မနွယ်သန္တာဝင်း အသတ်ခံရမှုနှင့်ပတ်သက်ပြီး ပြစ်မှုကျူးလွန်ထားသည်ဟု သံသယရှိသူများကို ဥပေဒနှင့်အညီ စစ်ဆေးမှုပြုလုပ်နေဟု AA ပြော

စစ်တွေမြို့၊ ပြည်နယ်အစိုးရရုံးအနီးတွင် ဓားထိုးဒဏ်ရာများနှင့်သေဆုံးသွားသည့် မနွယ်သန္တာဝင်းအမှုနှင့်ပတ်သက်ပြီး ပြစ်မှုကျူးလွန်ထားသည်ဟု သံသယရှိသူများကို ဥပဒေနှင့်အညီ စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း ရက္ခိုင့်တပ်တော်(AA) ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခက ယနေ့(စက်တင်ဘာလ ၁၉ ရက်)တွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ၌ ပြောကြားသည်။

19 Sep 2022

အသတ်ခံရသည့် မနွယ်သန္တာဝင်း၏ဓာတ်ပုံကို ၎င်း၏ဈာပနာအခမ်းအနားတွင် တွေ့ရစဉ်။

DMG ၊ စက်တင်ဘာ ၁၉

စစ်တွေမြို့၊ ပြည်နယ်အစိုးရရုံးအနီးတွင် ဓားထိုးဒဏ်ရာများနှင့်သေဆုံးသွားသည့် မနွယ်သန္တာဝင်းအမှုနှင့်ပတ်သက်ပြီး ပြစ်မှုကျူးလွန်ထားသည်ဟု သံသယရှိသူများကို ဥပဒေနှင့်အညီ စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း ရက္ခိုင့်တပ်တော်(AA) ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခက ယနေ့(စက်တင်ဘာလ ၁၉ ရက်)တွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ၌ ပြောကြားသည်။

အသက်(၁၈)နှစ်အရွယ် မနွယ်သန္တာဝင်းသည် သြဂုတ်လ ၁၅ ရက်နေ့က ဘောလုံးကွင်းရပ်ကွက်၊မေယုလမ်းရှိ “Luminous/Livguard“ ပလပ်စတစ်ပစ္စည်းနှင့် လူသုံးကုန်အရောင်းအဝယ်ဆိုင်၌ အလုပ်လုပ်ကိုင်နေစဉ် အသတ်ခံခဲ့ရခြင်းဖြစ်သည်။ ထိုအမှုနှင့်ပတ်သက်ပြီး သံသယရှိသူများကို ခေါ်ယူစစ်ဆေးခဲ့ကာ လူသတ်တရားခံအား စုံစမ်းဖော်ထုတ်နိုင်ခဲ့ပြီဟု AA က သြဂုတ်လ ၃၁ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။

“စစ်တွေမြို့က နွယ်သန္တာဝင်းသေဆုံးမှုနဲ့ပတ်သက်ပြီး ပြစ်မှု ကျူးလွန်ထားတဲ့ သံသယရှိတဲ့သူတွေကို ဖမ်းဆီးထိန်းသိမ်းထားပြီးရင် ဥပဒေနဲ့အညီရမန်ယူပြီး စစ်ဆေးမှုတွေပြုလုပ်နေပါတယ်။ ဖြောင့်ချက်ယူထားပြီးဖြစ်တဲ့အတွက် အဲဒီအမှုနဲ့ပတ်သက်ပြီး သံသယရှိတဲ့လူအဖြစ်သတ်မှတ်ပြီးရင် အမှုကို ခိုင်ခိုင်မာမာတည်ဆောက်နိုင်ဖို့နဲ့ အမှုကိုတရားရုံးသို့ အချိန်မီဆွဲတင်သွားနိုင်ဖို့အတွက် ဆက်လက်စစ်ဆေးမှုတွေကိုပြုလုပ်နေပါတယ်”ဟု ဦးခိုင်သုခက ယနေ့ပြောခဲ့သည်။

ထိုအသတ်ခံရမှုတွင် တရားခံဟုသံသယဖြင့် ဖမ်းဆီးထားခံရသူမှာ မည်သူမည်ဝါဖြစ်ကြောင်းလည်း ထုတ်ဖော်ပြောကြားခြင်းမရှိသေးပေ။ ထို့ပြင် ဆက်စပ်တရားခံရှိ၊မရှိဆိုသည်ကိုလည်း AA ဘက်က တိတိကျကျပြောကြားခြင်း မရှိသေးပေ။

သို့ရာတွင် မနွယ်သန္တာဝင်း အသတ်ခံရမှုနှင့်ပတ်သက်ပြီး အဓိက သံသယတရားခံဖြစ်သူကို ဖမ်းဆီးထားခြင်းဖြစ်သလို တရားခံ ကိုယ်တိုင်ကျူးလွန်ခဲ့ကြောင်း သက်သေအထောက်အထားများနှင့် ဝန်ခံချက်များကိုလည်း ရရှိထားပြီဖြစ်ကြောင်း ဦးခိုင်သုခက ပြောသည်။

“အဲဒီသက်သေအထောက်ထားတွေကို စနစ်တကျ မှန်မှန်ကန်ကန်စုစည်းပြီး တရားရုံးလုပ်ထုံးလုပ်နည်းနဲ့အညီ တိတိကျကျ ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ ပြစ်မှုနဲ့ထိုက်တန်တဲ့ ပြစ်ဒဏ်ကို လည်း တိတိကျကျပြတ်ပြတ်သားသား အရေးယူဆောင်ရွက်သွားမှာဖြစ်တယ်လို့ ကျနော့်အနေနဲ့ ဖြေကြားလိုပါတယ်”ဟု သူကပြောသည်။

မနွယ်သန္တာဝင်း အသတ်ခံရမှုနှင့်ပတ်သက်ပြီး စစ်ကောင်စီလက်အောက်ခံ စစ်တွေမြို့မရဲစခန်းကလည်း စုံစမ်းစစ်ဆေးနေပြီး လတ်တလောတွင် အသက် ၁၉ နှစ်အရွယ် မောင်မျိုးချစ်စိုးဆိုသူကို သံသယဖြင့်ဖမ်းဆီးထားကာ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့်ထားသည်။ ၎င်းသည်

မနွယ်သန္တာဝင်း အလုပ်လုပ်ကိုင်နေသည့်ဆိုင်နှင့် ဘေးချင်းကပ်ဆိုင်တွင် အလုပ်လုပ်ကိုင်နေသူဖြစ်ပြီး ဩဂုတ်လ ၁၆ ရက်နေ့တွင် သံသယဖြင့်ဖမ်းဆီးခံခဲ့ရသည်။