- တွေ့ဆုံဆွေးနွေးမည်ဟု ပြောသော်လည်း စစ်တွေနှင့် ကျောက်ဖြူတွင် ပစ်ခတ်မှုများရှိနေ
- ဟောင်းနွမ်းငွေစက္ကူများကို မသုံးလျှင် အရေးယူမည်ဟု AA သတိပေးချက် လိုက်နာမှု အားနည်းနေ
- ရန်ကုန်တွင် လူအစုလိုက်အပြုံလိုက် ဖမ်းဆီးခံရမှု ရခိုင်လူငယ် ၂၀ ဦးထက်မနည်း ပါဝင်
- မြို့နယ် ၁၄ ခုသိမ်းပြီးနောက် နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန် အသင့်ရှိကြောင်း AA ထုတ်ပြန်
- တိုက်ပွဲဖြစ်ပွားမှုရှိလာ၍ စစ်တွေက မွတ်ဆလင်များ နေရပ်စွန့်ခွာ ထွက်ပြေး
မွတ်ဆလင်များအပေါ် မြန်မာစစ်တပ်က“လူမျိုးတုံးသတ်ဖြတ်မှု”ကျူးလွန်ခဲ့ကြောင်း အမေရိကန်ပြောဆိုချက်အပေါ် စစ်ကောင်စီငြင်းဆို
မြန်မာနိုင်ငံမှ ထွက်ပြေးသွားခဲ့ရသည့် မွတ်ဆလင်များအား မြန်မာစစ်တပ်၏ အကြမ်းဖက်မှုသည် လူမျိုးတုံးသတ်ဖြတ်မှုနှင့် လူသားမျိုးနွယ်အပေါ်ကျူးလွန်သော ရာဇဝတ်မှုမြောက်ကြောင်း အမေရိကန်အစိုးရ၏ဆုံးဖြတ်ချက်အပေါ် စစ်ကောင်စီကငြင်းဆိုသည်။
25 Mar 2022
DMG ၊ မတ် ၂၅
မြန်မာနိုင်ငံမှ ထွက်ပြေးသွားခဲ့ရသည့် မွတ်ဆလင်များအား မြန်မာစစ်တပ်၏ အကြမ်းဖက်မှုသည် လူမျိုးတုံးသတ်ဖြတ်မှုနှင့် လူသားမျိုးနွယ်အပေါ်ကျူးလွန်သော ရာဇဝတ်မှုမြောက်ကြောင်း အမေရိကန်အစိုးရ၏ဆုံးဖြတ်ချက်အပေါ် စစ်ကောင်စီကငြင်းဆိုသည်။
ယမန်နေ့(မတ်လ ၂၄ ရက်)က နေပြည်တော်၌ပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲတွင် မွတ်ဆလင်ကိစ္စမှာ လူမျိုးတုံးသတ်ဖြတ်မှုမဟုတ်ဘဲ စစ်သည်တစ်ဦးချင်း၊တစ်ဖွဲ့ချင်း မှားယွင်းမှုသာရှိနိုင်သည်ဟု စစ်ကောင်စီပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောဆိုခဲ့သည်။
“တပ်မတော်အနေနဲ့က လူမျိုးတုန်းသတ်ဖြတ်ခဲ့တာ မရှိဘူး။ ရှိစရာလည်းအကြောင်းမရှိဘူး။ သို့သော် တာဝန်ထမ်းဆောင်တဲ့ နေရာမှာ စစ်သည်တစ်ဦးချင်းအနေနဲ့ အစုအဖွဲ့ငယ်နဲ့ မှားယွင်းတာမျိုး ရှိကောင်းရှိနိုင်တယ်။ ဒါနဲ့ပတ်သက်ပြီးလည်း တရားဥပဒေအရ အရေးယူဆောင်ရွက်ပြီးဖြစ်တယ်။ စုံစမ်းစစ်ဆေးပြီးလည်းဖြစ်ပါတယ်”ဟု ၎င်းကဆိုသည်။
မြန်မာနိုင်ငံတွင် ၂၀၁၇ ခုနှစ်က မြန်မာစစ်တပ်၏ နယ်မြေရှင်းလင်းရေးလုပ်ရပ်များကြောင့် မွတ်ဆလင် ၇၃၀၀၀၀ ထက်မနည်းသည် အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်သို့ ထွက်ပြေးခဲ့ရသည်။
မြန်မာစစ်တပ်၏ အစုအပြုံလိုက်သတ်ဖြတ်မှု၊ ကျေးရွာများကိုမီးရှို့ဖျက်ဆီးမှု၊ လူအမြောက်အများကို ဒေသအတွင်းမနေနိုင်အောင်မောင်းထုတ်ခဲ့မှုများမှာ ဂျီနိုဆိုက်ဟုခေါ်သည့် လူမျိုးတုံးသတ်ဖြတ်မှုနှင့် လူသားမျိုးနွယ်အပေါ်ကျူးလွန်ခဲ့သည့် ရာဇဝတ်မှုမြောက်ကြောင်း အမေရိကန်အစိုးရအဖွဲ့က မတ်လ ၂၂ ရက်နေ့တွင် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။
