ရှစ်လအတွင်း နိုင်ငံတဝန်းတွင် တိုက်ပွဲပေါင်း ၅,၀၀၀ ကျော် ဖြစ်ပွား

တိုက်ပွဲရှစ်လတာအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၇,၂၈၁ ဦးသေဆုံးပြီး ၃,၈၀၁ ဦး ထိခိုက်ဒဏ်ရာရရှိကာ၊ တော်လှန်ရေး အင်အားစုဖက်ကလည်း တပ်ဖွဲ့ဝင် ၅၈၃ ဦး သေဆုံးပြီး ၄၄၁ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ 

By Admin 25 Sep 2024

စက်တင်ဘာ ၅ ရက်တွင် သိမ်းပိုက်နိုင်ခဲ့သည့် သံတွဲမြို့နယ်ရှိ မောင်ရွှေလေးရေတပ်စခန်းတွင် တွေ့ရသော AA တပ်ဖွဲ့ဝင်များ။ ဓာတ်ပုံ - AA Info Desk
စက်တင်ဘာ ၅ ရက်တွင် သိမ်းပိုက်နိုင်ခဲ့သည့် သံတွဲမြို့နယ်ရှိ မောင်ရွှေလေးရေတပ်စခန်းတွင် တွေ့ရသော AA တပ်ဖွဲ့ဝင်များ။ ဓာတ်ပုံ - AA Info Desk

DMG ၊ စက်တင်ဘာ ၂၅ 

မြန်မာနိုင်ငံတဝန်းတွင် ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလမှ ဩဂုတ်လအထိ ရှစ်လတာအတွင်း စစ်ကောင်စီတပ်နှင့် တော်လှန်ရေးအင်အားစုတို့ကြား တိုက်ပွဲပေါင်း ၅,၁၄၈ ကြိမ် ဖြစ်ပွားခဲ့ကြောင်း ဉာဏ်လင်းသစ် သုတေသနအဖွဲ့မှ ထုတ်ပြန်သည့် အစီရင်ခံတွင် ဖော်ပြသည်။ 

စစ်ကိုင်းတိုင်းတွင် တိုက်ပွဲပေါင်း ၇၇၀ ကြိမ်ဖြင့် အများဆုံးဖြစ်ပြီး ရခိုင်ပြည်တွင် ၅၅၄ ကြိမ်ဖြင့် ဒုတိယအများဆုံး ဖြစ်သည်။ ရှမ်းမြောက်တွင် ၅၀၁ ကြိမ်ဖြင့် တတိယအများဆုံး ဖြစ်ပွားခဲ့ပြီး အခြားတိုင်းနှင့် ပြည်နယ်တို့တွင် တိုက်ပွဲပေါင်း ရာနှင့်ချီဖြစ်ပွားခဲ့သည်။ 

စစ်ကောင်စီကို အပြီးတိုင်ချေမှုန်းရန် မလွယ်ကူသေး၍ တိုက်ပွဲများမှာ ဆက်လက်ပြင်းထန်နေအုံးမည်ဟု စစ်ရေးအကဲခတ်တစ်ဦးက ပြောသည်။

“စစ်ကောင်စီကို အပြီးတိုင် ဖြုတ်ချနိုင်ဖို့ဆိုတာက မလွယ်ကူသေးဘူး။ ဆိုတော့ တစ်နိုင်ငံလုံးအနေနဲ့ ပြည်တွင်းစစ်က သက်ဆိုးရှည်နေအုံးမယ့်သဘောရှိတယ်။ တစ်ခုရှိတာက နိုင်ငံရေးကနေ စစ်တပ်က လုံးဝ အပြီးတိုင်ထွက်မယ်ဆိုရင်တော့ စစ်ပွဲလည်း ချုပ်ငြိမ်းသွားနိုင်တယ်” ဟု သူက ပြောသည်။ 

ရှစ်လတာအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၇,၂၈၁ ဦးသေဆုံးပြီး ၃,၈၀၁ ဦး ထိခိုက်ဒဏ်ရာရရှိကာ၊ တော်လှန်ရေး အင်အားစုဖက်ကလည်း တပ်ဖွဲ့ဝင် ၅၈၃ ဦး သေဆုံးပြီး ၄၄၁ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ 

ယင်းအပြင် စစ်ကောင်စီ၏ လေကြောင်း၊ လက်နက်ကြီးနှင့် စစ်ကြောင်းထိုးသတ်ဖြတ်မှုအပါအဝင် ပုံစံအမျိုးမျိုးဖြင့် သတ်ဖြတ်မှုကြောင့် အရပ်သား ၂,၀၃၅ ဦး သေဆုံးပြီး ၂၅၇၉ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။ အရပ်သား ထိခိုက်သေဆုံးမှုများမှာ ရခိုင်၊ ရှမ်းမြောက်နှင့် စစ်ကိုင်းတိုင်းတွင် အများဆုံး ဖြစ်သည်။ 

တော်လှန်ရေးအင်အားစုများကက စစ်ကောင်စီ၏ တိုင်းစစ်ဌာနချုပ်၊ ဒေသကွပ်ကဲမှုစစ်ဌာနချုပ်၊ စစ်ဆင်ရေး ကွပ်ကဲမှုဌာနချုပ်၊ ဗျူဟာကုန်းနှင့် တပ်ရင်း၊ တပ်စခန်း၊ ရဲစခန်းအပါအဝင် တပ်စခန်း ၅၈၁  ခုနှင့် မြို့ပေါင်း ၄၆ မြို့ကို သိမ်းပိုက်နိုင်ခဲ့သည်။ 

ရခိုင်မှ တက်ကြွလှုပ်ရှားသူ လူငယ်တစ်ဦးက “စစ်ကောင်စီကို တွန်းလှန်နေကြတာက အားရဖို့ကောင်းတယ်။ အထူးသဖြင့် ၁၀၂၇ စစ်ဆင်ရေး အပိုင်း ၂ ပိုင်းနဲ့ နိုင်ငံတဝန်း လူထုတော်လှန်မှုဟာ အာဏာရှင်စစ်အုပ်စုကို လုံးဝယိုင်လဲ ပျက်သုဉ်းနိုင်တယ်” ဟု ပြောသည်။ 

မြောက်ပိုင်းညီနောင်မဟာမိတ် (၃) ဖွဲ့က စတင်လိုက်သည့် ၁၀၂၇ စစ်ဆင်ရေးကာလအတွင်း ရှမ်းမြောက်၊ ရခိုင်၊ စစ်ကိုင်း၊ မန္တလေး စသည့်ဒေသတို့တွင် တော်လှန်ရေးအင်အားစုများ သိမ်းပိုက်ထားသည့် မြို့ပေါင်း ၇၅ မြို့နှင့် အထက် ရှိလာသည်။  

လက်ရှိတွင်လည်း စစ်ကောင်စီ၏ တပ်စခန်းများကို တော်လှန်ရေးအင်အားစုများက ထိုးစစ်ဆင်တိုက်ခိုက်နေပြီး စစ်ကောင်စီကလည်း ကြည်း၊ ရေ၊ လေတို့ဖြင့် ပူးပေါင်းခုခံနေ၍ တိုက်ပွဲများမှာ နေ့စဉ်နှင့်အမျှ ရှိနေသည်။