မွတ်ဆလင်များ ပြန်လည်လက်ခံရေး စက်တင်ဘာလကုန်တွင် ပြန်လည်စတင်ရန် စစ်ကောင်စီပြင်ဆင်နေ

ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးသွားသည့် မွတ်ဆလင်များကို လာမည့်စက်တင်ဘာလကုန်တွင် ပြန်လည်လက်ခံရန် ပြင်ဆင်ထားကြောင်း ရခိုင်ပြည်နယ်စစ်ကောင်စီ၏ ပြောခွင့်ရပုဂ္ဂိုလ် ဦးလှသိန်းက ၎င်း၏လူမှုကွန်ရက်စာမျက်နှာတွင် အသိပေးရေးသားထားသည်။

31 Jul 2022

ဘင်္ဂလား‌ဒေ့ရှ်နိုင်ငံရှိ မွတ်ဆလင်ဒုက္ခသည်စခန်းတစ်ခုကိုတွေ့ရစဉ်။ ဓာတ်ပုံ- AFP

DMG ၊ ဇူလိုင် ၃၁

ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးသွားသည့် မွတ်ဆလင်များကို လာမည့်စက်တင်ဘာလကုန်တွင် ပြန်လည်လက်ခံရန် ပြင်ဆင်ထားကြောင်း ရခိုင်ပြည်နယ်စစ်ကောင်စီ၏ ပြောခွင့်ရပုဂ္ဂိုလ် ဦးလှသိန်းက ၎င်း၏လူမှုကွန်ရက်စာမျက်နှာတွင် အသိပေးရေးသားထားသည်။

၂၀၁၇ ခုနှစ်က မြန်မာစစ်တပ်၏ နယ်မြေရှင်းလင်းမှုကြောင့် မောင်တောဒေသမှ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ထွက်ပြေးသွားသည့် မွတ်ဆလင်များကို နှစ်နိုင်ငံသဘောတူညီချက်ဖြင့် ပြန်လည်လက်ခံရန် ပြင်ဆင်နေခြင်းဖြစ်သည်။

ထိုသို့ပြန်ဝင်လာမည့်သူများကို ကိုဗစ်ရောဂါပိုးရှိ၊မရှိ စစ်ဆေးနိုင်ရန်အတွက် စစ်ဆေးမည့်စက်ကို ကားတွင်အဆင်သင့်တပ်ဆင်ပြီးသားဟု ဦးလှသိန်းက ဇူလိုင်လ ၂၉ ရက်နေ့တွင် ရေးသားထားသည်။

စစ်ကောင်စီအနေဖြင့် မွတ်ဆလင်များကို ပြန်လည်လက်ခံရန်ပြင်ဆင်နေသော်လည်း ပြန်ဝင်လာမည့်အခြေအနေမှာ မဖြစ်နိုင်ကြောင်း မောင်တောမြို့နယ်မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးမောင်အုန်းကသုံးသပ်သည်။

“သူတို့က အားလုံးလာချင်မှလည်း လာနိုင်လိမ့်မယ်။ ထိုမှာကလည်း ARSA ခြိမ်းခြောက်မှုတွေရှိတယ်လို့ သတင်းရတယ်။ ထင်သလောက် လာနိုင်ဖို့မထင်ဘူး။ သူတို့မှာက ဝင်လာမယ်ဆိုရင် ရိုဟင်ဂျာအဖြစ် သတ်မှတ်ပေးရမယ်။ မှတ်ပုံတင်တွေ ထုတ်ပေးရမယ်။ အဲဖက်က ဒုက္ခသည်တွေ တောင်းဆိုထားတာတွေရှိတယ်လေ။ အခုပုံစံမျိုးက ဝင်လာနိုင်ဖို့အခြေအနေတော့မမြင်ဘူး“ဟု ၎င်းကဆိုသည်။

၂၀၁၇ ခုနှစ်က မောင်တောဒေသတွင် ARSA အဖွဲ့သည် ရဲကင်းစခန်းများကို တိုက်ခိုက်မှုပြုလုပ်ခဲ့ပြီးနောက် မြန်မာစစ်တပ်က နယ်မြေရှင်းလင်းရာတွင် မွတ်ဆလင်(၇)သိန်းကျော်ခန့် ဘင်္ဂလားဒေ့ရှ်သို့ ထွက်ပြေးသွားရသည်ဟု နိုင်ငံတကာအဖွဲ့အစည်းများက ပြောဆိုထားသည်။

ထွက်ပြေးသွားသော မွတ်ဆလင်များကို ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်သော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)လက်ထက်ကလည်း ပြန်လည်လက်ခံရေးအတွက် အကြိမ်ကြိမ်ကြိုးပမ်းခဲ့သော်လည်း အောင်မြင်မှုမရှိခဲ့ပေ။ လက်ရှိတွင်လည်း စစ်ကောင်စီက မွတ်ဆလင်များကို ပြန်လည်လက်ခံရေးအတွက် အရှိန်ဟုန်မြှင့်တင်ကာ ကြိုးပမ်းနေသည်ကိုတွေ့ရသည်။

ကနဦးအနေဖြင့် မွတ်ဆလင် ၇၀၀ ကို ပြန်လည်ခေါ်ယူရန်စီစဉ်နေပြီး တစ်ပတ်လျှင် ၁၅၀ ဦးလက်ခံရန် ပြင်ဆင်ထားကြောင်း သိရသည်။ ပြန်ဝင်လာမည့်သူများကို မောင်တောမြို့နယ် တောင်ပြိုလက်ဝဲ၊ ငခူရ၊ လှဖိုးခေါင် ပြန်လည်လက်ခံရေးစခန်းတို့တွင် နေရာချထားပေးရန်စီစဉ်ထားကြောင်း ပြည်နယ်စစ်ကောင်စီ ပြောရေးဆိုခွင့်ရှိသူ ဦးလှသိန်းက DMG ကိုပြောဆိုထားသည်။

လက်ရှိ မြန်မာနိုင်ငံတွင် စစ်တပ်က အာဏာသိမ်းမှုကြောင့် အခြေအနေများရှုပ်ထွေးနေသဖြင့် မွတ်ဆလင်များသည် လုံခြုံစိတ်ချရမည့်အခြေအနေနှင့် နိုင်ငံရေးအခြေအနေများကြောင့် ပြန်လည်ဝင်ရောက်လာကြဦးမည်မဟုတ်ဟု ရခိုင်အရေးလေ့လာသုံးသပ်သူများက ပြောဆိုကြသည်။