ယခုသတ်မှတ်ခဲ့သော လူမျိုးတုံးသတ်ဖြတ်မှုနှင့် လူသားမျိုးနွယ်အပေါ်ကျူးလွန်သည့် ရာဇဝတ်မှုများသည် မွတ်ဆလင်များအပေါ်ကျူးလွန်မှုများအတွက် အဓိကသတ်မှတ်ခြင်းဖြစ်သည်။
အခြားသော လူနည်းစုတိုင်းရင်းသားများနှင့် ဘာသာခြားများအပေါ်တွင်လည်း ဆယ်စုနှစ်ပေါင်းများစွာ မြန်မာစစ်တပ်ကကျူးလွန်ခဲ့သော သတ်ဖြတ်မှုများ၊ အဓမ္မပြုကျင့်မှုနှင့် အခြားကြမ်းကြုတ်ရက်စက်မှုများကို အသိအမှတ်ပြုရန်လည်းအရေးကြီးသည်ဟု အမေရိကန်သံရုံးက ထုတ်ပြန်ထားသည်။
ထိုသို့ အမေရိကန်၏ ကြေညာချက်နှင့်ပတ်သက်ပြီး ဂရုစိုက်နေမည်မဟုတ်ဟု စစ်ကောင်စီပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောဆိုသည်။
“ကျနော်တို့ လုပ်ရိုးအတိုင်းလုပ်မှာ။ ကန့်ကွက်စရာရှိတာ ကန့်ကွက်မယ်။ ရပ်တည်စရာရှိတာ ရပ်တည်မယ်။ သွားပြီးဂရုစိုက်နေမယ်ဆို လုပ်စရာအလုပ်တောင်ရှိမှာမဟုတ်ဘူး။ ကျနော်တိုပြည်တွင်းအင်အားကို ခိုင်မာအောင်လုပ်မယ်။ ပြည်တွင်းအင်အားတည်ဆောက်မယ်။ ဒါနဲ့ဖွံဖြိုးတိုးတက်ရေးလုပ်ငန်းတွေ ဆက်လက်ဆောင်ရွက်သွားမယ်”ဟု ၎င်းကဆိုသည်။
ထိုကိစ္စနှင့်ပတ်သက်ပြီး အမေရိကန်ပြောဆိုချက်မှာ ခိုင်လုံသည့်အထောက်အထားများရှိသဖြင့် ဂျီနိုဆိုက် ပြောဆိုခြင်းဟု မွတ်ဆလင်အသိုင်းအဝိုင်းက မှတ်ချက်ပေးကြသည်။
မွတ်ဆလင် ဘာသာပြန်စာရေးဆရာ ဦးအောင်ခင်က “ပြစ်မှုတစ်ခု၊ ရာဇဝတ်မှုတစ်ခုပေါ်ပေါက်လာရင် သာမန်ရာဇဝတ်မှုတစ်ခုတောင်မှ တစ်ခုခုနဲ့စွဲချက်တင်တယ်ဆိုရင် စွဲချက်တင်ခံရတဲ့သူက ကျနော်အပြစ်ရှိပါတယ်လို့ လွယ်လွယ်ကူကူနဲ့ပြောတာ မဟုတ်ဘူးလေ။ စွဲချက်တင်တဲ့သူမှာလည်း ခိုင်လုံတဲ့အထောက်အထားရှိလို့လေ”ဟု DMG ကိုပြောသည်။
အဆိုပါမွတ်ဆလင်ကိစ္စကို တစ်ကမ္ဘာလုံးက သက်သေအထောက်ထားများဖြင့် ယုံကြည်ထားကြသည့်အတွက် စစ်ကောင်စီဘက်မှငြင်းဆိုမှုမှာ အခြေအမြစ်မရှိဖြစ်နေကြောင်း၊ ယခုလိုငြင်းဆိုခြင်းထက် အမှန်တရားကိုလက်ခံပြီး ရင်ဆိုင်ဖြေရှင်းမှ အဆင်ပြေမည်ဖြစ်ကြောင်း စစ်တွေမြို့တွင်နေထိုင်သည့် လုံခြုံရေးအရအမည်မဖော်လိုသူ မွတ်ဆလင်တစ်ဦးက DMG ကိုပြောသည်။
“တပ်မတော်က ကျူးလွန်မှုမရှိဆိုတာက အခြေအမြစ်မရှိဘူး။ဘာလို့ဆိုတော့ ရခိုင်ပြည်မှာ လူမျိုးတုံးသတ်ဖြတ်မှုဖြစ်ခဲ့တယ်။ ဥပဒေပညာရှင်တွေ၊ လေ့လာဆန်းစစ်တဲ့သူတွေ၊ နိုင်ငံတကာ ပညာရှင်တွေ အကုန်သိကြတယ်။ ဘာပဲဖြစ်ဖြစ် ကိုယ်စွပ်စွဲခံရတယ်ဆို ကိုယ့်မှာအပြစ်ရှိပါစေ၊ မရှိပါစေ ငြင်းဆိုမှာပဲ။ တကယ်က ရခိုင်ပြည်မှာ လူမျိုးတုံးသတ်ဖြတ်မှုဖြစ်ခဲ့တယ်”ဟု ဆိုသည်။
လက်ရှိတွင် မြန်မာနိုင်ငံမှ မွတ်ဆလင်များအပေါ် မြန်မာစစ်တပ်က လူမျိုးတုံးသတ်ဖြတ်မှုမျိုးကျူးလွန်ခဲ့သည်ဟုဆိုကာ ဂမ်ဘီယာနိုင်ငံက ICJ တွင် မြန်မာကို တရားစွဲဆိုထားသည်။