မြေပုံမှ နေရပ်ပြန်စစ်ဘေးရှောင်များ စစ်ကောင်စီထံမှ ထောက်ပံ့ငွေမရသေးဟုဆို

မြေပုံမြို့နယ်၊ ကမ်းထောင်းကြီးမြို့ရှိ စစ်ဘေးရှောင်စခန်းမှ စစ်ဘေးရှောင်များကို စစ်ကောင်စီက ငွေကျပ်ငါးသိန်းပေးမည်ဟုဆိုကာ နေရပ်ပြန်ခိုင်းခဲ့သော်လည်း လက်ရှိအချိန်ထိ အဆိုပါငွေကြေးများကို မရရှိသေးကြောင်း သိရသည်။

23 Jul 2022

ရခိုင်ပြည်အတွင်းမှ စစ်ဘေးရှောင် မိသားစုတစ်စုအား တွေ့ရစဉ်။

DMG ၊ ဇူလိုင် ၂၃

မြေပုံမြို့နယ်၊ ကမ်းထောင်းကြီးမြို့ရှိ စစ်ဘေးရှောင်စခန်းမှ စစ်ဘေးရှောင်များကို စစ်ကောင်စီက ငွေကျပ်ငါးသိန်းပေးမည်ဟုဆိုကာ နေရပ်ပြန်ခိုင်းခဲ့သော်လည်း လက်ရှိအချိန်ထိ အဆိုပါငွေကြေးများကို မရရှိသေးကြောင်း သိရသည်။

စစ်ဘေး‌ရှောင်(၆၀၀)ကျော် ခိုလှုံနေသည့် အဆိုပါစစ်ဘေးရှောင်စခန်းမှ ဆင်ဦးဒိုက်၊ ဒါးလက်၊ သရက်ပင်ချောင်း စသည့်ကျေးရွာများနှင့် မြေပုံမြို့နယ် ညောင်ပင်ကန်၊ ဟင်းခရော်၊ ကျောက်ခုံ စသည့်ကျေးရွာများမှ အိမ်ထောင်စု(၇၂)စုနှင့် လူဦးရေ ၂၂၄ မှာ နေရပ်ပြန်သွားကြခြင်းဖြစ်ပြီး ယင်းအနက်မှတစ်ချို့မှာ ကမ်းထောင်းကြီးမြို့ရှိ နေအိမ်များတွင် ငှားရမ်းနေထိုင်ကြရသည်။ လက်ရှိတွင် အဆိုပါစစ်ဘေးရှောင်စခန်းတွင် စစ်ဘေးရှောင် ၄၀၀ ကျော်ခန့် ခိုလှုံလျက်ရှိနေ‌သေးသည်။

ယင်းစစ်ဘေးရှောင်များမှာ ပြီးခဲ့သည်ဇွန်လကပင် နေရပ်ပြန်ခဲ့ရပြီး နေရပ်ပြန်လျှင် စစ်ကောင်စီထံမှ ငွေ ၅ သိန်းနှင့် ဆန်နှစ်တောင်း ထောက်ပံ့မည်ဟုပြောကာ ယခုအချိန်ထိ မရရှိသေးသောကြောင့် အခက်အခဲဖြစ်ရသည်ဟု အမ်းမြို့နယ် သဲကမ်းထောင်းရွာမှ နေရပ်ပြန်စစ်ဘေးရှောင် မဆန်းတင်က DMG သို့ပြောသည်။

“ကျမတို့ကို နေရပ်ပြန်ရင် အစိုးရဆီက ဆန် ၂ တောင်းနဲ့ ငွေ ၅ သိန်းထောက်ပံ့မယ်လို့ပြောပါတယ်။ အခုထိမရသေးဘူး။ ကျမတို့က ပိုက်ဆံ ၅ သိန်းရရင် လှေဝယ်မယ်လို့စိတ်ကူးထားတာ။ အခုက ပိုက်ဆံလည်းမရတော့ တောတောင်သွားပြီး မျှစ်သွားချိုးရတယ်။ တောတောင်တွေလည်း မှိုင်းတွေရှိတာကြောင့် သတိထားပြီးသွားနေရပါတယ်။ သိပ်အခက်အခဲဖြစ်ရပါတယ်”ဟု သူကပြောသည်။

