လက်နက်ကြီးကျည်ထိ၍ ပြင်းထန်စွာဒဏ်ရာရရှိသွားသည့် ၈၆ နှစ်အရွယ်အဘိုးအိုသေဆုံး

လက်နက်ကြီးကျည်ထိမှန်၍ ဆေးကုသမှုခံယူနေသော ကျောက်တော်မြို့နယ်၊ ရွှေပြည်သစ်ကျေးရွာမှ အသက် ၈၆ နှစ်အရွယ် အဘိုးအိုမှာ နိုဝင်ဘာလ ၄ ရက်နေ့၊နေ့လယ် ၂ နာရီခန့်တွင် ဆေးရုံ၌သေဆုံးသွားကြောင်း သိရသည်။

By Admin 05 Nov 2022

လက်နက်ကြီးကျည်ထိ၍ ပြင်းထန်စွာဒဏ်ရာရရှိသွားသည့် ၈၆ နှစ်အရွယ်အဘိုးအိုသေဆုံး

လက်နက်ကြီးကျည်ထိမှန်၍ ပြင်းထန်ဒဏ်ရာဖြင့်သေဆုံးသွားသည့် အဘိုးအိုကို သယ်ဆောင်လာစဥ်။ ဓာတ်ပုံ-ပေးပို့

DMG | နိုဝင်ဘာ  ၅

လက်နက်ကြီးကျည်ထိမှန်၍ ဆေးကုသမှုခံယူနေသော ကျောက်တော်မြို့နယ်၊ရွှေပြည်သစ်ကျေးရွာမှ အသက် ၈၆ နှစ်အရွယ် အဘိုးအိုမှာ နိုဝင်ဘာလ ၄ ရက်နေ့၊နေ့လယ် ၂ နာရီခန့်တွင် ဆေးရုံ၌သေဆုံးသွားကြောင်း သိရသည်။

အဘိုးအို ဦးမောင်တူချေမှာ ယမန်နေ့ (နိုဝင်ဘာလ ၄ ရက်)၊နံနက် ၁၀ နာရီခန့်က လက်နက်ကြီးကျည်ထိမှန်ပြီး ဦးခေါင်းတွင် ပြင်းထန်စွာဒဏ်ရာရရှိသွားသဖြင့် ကျောက်တော်ဆေးရုံသို့ပို့ဆောင်ကာ ဆေးကုသမှုခံယူစဥ် သေဆုံးသွားခြင်းဟု လူမှုကူညီရေးပြုလုပ်နေသူတစ်ဦးက DMG သို့ပြောသည်။

" ဆေးရုံကိုရောက်ပြီးမှ သူ့ကိုဆေးကုသမှုတွေလုပ်ခဲ့ပါသေးတယ်။ဒါပေမဲ့ လူနာကဦးခေါင်းကိုပြင်းပြင်းထန်ထန်ထိထားတော့ အသက်ကယ်မရလိုက်ဘူး။အခုတော့ ကျနော်တို့နာရေးအသင်းကနေပြီး သင်္ဂြိုလ်ပေးဖို့လုပ်နေကြပါတယ်" ဟု၄င်းကဆိုသည်။

ယင်းအပြင် ယမန်နေ့က လက်နက်ကြီးကျည်ထိမှန်၍ လက်မောင်းပြတ်ထွက်လုနီးပါးဖြစ်သွားခဲ့သည့် ကျောက်တော်မြို့နယ်၊လက်ဆောင်ကောက်ကျေးရွာမှ မွတ်ဆလင်အမျိုးသားကိုလည်း ကျောက်တော်ဆေးရုံမှ တစ်ဆင့် စစ်တွေဆေးရုံသို့ ပို့ဆောင်လိုက်ရကြောင်း အထက်ပါပုဂ္ဂိုလ်က ဆက်ပြောသည်။

" သူကကျတော့ ညာဖက်လက်တံတောင်ဆစ်နားကနေပြတ်သွားတာဆိုတော့ ဒဏ်ရာကပြင်းတယ်။ဒါကြောင့် စစ်တွေကိုပို့လိုက်ရတာပါ။ ကျန်တဲ့လူနာတွေအကုန်လုံးကတော့ အသက်အန္တရာယ်စိုးရိမ်စရာမရှိတော့ပါဘူး" ဟု ၄င်းကဆိုသည်။

ယမန်နေ့၊နံနက်ပိုင်းက စစ်တွေမှ ကျောက်တော်ဖက်သို့ ကုလားတန်မြစ်ကြောင်းအတိုင်း တက်လာသည့် မြန်မာစစ်တပ် ဇက်ရေယာဉ် ၂စီးကို ကျောက်တော်မြို့ သကြားစက်ရုံအနီးအနားတွင် ရက္ခိုင့် တပ်တော် (AA)က လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ဒေသခံများ၏ ပြောဆိုချက်အရ သိရသည်။

ယင်းနောက် အဆိုပါ ဇက်ရေယာဉ်တို့မှ  ပြန်လှန်ပစ်ခတ်ရာတွင် ကျေးရွာများထဲသို့ လက်နက်ကြီးကျည်များကျရောက်ကာ အသက် ၈၆ နှစ်အရွယ် ဦးမောင်တူချေအပါအဝင် ဒေသခံလေးဦး သေဆုံးသွားပြီး ဒေသခံ ၁၈ ဦး ဒဏ်ရာရရှိသွားသည်။

ယခုကိစ္စနှင့်ပတ်သက်၍ ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်သူရနှင့် မြန်မာစစ်တပ် ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်ချုပ်ဇော်မင်းထွန်းတို့ကို ဖုန်းဆက်သွယ်ခဲ့သော်လည်း အဆက်သွယ်မရရှိခဲ့ပေ။ ထို့ပြင် AA ပြန်ကြားရေးတာဝန်ခံ ဦးခိုင်သုခကိုလည်း ဆက်သွယ်နေဆဲဖြစ်သည်။