- တွေ့ဆုံဆွေးနွေးမည်ဟု ပြောသော်လည်း စစ်တွေနှင့် ကျောက်ဖြူတွင် ပစ်ခတ်မှုများရှိနေ
- ဟောင်းနွမ်းငွေစက္ကူများကို မသုံးလျှင် အရေးယူမည်ဟု AA သတိပေးချက် လိုက်နာမှု အားနည်းနေ
- ရန်ကုန်တွင် လူအစုလိုက်အပြုံလိုက် ဖမ်းဆီးခံရမှု ရခိုင်လူငယ် ၂၀ ဦးထက်မနည်း ပါဝင်
- မြို့နယ် ၁၄ ခုသိမ်းပြီးနောက် နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန် အသင့်ရှိကြောင်း AA ထုတ်ပြန်
- တိုက်ပွဲဖြစ်ပွားမှုရှိလာ၍ စစ်တွေက မွတ်ဆလင်များ နေရပ်စွန့်ခွာ ထွက်ပြေး
NGO၊ INGO များ၏ ခရီးသွားလာခွင့် ကန့်သတ်ခံထားရမှုကြောင့် မောင်တောဒေသခံများ ရိက္ခာထောက်ပံ့မှု ရရှိရေးခက်ခဲနေ
ရခိုင်ပြည်အတွင်း ကူညီထောက်ပံ့ရေးလုပ်ငန်းများ ဆောင်ရွက်နေသည့် NGO၊ INGO အဖွဲ့အစည်းများကို မောင်တောဒေသနှင့် အခြားနေရာများသို့ ခရီးသွားလာခွင့် ယာယီကန့်သတ်ထားခြင်းကြောင့် မောင်တောမြောက်ပိုင်းဒေသခံများမှာ စားနပ်ရိက္ခာထောက်ပံ့မှုရရှိရေး အခက်အခဲများနှင့်ရင်ဆိုင်နေရကြောင်း သတင်းရရှိသည်။
27 Jul 2022
DMG ၊ ဇူလိုင် ၂၇
ရခိုင်ပြည်အတွင်း ကူညီထောက်ပံ့ရေးလုပ်ငန်းများ ဆောင်ရွက်နေသည့် NGO၊ INGO အဖွဲ့အစည်းများကို မောင်တောဒေသနှင့် အခြားနေရာများသို့ ခရီးသွားလာခွင့် ယာယီကန့်သတ်ထားခြင်းကြောင့် မောင်တောမြောက်ပိုင်းဒေသခံများမှာ စားနပ်ရိက္ခာထောက်ပံ့မှုရရှိရေး အခက်အခဲများနှင့်ရင်ဆိုင်နေရကြောင်း သတင်းရရှိသည်။
ဇူလိုင်လ ၁၆ ရက်နေ့မှစတင်ကာ ကူညီထောက်ပံ့ရေးလုပ်ငန်းများ ဆောင်ရွက်ပေးနေသည့် အဖွဲ့အစည်းများအား ခရီးသွားလာခွင့် ယာယီကန့်သတ်ထားသောကြောင့် မောင်တောမြောက်ပိုင်း ဒေသခံများမှာ ရိက္ခာထောက်ပံ့မှုမရရှိဖြစ်နေပြီး စားသောက်ရေးအတွက် အခက်အခဲများရှိနေကြောင်း ဒေသခံများကပြောဆိုကြသည်။
“တော်တော် အခက်အခဲဖြစ်နေတာပါ။ အခုက ဆန်၊ ဆီ၊ ဆား၊ ကြက်သွန် ထောက်ပံ့ပေးမှုတွေလည်း လုံးဝမရဖြစ်နေတယ်။ ထောက်ပံ့ပေးမယ့်သူတွေရှိရင်တောင် ကြိမ်ချောင်းဂိတ်က ဖြတ်သန်းခွင့်မပေးတော့ ကျနော်တို့လည်း ဘာထောက်ပံ့မှုမှ မရတော့ဘူးပေါ့။ အလုပ်အကိုင်တွေကလည်း ကြပ်တည်းနေချိန်ဆိုတော့ စားသောက်ရေးအတွက် တော်တော်ခက်ခဲနေပါတယ်”ဟု မောင်တောမြို့နယ် မင်္ဂလာညွှန့်ကျေးရွာတာဝန်ခံ ဦးမောင်ထွန်းစိန်ကပြောသည်။
