- တွေ့ဆုံဆွေးနွေးမည်ဟု ပြောသော်လည်း စစ်တွေနှင့် ကျောက်ဖြူတွင် ပစ်ခတ်မှုများရှိနေ
- ဟောင်းနွမ်းငွေစက္ကူများကို မသုံးလျှင် အရေးယူမည်ဟု AA သတိပေးချက် လိုက်နာမှု အားနည်းနေ
- ရန်ကုန်တွင် လူအစုလိုက်အပြုံလိုက် ဖမ်းဆီးခံရမှု ရခိုင်လူငယ် ၂၀ ဦးထက်မနည်း ပါဝင်
- မြို့နယ် ၁၄ ခုသိမ်းပြီးနောက် နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန် အသင့်ရှိကြောင်း AA ထုတ်ပြန်
- တိုက်ပွဲဖြစ်ပွားမှုရှိလာ၍ စစ်တွေက မွတ်ဆလင်များ နေရပ်စွန့်ခွာ ထွက်ပြေး
သဘောတူညီချက်များကို ကောင်စီမှဆောင်ရွက်ခြင်းမရှိသေးသဖြင့် တင်းမကျေးရွာသားများ နေရပ်ပြန်နိုင်မည်မဟုတ်သေး
ရွာလုံးကျွတ်စစ်ဘေးတိမ်းရှောင်နေကြရသည့် ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊ တင်းမကျေးရွာသားများမှာ လာမည့်အောက်တိုဘာလတွင် နေရပ်သို့ပြန်နိုင်မည်မဟုတ်သေးကြောင်း ယင်းကျေးရွာသားများက ပြောဆိုသည်။
30 Aug 2021
DMG ၊ သြဂုတ် ၃၀
ရွာလုံးကျွတ်စစ်ဘေးတိမ်းရှောင်နေကြရသည့် ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊ တင်းမကျေးရွာသားများမှာ လာမည့်အောက်တိုဘာလတွင် နေရပ်သို့ပြန်နိုင်မည်မဟုတ်သေးကြောင်း ယင်းကျေးရွာသားများက ပြောဆိုသည်။
ပြည်နယ်ကောင်စီနှင့် တင်းမကျေးရွာသားတို့ကြားတွင် နေရပ်ပြန်ရေးနှင့်ပတ်သက်ပြီး ပြီးခဲ့သည့် ဇွန် ၂၄ ရက်နေ့က သဘောတူညီမှုများရှိခဲ့သော်လည်း လက်ရှိမှာ အဆိုပါသဘောတူညီချက်များကို ပြည်နယ်ကောင်စီမှ အကောင်အထည့်ဖော်ရန်နှောင့်နှေးနေကြောင်း ကျေးရွာသားများကဆိုသည်။
လာမည့်အောက်တိုဘာလတွင် တင်းမကျေးရွာသားများ နေရပ်ပြန်ရန်သဘောတူညီထားပြီး လက်ရှိမှာ အချိန်တစ်လသာကျန်တော့ကာ ပြည်နယ်ကောင်စီဘက်မှလုပ်ဆောင်ရမည့် ကျေးရွာအတွင်းမိုင်းရှင်းလင်းရေး၊ ပြည်လည်ထူထောင်ရေးကိစ္စများကို တစ်စုံတစ်ရာဆောင်ရွက်ခြင်းမရှိသေးကြောင်း သိရသည်။
