အများပြည်သူအပန်းဖြေရာနေရာ BXT ဆိပ်ကမ်းတွင် ဆေးဘက်ဆိုင်ရာသုံးပစ္စည်းများ လာရောက်စွန့်ပစ်မှုများရှိနေ

စစ်တွေမြို့ မိဇံရပ်ကွက်ရှိ ပြည်သူများသွားရောက်အပန်းဖြေရာနေရာတစ်ခုဖြစ်သည့် BXT ဆိပ်ကမ်း (ခေါ်) ကိုရီးယားဆိပ်ကမ်းတွင် ဆေးဘက်ဆိုင်ရာသုံးပစ္စည်းများ လာရောက်ရောက်စွန့်ပစ်ထားကြောင်း DMG က တွေ့ရရှိသည်။

08 Oct 2021

BXT ဆိပ်ကမ်းတွင် တွေ့ရှိရသော ဆေးဘက်ဆိုင်ရာသုံးပစ္စည်းများ

DMG | အောက်တိုဘာ ၈

စစ်တွေမြို့ မိဇံရပ်ကွက်ရှိ ပြည်သူများသွားရောက်အပန်းဖြေရာနေရာတစ်ခုဖြစ်သည့် BXT ဆိပ်ကမ်း (ခေါ်) ကိုရီးယားဆိပ်ကမ်းတွင် ဆေးဘက်ဆိုင်ရာသုံးပစ္စည်းများ လာရောက်ရောက်စွန့်ပစ်ထားကြောင်း DMG က တွေ့ရရှိသည်။

အဆိုပါ ဆေးဘက်ဆိုင်ရာ စွန့်ပစ်ပစ္စည်းများကို ယမန်နေ့ ညနေပိုင်းတွင် စတင်တွေ့ရှိခဲ့ပြီး ယခုအချိန်အထိ ရှိနေသေးကာ Expire ဖြစ်နေသည့် Plain test tube များ၊ ကွန်ဒုံးထုပ်များ၊ Aphaw Gel ဗူးများလည်း ပါဝင်နေသည်ကို တွေ့ရှိခဲ့ရသည်။

အဆိုပါအနီးအနားတွင် ဈေးဆိုင်ရောင်းချနေသူတစ်ဦးက “ ရှိနေတာတော့တွေ့တယ်။ ဘယ်သူ လာပစ်သွားတယ်ဆိုတာကိုတော့ သတိမထားမိတဲ့အတွက် မတွေ့လိုက်မိဘူး”ဟု ဆိုသည်။

လက်ရှိတွင် အဆိုပါစွန့်ပစ္စည်းများမှာ ကမ်းနားရှိ ကွန်ကရစ်လမ်းတွင် ပြန့်ကြဲမှုများရှိနေပြီး အချို့ဆေးပုလင်းများမှာ ကွဲကြေလျှက်ရှိနေသည်။

အဆိုပါဆိပ်ကမ်းတွင် လာရောက်အပန်းဖြေသူများ၊ အနီးနားတွင်နေထိုင်သူများ၏ စွန့်ပစ်ပစ္စည်းများကြောင့် အမှိုက်များဖြင့် ရှုပ်ပွနေလေ့ရှိသော်လည်း ယခုကဲ့သို့ ဆေးဘက်ဆိုင်ရာပစ္စည်းများကို လာရောက်စွန့်ပစ်သည်မှာ မပြုလုပ်သင့်သည့် ကိစ္စဖြစ်ကြောင်း Green Sittwe အဖွဲ့မှ Founder ဖြစ်သူ မလှမိုးတာရာလှိုင်က ဆိုသည်။

“ဒီနေ့ရာက လူတွေအပန်းဖြေတဲ့နေရာတစ်ခုလို သွားကြတဲ့နေရာတစ်ခုဖြစ်တယ်။ အခုလို ဆေးဘက်ဆိုင်ရာတွေကိုလာပြီး စွန့်ပစ်တာ ပုံတာမျိုးကတော့ မသင့်တော်ပါဘူး။ ဒါတွေကို ဘယ်နေရာတွေမှာ စွန့်ပစ်မလဲဆိုတာကို စနစ်တကျ လုပ်ပေးထားသင့်ပါတယ်။ ဒါကတော့ အုပ်ချုပ်ရေးပိုင်းဆိုင်ရာကလည်း လုပ်ပေးသင့်ပါတယ်” ဟု သူကဆိုသည်။

ဆေးဘက်ဆိုင်ရာ စွန့်ပစ်ပစ္စည်းများကို မည်သို့ စွန့်ပစ်ရန်ညွှန်ကြားထားသည်ကို စစ်တွေမြို့နယ် စည်ပင်သာယာရေးကော်မတီ အမှုဆောင်အရာရှိဖြစ်သူ ဒေါ်ခင်ခင်စိုးကို DMG မှ ဆက်သွယ်ခဲ့သော်လည်း အလုပ်များနေသဖြင့် သတင်းများနှင့်ပတ်သက်၍ မဖြေကြားနိုင်သေးကြောင်း ပြန်လည်ဖြေကြားခဲ့သည်။

အဆိုပါ BXT ဆိပ်ကမ်းတွင် အမှိုက်များ စည်းကမ်းမဲ့စွာ စွန့်ပစ်မှုများရှိနေသဖြင့် အရပ်ဘက်အဖွဲ့အစည်းများမှ မကြာခဏဆိုသကဲ့သို့ အမှိုက်လိုက်လံကောက်ယူမှုပေးရမှုများ ရှိနေသည်။