ပြီးခဲ့သည့် ၂၀၁၇ မောင်တောဒေသ ပဋိပက္ခကြောင့် ဒုက္ခရောက်ခဲ့ကြရသည့် မောင်တောမြောက်ပိုင်းရှိ ကျေးရွာများမှ ဒေသခံများကို ကမ္ဘာ့စားနပ်ရိက္ခာထောက်ပံ့ရေး(WFP)မှ ဆန်၊ ဆီ၊ ဆား၊ ဆပ်ပြာနှင့် ကလေးအာဟာရမှုန့်များ ထောက်ပံ့ပေးနေခြင်း ဖြစ်သည်။
ယခုအခါ ထိုသို့ထောက်ပံ့ပေးနေသည့် အဖွဲ့အစည်းများမှာ ခရီးသွားလာခွင့် ယာယီကန့်သတ်ထားရပြီး အထောက်အပံ့များ ပို့ဆောင်ပေးနိုင်ခြင်းမရှိသောကြောင့် လက်ရှိတွင် မောင်တောဒေသခံများမှာ စားနပ်ရိက္ခာထောက်ပံ့မှုအကူအညီများ လိုအပ်နေကြောင်း မောင်တောမြောက်ပိုင်း မြဝတီကျေးရွာမှ မသန်းသန်းဝင်းက DMG သို့ပြောသည်။
“အခက်အခဲတွေကတော့ ဘယ်လိုပြောရမလဲတောင် မသိတော့ပါဘူး။ လမ်းပန်းဆက်သွယ်ရေးတွေ ပိတ်ထားတဲ့အတွက် WFP ကလည်း အထောက်အပံ့တွေမရတော့ပါဘူး။ အရင်ကဆို ဆန်၊ ဆီ၊ ဆားထောက်ပံ့မှုတွေရတယ်။ ကလေးရှိရင် ကလေးအတွက် အာဟာရမှုန့်တွေလည်းရပါတယ်။ လမ်းတွေပိတ်တော့ ကားတွေလည်းသွားမရတော့ဘူး။ ထောက်ပံ့မှုတွေလည်း လုံးဝမရတော့ဘူး”ဟု ၎င်းကပြောသည်။
လုံခြုံရေးအရဟုဆိုကာ ရခိုင်ဒေသအတွင်း ဒေသဖွံဖြိုးရေးနှင့် လူသားချင်းစာနာထောက်ပံ့ပေးရေး လုပ်ဆောင်နေသည့် ပြည်တွင်း၊ ပြည်ပအဖွဲ့အစည်းများ၏ ခရီးသွားလာခွင့်ကို ပြီးခဲ့သည့် ဇူလိုင်လ ၁၆ ရက်နေ့မှစတင်ကာ ယာယီကန့်သတ်လိုက်ခြင်းဖြစ်သည်။
ထိုသို့အဖွဲ့အစည်းများအား ခရီးသွားလာခွင့် ယာယီကန့်သတ်ထားမှုကို မည်သည့်အချိန်တွင် ပြန်လည်ဖြေလျော့ပေးမည်နှင့် မည့်သည့်အချိန်တွင် ထောက်ပံ့မှုများ ပြန်လည်ပြုလုပ်နိုင်မည်ကို ရခိုင်ပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်သူရကို DMG မှ ဆက်သွယ်မေးမြန်းခဲ့ရာ ဖုန်းလက်ခံဖြေကြားခြင်း မရှိပေ။
ရခိုင်ပြည်နယ်တွင် မြန်မာစစ်တပ်နှင့် AA တို့မှာ အပစ်အခက်ရပ်နားထားသည်ဟု ဆိုသော်လည်း နှစ်ဘက်တပ်များမှာ ကြိုကြားထိတိုက်တွေ့မှုများရှိနေသဖြင့် တိုက်ပွဲဖြစ်ပွားမှု အနည်းငယ်ရှိနေသည်။
အလားတူ ပြီးခဲ့သည့်ဇွန်လနှင့် ယခုဇူလိုင်လအတွင်းတွင်လည်း မြန်မာစစ်တပ် တပ်ဖွဲ့ဝင်နှင့် ဆက်နွယ်သူ ၁၄ ဦးထက်မနည်းကို AA က ဖမ်းဆီးခဲ့ပြီး မြန်မာစစ်တပ်ဘက်ကလည်း ဒေသခံ ၅၀ ဦးထက်မနည်းကို ဖမ်းဆီးခဲ့မှုကြောင့် နှစ်ဖက်စစ်ရေးတင်းမာမှုတို့ ရှိလာနေသည်။