- တွေ့ဆုံဆွေးနွေးမည်ဟု ပြောသော်လည်း စစ်တွေနှင့် ကျောက်ဖြူတွင် ပစ်ခတ်မှုများရှိနေ
- ဟောင်းနွမ်းငွေစက္ကူများကို မသုံးလျှင် အရေးယူမည်ဟု AA သတိပေးချက် လိုက်နာမှု အားနည်းနေ
- ရန်ကုန်တွင် လူအစုလိုက်အပြုံလိုက် ဖမ်းဆီးခံရမှု ရခိုင်လူငယ် ၂၀ ဦးထက်မနည်း ပါဝင်
- မြို့နယ် ၁၄ ခုသိမ်းပြီးနောက် နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန် အသင့်ရှိကြောင်း AA ထုတ်ပြန်
- တိုက်ပွဲဖြစ်ပွားမှုရှိလာ၍ စစ်တွေက မွတ်ဆလင်များ နေရပ်စွန့်ခွာ ထွက်ပြေး
လွိုင်ကော်တွင် လက်နက်ကြီးကျ၍ စစ်ရှောင်မိသားစုတစ်စုမှ မိဘနှစ်ဦးသေဆုံးပြီး ကလေးနှစ်ဦး ဒဏ်ရာရ
ကယား(ကရင်နီ)ပြည်နယ်၊ လွိုင်ကော်မြို့နယ်တွင် စစ်ဘေးရှောင်များနေထိုင်သည့် နေရာသို့ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲခဲ့မှုကြောင့် မိသားစုတစ်စုမှ မိဘနှစ်ပါးသေဆုံးသွားခဲ့ကာ ကလေးနှစ်ဦးမှာလည်း ဒဏ်ရာရရှိခဲ့ကြောင်း စစ်ရှောင်ကူညီရေး လုပ်ဆောင်နေသူများထံမှ သိရသည်။
26 Oct 2022
လက်နက်ကြီးကျည်ကျရောက်မှုကြောင့် စစ်ဘေးရှောင် ကလေးငယ်နှစ်ဦး ဒဏ်ရာရရှိခဲ့ပြီး မိဘနှစ်ဦး အသက်သေဆုံးခဲ့။ (ဓာတ်ပုံ - ကရင်နီပြည် စစ်ဘေးရှောင်ကူညီစောင့်ရှောက်ရေးကွန်ရက်)
DMG ၊ အောက်တိုဘာ ၂၆
ကယား(ကရင်နီ)ပြည်နယ်၊ လွိုင်ကော်မြို့နယ်တွင် စစ်ဘေးရှောင်များနေထိုင်သည့် နေရာသို့ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲခဲ့မှုကြောင့် မိသားစုတစ်စုမှ မိဘနှစ်ပါးသေဆုံးသွားခဲ့ကာ ကလေးနှစ်ဦးမှာလည်း ဒဏ်ရာရရှိခဲ့ကြောင်း စစ်ရှောင်ကူညီရေး လုပ်ဆောင်နေသူများထံမှ သိရသည်။
အောက်တိုဘာ ၂၄ ရက်နေ့ ည(၉)နာရီတွင် စစ်တပ်၏ မိုးဗြဲအခြေစိုက် ၄၂၂ တပ်မှ လက်နက်ကြီး ၃ လုံး ပစ်ခတ်ခဲ့သည်။ လက်နက်ကြီးကျည်တစ်လုံးမှာ စစ်ဘေးရှောင်မိသားစုတစ်စု နေထိုင်သည့် တောင်ယာတဲ အနီးတွင် ကျရောက်ပေါက်ကွဲခဲ့ကြောင်း စစ်ရှောင်စခန်း တာဝန်ရှိသူတစ်ဦးကပြောသည်။
“မိုးဗြဲ အခြေစိုက် (၄၂၂)တပ်သားတွေက လွိုင်ကော်မြို့ထဲက ရဲစခန်းမှာ တပ်စွဲထားတယ်။ အဲဒီကနေ သုံးချက်ပစ်ခတ်တာ၊ စစ်ရှောင်စခန်းထဲကို ထိသွားတယ်။ အဲမှာနေတဲ့ မိသားစုတဲပေါ်ကို မှန်သွားတယ်”ဟု ၎င်းကဆိုသည်။
