မြဝတီမြို့အနီးတွင် တိုက်ပွဲဖြစ်ပွား

ကရင်ပြည်နယ်၊ မြဝတီမြို့အနီးတွင် မြန်မာစစ်တပ်နှင့် နယ်ခြားစောင့်တပ်(BGF)တို့တပ်စွဲထားသည့် အောင်မြေရွှေဘုံရပ်ကွက်ရှိ မချောလေးကုန်းကို ယနေ့(ဧပြီလ ၂၉ ရက်) နံနက် ၁၁ နာရီကျော်အချိန်က KNLA ပူးပေါင်းအဖွဲ့မှ ဝင်ရောက်ပစ်ခတ်ခဲ့ကြောင်း သိရသည်။

29 Apr 2022

DMG ၊ ဧပြီ ၂၉

ကရင်ပြည်နယ်၊ မြဝတီမြို့အနီးတွင် မြန်မာစစ်တပ်နှင့် နယ်ခြားစောင့်တပ်(BGF)တို့တပ်စွဲထားသည့် အောင်မြေရွှေဘုံရပ်ကွက်ရှိ မချောလေးကုန်းကို ယနေ့(ဧပြီလ ၂၉ ရက်) နံနက် ၁၁ နာရီကျော်အချိန်က KNLA ပူးပေါင်းအဖွဲ့မှ ဝင်ရောက်ပစ်ခတ်ခဲ့ကြောင်း သိရသည်။

မြန်မာစစ်တပ်မှ နေ့စဉ်လက်နက်ကြီးပစ်ခတ်မှုကြောင့် KNLA ပူးပေါင်းအဖွဲ့မှ လာရောက်ပစ်ခတ်ရာမှ တိုက်ပွဲအဆင့်အထိဖြစ်ပေါ်ခဲ့ကြောင်း KNU တပ်မဟာ(၆)နှင့်နီးစပ်သူတစ်ဦးက ပြောသည်။

"စစ်ကောင်စီတပ်က နေ့စဉ်ညပိုင်းကို အမြဲတမ်းလက်နက်ကြီးနဲ့ပစ်ခတ်တာရှိနေတယ်။ အဲဒီအတွက် သူတို့(စစ်ကောင်စီ) တပ်စွဲတဲ့နေရာကိုသွားပြီး ပစ်ခတ်ရာကနေ တိုက်ပွဲအထိဖြစ်ခဲ့တာပါ"ဟု ၎င်းကဆိုသည်။

ထိုသို့တိုက်ပွဲဖြစ်ပွားမှုကြောင့် မြဝတီမြို့ခံများမှာလည်း ထွက်ပြေးတိမ်းရှောင်နေကြရပြီး ရပ်ကွက်နေပြည်သူ ၃ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟုသိရကြောင်း ဒေသခံများကပြောသည်။

မြဝတီမြို့ခံတစ်ဦးမှ "နံနက် ၁၁ နာရီကနေ ပစ်ခတ်နေတာ။ အခုခဏလေးငြိမ်သွားတယ်။ မြို့အတွင်းထဲကလူတွေကတော့အကုန်တိမ်းရှောင်နေရပါတယ်။ သုံးဦးလောက်ဒဏ်ရာရသွားတယ်လို့လည်းသိရပါတယ်"ဟု ဆိုသည်။

လက်ရှိအချိန်၌ မြဝတီမြို့ဝင်ထွက်နေရာများကို စစ်တပ်နှင့် နယ်ခြားစောင့်တပ်(BGF)အဖွဲ့မှ စစ်ဆေးမှုတင်းကြပ်ထားကြောင်း ဒေသခံများထံမှ သိရသည်။

ဧပြီလ ၂၃ ရက်နေ့ကလည်း မြဝတီမြို့ မြန်မာ-ထိုင်းအမှတ်(၁)တံတားရှိ မြန်မာနိုင်ငံဘက်ခြမ်းစစ်ဆေးရေးဂိတ်တွင် ပေါက်ကွဲမှုတစ်ခု ဖြစ်ပွားခဲ့သေးသည်။