- တွေ့ဆုံဆွေးနွေးမည်ဟု ပြောသော်လည်း စစ်တွေနှင့် ကျောက်ဖြူတွင် ပစ်ခတ်မှုများရှိနေ
- ဟောင်းနွမ်းငွေစက္ကူများကို မသုံးလျှင် အရေးယူမည်ဟု AA သတိပေးချက် လိုက်နာမှု အားနည်းနေ
- ရန်ကုန်တွင် လူအစုလိုက်အပြုံလိုက် ဖမ်းဆီးခံရမှု ရခိုင်လူငယ် ၂၀ ဦးထက်မနည်း ပါဝင်
- မြို့နယ် ၁၄ ခုသိမ်းပြီးနောက် နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန် အသင့်ရှိကြောင်း AA ထုတ်ပြန်
- တိုက်ပွဲဖြစ်ပွားမှုရှိလာ၍ စစ်တွေက မွတ်ဆလင်များ နေရပ်စွန့်ခွာ ထွက်ပြေး
ရမ်းဗြဲမြို့နယ်မှ တိုက်နယ်ဆေးရုံ(၂)ရုံတွင် ဆရာဝန်မရှိသဖြင့် ဒေသခံများအခက်ကြုံနေရ
ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့နယ်၊ စကုကျွန်းရှိ တိုက်နယ်ဆေးရုံနှင့် လေးတောင်မြို့တိုက်နယ်ဆေးရုံတို့တွင် ဆရာဝန်မရှိသဖြင့် ဆေးဝါးကုသမှုအပိုင်း၌ အခက်အခဲဖြစ်နေကြောင်း ဒေသခံများကပြောသည်။
13 Aug 2021
DMG ၊ သြဂုတ် ၁၃
ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့နယ်၊ စကုကျွန်းရှိ တိုက်နယ်ဆေးရုံနှင့် လေးတောင်မြို့တိုက်နယ်ဆေးရုံတို့တွင် ဆရာဝန်မရှိသဖြင့် ဆေးဝါးကုသမှုအပိုင်း၌ အခက်အခဲဖြစ်နေကြောင်း ဒေသခံများကပြောသည်။
စကုကျွန်းတိုက်နယ်ဆေးရုံတွင် ဆရာဝန်မရှိသည်မှာ ၂၀၂၀ ခုနှစ်၊ ဒီဇင်ဘာလကတည်းကဖြစ်ပြီး ယနေ့အချိန်ထိ စကုကျွန်းပေါ်ရှိ ကျေးရွာ ၈ ရွာမှ လူဦးရေ ၅၀၀၀ ခန့်မှာ အထက်တန်းသူနာပြုဆရာမ(၂)ဦးကိုသာအားထားကာ ဆေးကုသနေရကြောင်း စကုကျွန်း၊ ရေကောင်းချောင်းအုပ်စု အုပ်ချုပ်ရေးမှူး ဦးသိန်းကျော်က DMG သို့ပြောသည်။
“ဆရာဝန်မရောက်တာ အခုဆိုရင် ၁ နှစ်ပါးရှိပြီ။ ကိုယ့်ရပ်၊ ကိုယ့်ဒေသမှာ ဆရာဝန်မရှိတော့ နည်းနည်းပါးပါးနေမကောင်းဖြစ်တဲ့ရောဂါတွေဆိုရင်လည်း တခြားဒေသတွေသွားပြီးတော့ ကုနေရတယ်။ တခြားဒေသကိုသွားကုရတော့ ငွေကြေးတွေကလည်း မကုန်သင့်ဘဲ ကုန်နေရတယ်။ ရာသီဥတုမကောင်းဘူးဆိုရင် မသွားရဘဲ သေသွားတဲ့သူတွေလည်းရှိတယ်။ မြို့နယ်အုပ်ချုပ်ရေးမှူးကိုတော့ တင်ပြထားပါတယ်” ဟု ရေကောင်းချောင်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးသိန်းကျော်ကပြောသည်။
လက်ရှိကိုဗစ်ကာလဖြစ်သဖြင့်လည်း ဆရာဝန်မရှိသည့်အတွက် ဒေသခံများအနေဖြင့်စိုးရိမ်မှုများရှိနေကြောင်း ဦးသိန်းကျော် က ဆက်ပြောသည်။
စကုကျွန်းမှာ ရမ်းဗြဲမြို့ပေါ်သို့သွားလျှင် စက်လှေဖြင့် ၆ နာရီခန့်သွားရပြီး တောင်ကုတ်မြို့ပေါ်သို့သွားလျှင် ၄ နာရီခန့် သွားရသောကြောင့် အရေးပေါ်လူနာများမှာ လမ်းတွင်အသက်ဆုံးရှုံးရမှုများရှိကြောင်း ရေကောင်းချောင်းအုပ်စု အောင်ချမ်းသာကျေးရွာမှ ရပ်မိရပ်ဖတစ်ဦးဖြစ်သူ ဦးကျန်ဝင်းက ပြောသည်။
“ရာသီဥတုဆိုးနေတဲ့အချိန်ဆိုရင် အရေးပေါ်လူနာကိုလည်း ထိုင်ကြည့်နေရတာပဲ။ ရာသီဥတုဆိုးတော့ အဲဒီလောက်ဝေးတဲ့ခရီးကို ဘယ်လိုသွားနိုင်မှာလဲ။ သေသွားတဲ့သူတွေလည်းရှိတယ်။ ဒီလောက်ခက်ခဲနေရာမှာတော့ ဆရာဝန်ရှိသင့်တာပေါ့။ အခုကဆရာဝန်မရှိတော့ ကျန်းမာရေးအခက်အခဲတွေနဲ့ကြုံနေရပါတယ်” ဟု ၎င်းကဆိုသည်။
အလားတူ ရမ်းဗြဲမြို့နယ်၊ လေးတောင်မြို့တိုက်နယ်ဆေးရုံတွင်လည်း ဆရာဝန်မရှိသည့်မှာ ၃ လနီးပါးခန့်ရှိပြီဖြစ်ကြောင်း ဒေသခံ ကိုမောင်မောင်ကပြောသည်။
“ကျနော်တို့ တိုက်နယ်ဆေးရုံမှာဆိုရင် ဆရာဝန်မရှိတာ ၂ လကျော်သွားပြီ။ အခုဆိုရင် ကျနော်တို့ရပ်ကွက်မှာတောင် ကိုဗစ်ကူးစက်ခံရတဲ့သူတွေရှိတယ်။ အခုလိုအချိန်မျိုးမှာ ဆရာဝန်မရှိတော့ ဒေသခံတွေအခက်အခဲပိုရှိတာပေါ့” ဟု ပြောသည်။
သု့ိဖြစ်၍ ယင်းတိုက်နယ်ဆေးရုံများသို့ ဆရာဝန်များအား တာဝန်ချပေးစေလိုကြောင်း ဒေသခံများက တောင်းဆိုကြသည်။
ယင်းကိစ္စနဲ့ပတ်သက်ပြီး ရမ်းဗြဲမြို့နယ်အုပ်ချုပ်ရေးမှူး ဦးခင်မောင်သန်းကို ဆက်သွယ်ရာ ဖုန်းအဆက်သွယ်မရရှိခဲ့ပေ။