ထိုသို့ လက်နက်ကြီးကျည်ထိမှန်မှုကြောင့် ကလေးငယ်နှစ်ဦး၏ ဖခင် အသက် ၃၅ နှစ်အရွယ်မှာ ဦးခေါင်းထိမှန်ဒဏ်ရာကြောင့် နေရာတွင်သေဆုံးခဲ့သည်။ မိခင်ဖြစ်သူ အသက် ၃၂ နှစ်အရွယ်မှာလည်း ဦးခေါင်း၊ ခြေထောက်နှင့် လက်တို့၌ အပြင်းအထန်ဒဏ်ရာရရှိခဲ့သဖြင့် လွိုင်ကော်ဆေးရုံ၌ ကုသမှုခံယူနေစဉ် (အောက်တိုဘာလ ၂၅ ရက်)က သေဆုံးခဲ့ကြောင်း ရွှေလွိုင်ကော် လူမှုကူညီရေးအသင်းထံမှ သိရသည်။
“စစ်ရှောင် ကလေးငယ်နှစ်ဦးကတော့ ခြေထောက်ပဲ ရှပ်ထိသွားတော့ မစိုးရိမ်ရဘူး။ အဖေဖြစ်သူက လက်နက်ကြီးကျည်မှန်ရင်း ခေါင်းထိသွားတဲ့အတွက် နေရာမှာပဲ ပွဲချင်းပြီးဆုံးသွားတယ်။ အမေဖြစ်သူကို လွိုင်ကော်ဆေးရုံကြီးပို့ပြီး ကုပေးနေတုန်း သွေးလွန်ပြီးတော့ ထပ်သေသွားတယ်။ ကလေးတွေအတွက်တော့ မိဘနှစ်ပါးစလုံး ဆုံးရှုံးသွားရတယ်”ဟု လူမှုကူညီရေးအသင်းဝင်တစ်ဦးက ပြောသည်။
ကျန်ရှိသည့် အသက် ၆ လအရွယ်နှင့် အသက် ၈ နှစ်အရွယ် ကလေးနှစ်ဦးမှာ ခြေထောက်ရှပ်ထိဒဏ်ရာများ ရရှိခဲ့သည်။
လက်ရှိတွင် မိဘနှစ်ပါးလုံး သေဆုံးသွားသဖြင့် အဆိုပါ ကလေးငယ်နှစ်ဦးကို လွိုင်ကော်စစ်ဘေးရှောင်စခန်းမှ တာဝန်ယူစောင့်ရှောက်ပေးထားကြောင်း ကရင်နီပြည် စစ်ဘေးရှောင်ကူညီစောင့်ရှောက်ရေးကွန်ရက်မှ သိရသည်။
“အခုကလေးတွေကို ဒဏ်ရာသက်သာအောင် ဆေးကုသပေးထားတယ်။ နောက်ကလေးတွေ စိတ်အားငယ်မှာ စိုးတဲ့အတွက် သူတို့ရဲ့ဆွေမျိုးတွေကို အကြောင်းကြားထားတယ်။ လောလောဆယ် စခန်းထဲမှာ စောင့်ရှောက်မှု ပေးထားပါတယ်”ဟု စစ်ဘေးရှောင်ကူညီစောင့်ရှောက်ရေးကွန်ရက် တာဝန်ရှိသူတစ်ဦးကပြောသည်။
လက်နက်ကြီးထိမှန် သေဆုံးဒဏ်ရာရခဲ့သည့် စစ်ဘေးရှောင်များမှာ လွိုင်ကော်မြို့ပေါ် တိုက်ပွဲများကြောင့် တောတောင်နှင့်နီးစပ်ရာ နေရာတွင် စစ်ဘေးတိမ်းရှောင်နေကြခြင်းဖြစ်သည်။
စစ်တပ်က လက်နက်ကြီးပစ်ခတ်မှုကြောင့် စစ်ဘေးရှောင်မိသားစုတစ်စု ထိခိုက်သေဆုံးခဲ့မှုအပေါ် စစ်ကောင်စီ ပြောခွင့်ရသူ ဗိုလ်ချုပ် ဇော်မင်းထွန်းထံ ဆက်သွယ်မေးမြန်းခဲ့သော်လည်း ဖုန်းလက်ခံဖြေကြားခြင်းမရှိပါ။
ယခု အောက်တိုဘာလအတွင်း လွိုင်ကော်နှင့် ဒီးမော့ဆိုမြို့နယ်ရှိ စစ်ရှောင်စခန်းများအတွင်းသို့ လက်နက်ကြီးကျည်ကျရောက်မှုကြောင့် ကလေးသုံးဦးအပါအဝင် ဒေသခံ(၅)ဦးအထိ ဒဏ်ရာရရှိခဲ့ပြီး သေဆုံးသူ ၃ ဦးအထိရှိခဲ့ကြောင်း ကရင်နီပြည် စစ်ဘေးရှောင်ကူညီစောင့်ရှောက်ရေးကွန်ရက်မှ သိရသည်။