တင်းမကျေးရွာအုပ်ချုပ်ရေးမှူး ဦးမောင်ဝင်းကျော်က “အစကတော့ နေရပ်ပြန်ပို့ပေးမယ်ပေါ့နော်။ မိုင်းရှင်းလင်းရေး လုပ်ပေးမယ်ဆိုပြီးတော့ပြောခဲ့တယ်။ ဒါပေမဲ့ အခုချိန်ထိတစုံတရာလုပ်ဆောင်တာတွေကို မတွေ့ရသေးဘူး"ဟု ပြောသည်။
"တကယ်လို့အောက်တိုဘာလမှာ ပြန်ရမယ်ဆိုရင် အခုကတည်းလုပ်သင့်တာတွေကိုလုပ်ဖို့လိုအပ်နေပြီ။ ဘာတစ်ခုမှ အကြောင်းကြားလာတာမရှိသေးတော့ ကျနော်တို့အနေနဲ့ အောက်တိုဘာလမှာကော ပြန်နိုင်ဖို့မသေချာတော့ဘူး“ဟုလည်း တင်းမကျေးရွာအုပ်ချုပ်ရေးမှူးက ဆက်ပြောသည်။
တင်းမကျေးရွာသားများ နေရပ်ပြန်ပါက အိမ်ထောင်စုတစ်စုလျှင် ငွေငါးသိန်းကျပ်နှင့် ဆန်ရိက္ခာတစ်လစာထောက်ပံ့ပေးသွားမည်ဖြစ်ပြီး ကျေးရွာသို့ရောက်ရှိပါကလည်း နေအိမ်များဆောက်လုပ်ပေးသွားမည်ဖြစ်ကာ တစ်ခြားအလုပ်အကိုင်များလည်း အဆင့်ဆင့်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြည်နယ်ကောင်စီဘက်က သဘောတူထားခဲ့သည်။
သို့သော် လက်ရှိအချိန်ထိနေရပ်ပြန်ရေးကိစ္စအား တစုံတရာအကြောင်းမကြားပဲ ကြန့်ကြာနေခြင်းမှာ တင်းမကျေးရွာသားများအတွက် ပိုပြီးအခက်အခဲဖြစ်လာနိုင်သည်ဟု တင်းမကျေးရွာ ကျောင်းထိုင်ဆရာတော် အရှင်ဝါယမိန္ဒကမိန့်ကြားသည်။
“စစ်ရှောင်စခန်းမှာ နေနေရတော့ အစားကြပ်တည်း၊ အနေကြပ်တည်းနဲ့နေနေရတယ်။ ကျေးရွာသားတွေမှာပါလာတဲ့ ရွှေ၊ငွေတွေဆိုရင်လည်းကုန်နေပြီ။ နောက်တစ်နှစ်လောက်ဆိုရင် ပိုပြီးတော့ အခက်အခဲဖြစ်သွားမယ်" ဟု ဆရာတော်က မိန့်သည်။
ပြည်နယ်ကောင်စီမှ တင်းမကျေးရွာသားများ နေရပ်ပြန်ရန် ဆောင်ရွက်မပေးပါက ဒေသတည်ငြိမ်မှုအပေါ်မူတည်ကာ မိမိတို့အစီအစဉ်ဖြင့် နေရပ်ပြန်ရန်စီစဉ်သွားမည်ဟုလည်း ဆရာတော်က ဆက်၍မိန့်ကြားသည်။
"ရွာကိုဆက်ပြီးတော့ ပျက်စီးမခံနိုင်ဘူး။ တင်းမရွာဆိုတာ စံပြကျေးရွာတစ်ခုလည်းဖြစ်တယ်။ ကောင်စီအနေနဲ့ ရွာပြန်ဖို့ဆောင်ရွက်မပေးဘူးဆိုရင်တော့ နယ်မြေဒေသတွေတည်ငြိမ်နေရင် ကိုယ့်အစီစဉ်နဲ့ကိုယ်သွားဖို့အတွက် ဆောင်ရွက်သွားမှာပါ“ ဟု မိန့်သည်။
တင်းမကျေးရွာသားများနှင့်သဘောတူညီချက်များအား အကောင်အထည်ဖော်ရန်ကြန့်ကြာနေခြင်းမှာ ကိုဗစ်ကာလကြောင့်ဟု ပြည်နယ်ကောင်စီက ယခင်က အကြောင်းပြခဲ့သည်။
