မိုးဗြဲတွင် တိုက်ပွဲပြင်းထန်ပြီး မြို့ခံများ ထွက်ပြေးနေရ

ကရင်နီ(ကယား)ပြည်နယ် မိုးဗြဲမြို့တွင် ယမန်နေ့(စက်တင်ဘာ ၁၉)ရက် နံနက်ပိုင်းအချိန်မှစ၍ တိုက်ပွဲဖြစ်ပွားနေမှုကြောင့် မြို့ခံလူဦးရေ ၅၀၀၀ ခန့်မှာ ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသခံများထံမှ သိရသည်။

20 Sep 2022

မိုးဗြဲမြို့တိုက်ပွဲအတွင်း လက်နက်ကြီးကျရောက်မှုကြောင့် ပျက်စီးမှုများကို တွေ့ရစဉ်။ (ဓာတ်ပုံ- ကရင်နီစစ်ဘေးရှောင်ကူညီစောင့်ရှောက်ရေး ကွန်ရက်)

DMG ၊ စက်တင်ဘာ ၂၀

ကရင်နီ(ကယား)ပြည်နယ် မိုးဗြဲမြို့တွင် ယမန်နေ့(စက်တင်ဘာ ၁၉)ရက် နံနက်ပိုင်းအချိန်မှစ၍ တိုက်ပွဲဖြစ်ပွားနေမှုကြောင့် မြို့ခံလူဦးရေ ၅၀၀၀ ခန့်မှာ ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသခံများထံမှ သိရသည်။

ယမန်နေ့ နံနက် ၁ နာရီအချိန်တွင် စစ်ကောင်စီတပ်အင်အား ၄၀၀ ခန့်မှ သံချပ်ကာအမြောက်ကား ၁၀ စီးနှင့် လက်နက်ကြီးပစ်ကူများဖြင့် မိုးဗြဲမြို့အတွင်းသို့ချီတက်လာမှုကြောင့် KNDF ပူးပေါင်းအဖွဲ့နှင့် တစ်နေ့လုံးနီးပါးကြာ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း KNDF သတင်းရင်းမြစ်တစ်ဦးကပြောသည်။

“စစ်ကောင်စီတပ်တွေ အင်အားအရမ်းများတယ်။ သံချပ်ကာ အမြောက်ကားတွေနဲ့ မြို့ထဲကို စစ်ကြောင်းနှစ်ခုခွဲပြီး ဝင်လာခဲ့တာ။ အဲဒီမှာ အပြန်အလှန် မနက် ၁ နာရီကနေ ညနေ ၆ နာရီ အထိ တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်”ဟု ၎င်းကဆိုသည်။

ယင်းသို့ နှစ်ဖက်တိုက်ပွဲပြင်းထန်ခဲ့ပြီး လက်နက်ကြီးကျရောက်မှုများကြောင့် မိုးဗြဲမြို့တွင်းနေအိမ် ၁၀၀ ကျော်ပျက်စီးခဲ့ကာ မြို့ခံ ၅၀၀၀ ကျော်မှာ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရကြောင်း စစ်ရှောင်ကူညီရေးလုပ်ဆောင်သူများထံမှ သိရသည်။

စစ်ရှောင်ကူညီရေးလုပ်ဆောင်သူတစ်ဦးက “မြို့ထဲမှာ လုံးဝကို နေလို့မရတော့ဘူး။ စစ်တပ်က လက်နက်ကြီးနဲ့ တရစပ်ပစ်တာ။ တနေကုန်တိုက်ပွဲဖြစ်တော့ မြို့ပြင်နဲ့နီးတဲ့ ရပ်ကွက်သုံးခုဆို ဒေသခံတွေ အကုန်ထွက်ပြေးရတယ်။ မြို့တွင်းမှာဆိုရင်လည်း လူမရှိသလောက်ကိုဖြစ်နေတယ်။ လောလောဆယ် သူတို့တွေအနေနဲ့ နီးစပ်ရာတောတောင်နဲ့ စစ်ရှောင်စခန်းတွေကို ပြေးကြရတာတွေရှိတယ်”ဟု ပြောသည်။

ထို့အပြင် မိုးဗြဲမြို့ရှိ စက်တော်ရာဘုန်းကြီးကျောင်းနှင့် မွေတော်ဘုန်းကြီးကျောင်းတို့တွင်ခိုလှုံနေသည့် ဒေသခံ(၁၀၀) ခန့်ကို စစ်ကောင်စီက ဖမ်းဆီးထိန်းသိမ်းထားကြောင်းလည်း သတင်းရင်းမြစ်တစ်ဦးကပြောသည်။

KNDF ပူးပေါင်းအဖွဲ့ဝင်တစ်ဦးက “မနေ့ကတည်းက ရွာသား ၁၀၀ ကို ဘုန်းကြီးကျောင်းနှစ်ခုမှာ ဖမ်းဆီးထိန်းသိမ်းခံထားရပါတယ်။ အခုအထိ မလွတ်သေးဘူး။ ဒီနေ့ မနက်အစောပိုင်းမှာ တိုက်ပွဲပြန်စလာတယ်”ဟု ပြောသည်။

မိုးဗြဲမြို့အတွင်း ပြီးခဲ့သည့်စက်တင်ဘာလ ၈ ရက်မှ ၁၂ ရက်အထိ ငါးရက်ကြာ တိုက်ပွဲပြင်းထန်ခဲ့မှုကြောင့် ကလေးငယ်တစ်ဦးသေဆုံးခဲ့ပြီး ဒေသခံလေးဦး အပြင်းအထန်ဒဏ်ရာရရှိခဲ့သည်။

ထို့အပြင် စက်တင်ဘာလ ၁၆ ရက်နေ့ကလည်း စစ်ဘေးရှောင်များခိုလှုံနေကြသည့် မွေတော်ဘုရားဘုန်းကြီးကျောင်းထဲသို့ စစ်တပ်၏ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် ကလေးငယ်နှစ်ဦးအပါအဝင် ဒေသခံလေးဦးသေဆုံးခဲ့ပြီး (၉)ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း စစ်ရှောင်ကူညီရေးအဖွဲ့များထံမှ သိရသည်။