လေကြောင်းတိုက်ခိုက်မှုကြောင့် လွိုင်လင်လေးမြို့နယ် ဒေါပါပါးကျေးရွာမှ ဒေသခံအချို့ ထိခိုက်သေဆုံး

ကယား(ကရင်နီ)ပြည်နယ် လွိုင်လင်လေးမြို့နယ် ဒေါပါပါးကျေးရွာသို့ လေကြောင်းမှပစ်ခတ်မှုကြောင့် ဒေသခံတစ်ဦးသေဆုံးကာ နှစ်ဦးဒဏ်ရာရရှိခဲ့ကြောင်း မြေပြင်သတင်းရင်းမြစ်များမှ သိရသည်။

10 Aug 2022

လေကြောင်းတိုက်ခိုက်မှုကြောင့် ဒေါပါပါးကျေးရွာသားများ ထွက်ပြေး တိမ်းရှောင်နေရစဉ်။ Photo - ကရင်နီအမျိုးသားကာကွယ်ရေးတပ်ဖွဲ့(KNDF)

DMG ၊ သြဂုတ် ၁၀

ကယား(ကရင်နီ)ပြည်နယ် လွိုင်လင်လေးမြို့နယ် ဒေါပါပါးကျေးရွာသို့ လေကြောင်းမှပစ်ခတ်မှုကြောင့် ဒေသခံတစ်ဦးသေဆုံးကာ နှစ်ဦးဒဏ်ရာရရှိခဲ့ကြောင်း မြေပြင်သတင်းရင်းမြစ်များမှ သိရသည်။

ယမန်နေ့ (သြဂုတ်လ ၉ ရက်) နံနက် ၁၁ နာရီခန့်တွင် မြန်မာစစ်တပ်မှ လေကြောင်းဖြင့်ပစ်ခတ်ခဲ့မှုကြောင့် ဒေါပါပါးကျေးရွာမှ အသက် ၅၀ ကျော်အရွယ် အမျိုးသားတစ်ဦးသေဆုံးခဲ့ပြီး အမျိုးသမီးနှစ်ဦးမှာ ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

ထိုပစ်ခတ်မှုအတွင်း စစ်ရှောင်ဆေးပေးခန်းတစ်ခုနှင့် နေအိမ်တစ်လုံးလည်း ထိခိုက်ပျက်စီးသွားခဲ့သည်ဟု ကျန်းမာရေးဝန်ထမ်းတစ်ဦးပြောသည်။

"ရွာထဲက အသက် ၅၀ နှစ်ကျော်အရွယ်ရှိတဲ့ ဒေသခံတစ်ဦးသေတယ်။ ကျန်အမျိုးသမီးနှစ်ဦးက ဒဏ်ရာရသွားတယ်။ လိုအပ်တဲ့ဆေးကုသမှုပေးထားပါတယ်"ဟု ၎င်းကဆိုသည်။

ထိုပစ်ခတ်မှုနှင့်အခြေအနေနှင့်ပတ်သက်၍ ဒေါပါပါးကျေးရွာသားတစ်ဦးက "မနက် ၁၁ နာရီလောက်မှာ ဂျက်တိုက်လေယာဉ်ဝဲလာတာ။ နောက်တော့ ရွာထဲကိုဗုံးကြဲတိုက်ခိုက်သွားတယ်။ သုံးကြိမ်လောက်ရှိမယ်"ဟု ပြောသည်။

လေကြောင်းတိုက်ခိုက်မှုကြောင့် ကျေးရွာအတွင်းရှိ စစ်ရှောင်စာသင်ကျောင်းအချို့ပိတ်ခဲ့ရပြီး စာသင်နေသည့်ကလေးများအပါအဝင် ဒေသခံတစ်ထောင်ကျော်မှာ နီးစပ်ရာတောတောင်များသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရကြောင်း ကရင်နီစစ်ရှောင်များကူညီရေးအဖွဲ့ထံမှ သိရသည်။

"ရုတ်တရက်ကြီး လေယာဉ်နဲ့ဗုံးကြဲခံရတာဆိုတော့ အကုန်လန့်ကုန်တယ်။ ရွာထဲမှာလည်း မနေရဲကြတော့ဘူး။ နီးစပ်ရာတောထဲကိုထွက်ပြေးကြရတယ်"ဟု ကရင်နီစစ်ရှောင်ကူညီရေးလုပ်ဆောင်သူတစ်ဦးကပြောသည်။

ထိုပစ်ခတ်မှုနှင့်ပတ်သက်ပြီး စစ်ကောင်စီမှ တစ်စုံတစ်ရာထုတ်ပြန်ပြောဆိုခြင်း မရှိသေးပေ။ ဒေါပါပါးကျေးရွာအတွင်း လေကြောင်းတိုက်ခိုက်မှုဖြစ်စဉ်နှင့်ပတ်သက်သည့် ရုပ်သံဖိုင်များမှာလည်း အွန်လိုင်းပေါ်တွင် ပျံနှံလျက်ရှိသည်။