်သံတွေ တဖောင်းဖောင်းကြားရတာပါပဲ။ လူအုပ်က ကြောက်လန့်အားနဲ့ ဖြစ်သလိုပြေးကြတာပါ။ တယောက်အူထွက်ပြီး သေတာတွေ့လိုက်တယ်”ဟု ပြောသည်။
ထိုသို့ သေနတ်ပစ်ခတ်သံများကြောင့် လောင်းကစားရုံနှင့် မနီးမဝေးတွင်နေထိုင်သည့် အသက် ၈၈ နှစ်အရွယ် အဘွားအိုတစ်ဦးမှာလည်း နှလုံးရပ်ပြီးသေဆုံးခဲ့ကြောင်း သိရသည်။
“လင်မယားနှစ်ယောက်တည်း နေကြတာပါ၊ ဟိုအိမ်နောက်လေးမှာ။ သူ့ယောင်္ကျား အသက် ၉၃ နှစ်အရွယ် အဘိုးအိုတစ်ယောက်တည်း ကျန်ခဲ့တယ်။ ၈ ရက်နေ့က သဂြိုလ်ပေးလိုက်ပါပြီ။ ကျွန်တော်တို့ အဲဒီကျန်ခဲ့တဲ့ အဘိုးအိုကို သေချာဂရုစိုက်နေကြပါတယ်”ဟု ဆတ်ရိုးကျရပ်ကွက်မှ ဒေသခံတစ်ဦးကပြောသည်။
အဆိုပါကြက်ဝိုင်းကို ပစ်ခတ်ဖြိုခွင်းမှုတွင် လူအုပ်ထဲမှဒဏ်ရာရရှိသူ ယခုထက်ပိုများနိုင်ပြီး အချို့မှာ ထွက်ပြေးတိမ်းရှောင်သွားသူများရှိနေသဖြင့် အရေအတွက်အတိအကျကို မသိရကြောင်း ဒေသခံများက ပြောသည်။