စစ်ဘေးရှောင်စခန်းမှ နေရပ်ပြန်ကြရသော်လည်း တစ်ချို့မှာ မှိုင်းအန္တရာယ်ကိုစိုးရိမ်၍ နေရပ်မပြန်ဘဲ ကမ်းထောင်းကြီးမြို့ပေါ်တွင် ငှားရမ်းနေထိုင်ကာ ကြုံရာလုပ်ကိုင်စားသောက်နေရသည့် စစ်ဘေးရှောင်များလည်းရှိနေသည်။

“အဘွားတို့ နေရပ်ပြန်ရင်လည်း မြေမြုပ်မှိုင်းတွေရှိတာကြောင့်  မပြန်ရဲလို့ ကမ်းထောင့်ကြီးမြို့ပေါ်မှာ အခန်းငှားပြီးနေတယ်။ အဘွားမှာ မြေးလေးကိုတော့ အိမ်နီးနားမိဘမဲ့ဂေဟာမှာ စာသင်ခိုင်းထားတယ်။ အခန်းငှားခကလည်း ပိုက်ဆံမပေးနိုင်သေးဘူး။ နေအိမ်ရဲ့ အိမ်အောက်လေးမှာ အခန်းငှားနေရတာ။ အိမ်ရှင်ကမကြည်ဖြူရင် အဘွားတို့မှာ သွားစရာလည်းမရှိတော့ဘူး။ ထမင်းစားဖို့အတွက် ခုံး(ဂုံး)တွေရှာရောင်းပြီး စားနေရတယ်”ဟု အသက်(၇၀)ကျော်အရွယ် ဒေါ်ဦးသန်းယီကပြောသည်။

မြေပုံမြို့နယ်၊ ကျောက်ခုံကျေးရွာမှ စစ်ဘေးရှောင် ဦးကျော်လွင်ကလည်း စစ်ဘေးရှောင်စခန်းမှ ထွက်စရင်းတင်လျှင် ငွေငါးသိန်းရမည်ဆိုသောကြောင့် ထွက်စာရင်းတင်ပြီးလာသော်လည်း လက်ရှိအချိန်ထိ မရသေးသောကြောင့် စားဝတ်နေရေးအခက်ကြုံနေရသည်ဟု ဆိုသည်။

“ကယ်ဆယ်ရေးဥက္ကဋ္ဌတွေက စခန်းက ထွက်စာရင်းတင်လို့ရှိရင် ပိုက်ဆံငါးသိန်းပေးမယ်လို့ပြောပါတယ်။ ကျနော်တို့က အဲလိုရလို့ရှိရင် ကိုယ်တို့မှာလည်း လုပ်စားမယ့်စီးပွားရေးတစ်ခုလောက်ရမယ်ဆိုပြီး စခန်းကထွက်တာပါ။ အခုထိလည်း ပိုက်ဆံမရသေးပါဘူး။ အခုဆိုရင် ကျနော်တို့မှာ အခက်အခဲခံနေရပါတယ်။ တောတောင်တွေလည်း မတက်ရဲဘူး။ ချောင်းနားကမှိုဟင်းတွေ ခူးပြီးရောင်းတာ သုံးထောင်လောက်ရတယ်။ အဲဒါလေးနဲ့ စားသောက်နေရပါတယ်”ဟု ၎င်းကပြောသည်။

နေရပ်ပြန်စစ်ဘေးရှောင်များမှာ မိမိနေရပ်ပြန်ရသော်လည်း နေအိမ်များမှာ ပျက်စီးနေသောကြောင့် ပြုပြင်ရန်ငွေအလုံအလောက်မရှိ၍ နေရေးထိုင်ရေးအဆင်မပြေဖြစ်နေသည်ဟု ဒေါ်မငွေတင်ကပြောသည်။