အဆိုပါ တင်းမကျေးရွာသားများ နေရပ်ပြန်နိုင်ရေး၊ ပြန်လည်ထူထောင်ရေးကိစ္စများကိုဆောင်ရွက်ရန် စီစဉ်ထားပြီဖြစ်ကာ လတ်တလောဆောက်လုပ်နေသည့် လက္ကာနှင့် ဖားပြိုကျေးရွာတို့မှနေအိမ်များပြီးစီးပါက တင်းမကျေးရွာကို ဆက်လုပ်သွားမည်ဟု ပြည်နယ်ကောင်စီအဖွဲ့ဝင် ဦးသန်းထွန်းကပြောသည်။
“လောလောဆယ်က လက္ကာကျေးရွာ၊ ဖားပြိုကျေးရွာတွေကို လုပ်ပေးနေရတယ်။ အဲဒီကျေးရွာတွေဆောက်ပြီးရင်တော့ တင်းမကျေးရွာကိုဆောက်ပေးသွားမှာပါ။ ဒီကာလဟာ မိုးတွင်းကာလလည်းဖြစ်တယ်၊ ကိုဗစ်ကာလည်းဖြစ်တယ်။ ဘဏ်က ငွေသွင်း၊ငွေထုပ်လုပ်ရတဲ့အပိုင်းမှာ အခက်အခဲဖြစ်နေတာလည်းဖြစ်တယ်။ လက္ကားကျေးရွာနဲ့ ဖားပြိုပြီးရင်တော့ ဆောက်လုပ်ပေးသွားမယ်။အချိန်ကာလကိုတော့မပြောနိုင်သေးဘူး။ အောက်တိုဘာလမှာ ပြန်နိုင်ရင်လည်းပြန်နိုင်မယ်။ ဒီနှစ်ပြန်နိုင်ရင်လည်း ပြန်နိုင်မယ်၊နောက်နှစ်ဖြစ်ချင်ရင်လည်းဖြစ်သွားနိုင်တယ်။ အချိန်ကာလကိုတော့ပြောလို့မရဘူး“ဟု ဦးသန်းထွန်းက ဆိုသည်။
၂၀၂၀ ပြည့်နှစ် မတ်လအတွင်းက တပ်မတော်နှင့် ရက္ခိုင့်တပ်တော်တို့ တိုက်ပွဲဖြစ်ပွားမှုကြောင့် တင်းမကျေးရွာသားများမှာ ဘေးလွတ်ရာသို့ထွက်ပြေးခဲ့ကြသည်။ ယင်းနောက်ကျေးရွာသားများမရှိခိုက် ရွာအတွင်းမှနေအိမ်များမှာ မီးရှို့ခံခဲ့ရခြင်းဖြစ်သည်။
ယင်းသို့မီးရှို့ခံရမှုကြောင့် တင်းမကျေးရွာမှ အိမ်ခြေ ၁၃၂ ဆောင်နှင့် ဘုန်းတော်ကြီးကျောင်းတို့မှာ ပျက်စီးမှုများရှိခဲ့ကြောင်း ယခုနှစ်ဇွန်လအတွင်းက ယင်းကျေးရွာသို့သွားရောက်ကြည့်ရှုခဲ့သူများ ကောက်ယူခဲ့သည့်စာရင်းအရ သိရသည်။
အဆိုပါတင်းမကျေးရွာမှ ရွာသား ၁၈ ဦးမှာလည်း တိုက်ပွဲကာလအတွင်းက ဖမ်းဆီးခေါ်ဆောင်ခံရပြီးနောက် ပျောက်ဆုံးလျက်ရှိနေပြီး လက်ရှိအချိန်သတင်းအစအနမရရှိသေးပေ။
ရခိုင်ပြည်နယ်တွင် တိုက်ပွဲရပ်တန့်နေသည်မှာ ၁၀ လခန့်အထိရှိလာသော်လည်း စစ်ဘေးရှောင်တစ်သိန်းကျော်မှာ နေရပ်သို့မပြန်နိုင်ဘဲရှိနေသေးသည်။