ကျောက်တော်တွင် ကျေးရွာအတွင်းလက်နက်ကြီးကျ၍ မိသားစုလေးဦး ဒဏ်ရာရ

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊ နဂရာကျေးရွာသို့ ယနေ့ (စက်တင်ဘာလ ၂၀ ရက်) ညနေ ၄ နာရီခွဲအချိန်တွင် မြန်မာစစ်တပ်မှပစ်ခတ်လိုက်သည့် လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲမှုကြောင့် နေအိမ်အတွင်းရှိနေသည့် မိသားစုလေးဦး ထိခိုက်ဒဏ်ရာရရှိသွားကြောင်း ဒေသခံများထံမှ သိရသည်။

20 Sep 2022

Photo Crd - Arakan Princess Media

DMG ၊ စက်တင်ဘာ ၂၀

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊ နဂရာကျေးရွာသို့ ယနေ့ (စက်တင်ဘာလ ၂၀ ရက်) ညနေ ၄ နာရီခွဲအချိန်တွင် မြန်မာစစ်တပ်မှပစ်ခတ်လိုက်သည့် လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲမှုကြောင့် နေအိမ်အတွင်းရှိနေသည့် မိသားစုလေးဦး ထိခိုက်ဒဏ်ရာရရှိသွားကြောင်း ဒေသခံများထံမှ သိရသည်။

“မိသားစုတွေဝိုင်းပြီး ထမင်းစားနေတဲ့အချိန် လက်နက်ကြီး ၃ လုံး ကျလာတယ်။ ၂ လုံးက အိမ်ရှေ့မှာကျတယ်။ တစ်လုံးကအိမ်ထဲမှာကျတယ်။ အဲဒီမှာ ဒဏ်ရာရှိသွားကြတယ်”ဟု နဂရာကျေးရွာသားတစ်ဦးကပြောသည်။

နာဂရာကျေးရွာအနီးတွင် တိုက်ပွဲဖြစ်ပွားခြင်းလည်းမရှိဘဲ ရွာနှင့်တစ်မိုင်ကျော်ဝေးသည့် မြန်မာစစ်တပ် အမှတ်(၉)စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်- စကခ(၉) (ကျောက်တော်)မှ လက်နက်ကြီးများဖြင့်ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း ၎င်းကျေးရွာသားက ဆက်ပြောသည်။

ထိုသို့ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် ဒေါ်မယဉ်ဦး(၆၅)နှစ်၊ သမီးဖြစ်သူ ဒေါ်ဦးယဉ်သန်း(၄၀)နှစ်နှင့် ၎င်း၏သားများဖြစ်ကြသည့် မောင်မျိုးလှိုင်ဝင်း(၁၇)နှစ်၊ ဧမာင်ဖြိုးလွင်ချေ(၁၁)နှစ်တို့တွင် ဒဏ်ရာအသီးသီးရရှိခဲ့ကြသည်။
လက်ရှိတွင် ဒဏ်ရာရရှိသူများကို ကျေးရွာဆေးပေးခန်း၌ ဆေးကုသမှုပေးထားကြောင်း သိရသည်။

နောက်ထပ် နဂရာကျေးရွာသားတစ်ဦးက “လက်နက်ကြီးပစ်တဲ့နေရာနဲ့ ကျနော်တို့ရွာနဲ့ နီးစပ်တဲ့နေရာဆိုတော့ ကျနော်တို့မှာ အပြင်လည်း ထွက်မသွားရဲဘူး။ ပြီးရင်လက်နက်ကြီးတွေပစ်တာကို ကျနော်တို့က မြင်နေရတယ်။ အပြင်တောင်မသွားရဲလို့ အိမ်ထဲမှာပဲနေတာ။ အဲဒါတောင်အိမ်ထဲထိ လက်နက်ကြီး လာကျတော့ ကျနော်တို့အသက်ဟာ လုံခြုံမှုမရှိတော့ပါဘူး”ဟု ပြောသည်။

ယခုကဲ့သို့ ကျောက်တော် စကခ(၉)မှပစ်ခတ်သည့် လက်နက်ကြီးကျည် ကျေးရွာအတွင်းကျ၍ ဒေသခံများထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ပြောဆိုချက်များအပေါ် ရခိုင်ပြည်နယ်စစ်ကောင်စီ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်သူရကို DMG က တယ်လီဖုန်းဖြင့်ဆက်သွယ်ခဲ့သော်လည်း လက်ခံဖြေကြာခြင်း မရှိပေ။

မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော်(AA)တို့သည့် ရခိုင်နှင့် ပလက်ဝဒေသတို့တွင် တိုက်ပွဲနေ့စဉ်ဖြစ်ပွားနေပြီး ကျန်မြို့နယ်များတွင်လည်း နှစ်ဘက်တပ်များ စစ်ရေးတင်းမာလျက်ရှိနေသည်။

ပြီးခဲသည့် သြဂုတ်လ ၂၈ ရက်နေ့ကလည်း မြန်မာစစ်တပ်မှပစ်ခတ်လိုက်သည့် လက်နက်ကြီးကျည်မှာ မြောက်ဦးမြို့နယ် ကင်းဆိပ်ကျေးရွာအတွင်း ကျရောက်ပေါက်ကွဲခဲ့မှုကြောင့် ကျေးရွာသား ၃ ဦးသေဆုံးခဲ့ပြီး ၈ ဦး ဒဏ်ရာရရှိခဲ့သည်။