“ကျမတို့ ထွက်စာရင်းတင်လိုက်တာ ကျန်းကျန်းမာမာနဲ့ ကိုယ့်နေရာလည်းရောက်မယ်။ ပိုက်ဆံငါးသိန်းနဲ့ ဆန်တစ်လစာလည်းရမယ်ဆိုပြီး ထွက်လာတာပါ။ ပိုက်ဆံလည်းမရသေးပါဘူး။ ကျမတို့မှာ ကိုယ့်‌နေရပ်ရောက်ရင်လည်း အိမ်တွေပျက်စီးနေတာကြောင့် အလယ်ခန်းမှာ သွပ်ပြားတစ်ချပ်တင်ပြီး ချက်ပြုတ်စားသောက်နေရတယ်။ ပိုက်ဆံ ၅ သိန်းရမယ်ဆိုတဲ့ မျှော်လင့်ချက်နဲ့ ထွက်စာရင်းနဲ့တင်တာပါ။ အခု အနေဆင်းရဲ၊ အစားဆင်းရဲနဲ့ သိပ်အခက်အခဲဖြစ်ရပါတယ်”ဟု သူကပြောသည်။

စစ်ဘေးရှောင်စခန်းမှ အတွင်းရေးမှူး ဦးဝင်းလှက “လူကယ်ပြန်ကပေးမယ်လို့ပြောတာပါ။ လူကယ်ပြန်က ကိုယ့်ရပ်ကိုယ့်ရွာ ကိုပြန်မယ်ဆိုလို့ရှိရင် ငွေ ၅ သိန်းနဲ့ ဆန်တစ်လစာပေးမယ်ဆိုပြီးတော့လာပြီး စာရင်းယူလို့ရှိပါတယ်။ စာရင်းယူတဲ့အခါ အိမ်ထောင်စုက ၇၂ စု၊ လူဦးရေ ၂၂၄ ယောက် အတိုင်းအတာနဲ့စာရင်းလာပြီး ယူလို့ရှိပါတယ်။ စာရင်းယူလို့ရှိတာက ၃ လပိုင်း ကတည်းကနေ ယူထားတာပါ။ အခုအချိန်ထိလည်း အဖြေကမရသေးပါဘူး။ ကျနော်တို့ကလည်း တာဝန်ခံတစ်ယောက်အနေနဲ့ သူတို့ အဆက်အသွယ်လုပ်ပြီး မေးရင်လည်း သူတို့ကဘာမှမဖြေဘူး”ဟု ပြောသည်။

ဆက်လက်၍ ကမ်းထောင်းကြီးမြို့အုပ်ချုပ်ရေးမှူး ဦးကျော်ကျော်နိုင်ထံ ဖုန်းဆက်သွယ်မေးမြန်းရာတွင် “အဲဒါက အစိုးရအဖွဲ့ ကိုပဲမေးပါ။ ကျနော်တို့က တာဝန်ယူထားတာတော့ ရှိပါတယ်။ အသေးစိတ်သိချင်ရင်တော့ အစိုးရအဖွဲ့ မေးကြည့်လိုက်ပါ။ ကျနော်တို့က ပြောရေးဆိုခွင့်ရှိသူမဟုတ်လို့ပါ။ အစိုးရအဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူမေးလိုက်ပါ”ဟု သူကပြောသည်။

အဆိုပါကိစ္စနှင့်ပတ်သက်၍ စစ်ကောင်စီအစိုးရ၏ ပြောရေးဆိုခွင့်ရှိသူ ပြည်နယ်ဥပဒေချုပ် ဦးလှသိန်းအား ဖုန်းဆက်သွယ်မေးမြန်းခဲ့သော်လည်း လက်ခံဖြေကြားခြင်း မရှိခဲ့ပေ။

အဆိုပါစစ်ဘေးရှောင်များမှာ မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ ၂၀၁၈ ခုနှစ် ဒီဇင်ဘာလကုန်ပိုင်းမှ ၂၀၂၀ ခု၊ နိုဝင်ဘာလပထမပတ်အထိဖြစ်ပွားခဲ့သော တိုက်ပွဲအတွင်း ထွက်ပြေးတိမ်းရှောင်ခဲ့သော စစ်ဘေးရှောင်များဖြစ်သည်။ လက်ရှိတွင် မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော်သည် စစ်ရေးငြိမ်သက်နေသော်လည်း စစ်ရေးတင်းမာနေ၍ အချိန်မရွေး တိုက်ပွဲပြန်လည်ဖြစ်ပွားလာနိုင်ခြေရှိသည်။