ပြည်သူ့စစ်သင်တန်း အမှတ်စဉ် (၈) ထိရှိလာ၊ သင်တန်းဆင်းသူများ တပ်ရင်း/တပ်ခွဲများတွင် တာဝန်ထမ်းနေကြောင်းဆို
စစ်ကောင်စီသည် စစ်မှုထမ်းသင်တန်း အမှတ်စဉ် (၁) ကို ၂၀၂၄ ခုနှစ်၊ ဧပြီလ ၈ ရက်တွင် စတင်ဖွင့်လှစ်ခဲ့ပြီး လက်ရှိတွင် သင်တန်းအမှတ်စဉ် (၈) အထိ ရှိလာနေပြီဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
24 Dec 2024
6.jpg)
DMG ၊ ဒီဇင်ဘာ ၂၄
သင်တန်းဆင်းပြည်သူ့စစ်မှုထမ်းများမှာ မြန်မာနိုင်ငံရှိ တပ်ရင်း/တပ်ဖွဲ့အသီးသီးတွင် ကျေပွန်စွာ တာဝန်ထမ်းဆောင်နေပြီဖြစ်ကြောင်း စစ်ကောင်စီက ဒီဇင်ဘာ(၂၃) ရက်တွင် ထုတ်ပြန်သည်။
စစ်ကောင်စီသည် စစ်မှုထမ်းသင်တန်း အမှတ်စဉ် (၁) ကို ၂၀၂၄ ခုနှစ်၊ ဧပြီလ ၈ ရက်တွင် စတင်ဖွင့်လှစ်ခဲ့ပြီး လက်ရှိတွင် သင်တန်းအမှတ်စဉ် (၈) အထိ ရှိလာနေပြီဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
တိုက်ပွဲများတွင် စစ်ရေးအရအရေးနိမ့်နေသော စစ်ကောင်စီသည် ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် စစ်မှုထမ်းဉပဒေကို ပြဌာန်းခဲပြီး ပြည်သူ့များကို အတင်းအဓမ္မစုဆောင်းကာ စစ်မြေပြင်သို့ စေလွှတ်ခဲ့သည်။ အခြားဒေသများထက် ရခိုင်စစ်မျက်နှာသို့ ပို့ဆောင်မှုကို ပိုတွေ့ရကြောင်း စစ်ရေးလေ့လာသူများက ဆိုသည်။
“စစ်ကောင်စီက လူငယ်တွေကို အတင်းအဓမ္မစုဆောင်းပြီးတော့ စစ်မြေပြင်တွေကို ပို့ဆောင်တာတွေရှိတယ်။ သင်တန်းတက်နေတဲ့အချိန်မှာ ထွက်ပြေးသွားတဲ့သူတွေလည်းရှိတယ်။ နောက်ပြီးတော့ ဧရာဝတီဖက်တွေမှာ တာဝန်ကျနေတဲ့ ပြည်သူ့စစ်တွေ ရခိုင်ဖက်ကို မလာချင်လို့ ထွက်ပြေးသူတွေလည်းရှိတယ်။ အဓိကတော့ ရခိုင်စစ်မြေပြင်သို့ ပို့တာအများတွေ့ရတယ် ”ဟု စစ်ရေးလေ့လာသူတစ်ဦးကပြောသည်။
စစ်ကောင်စီသည် ရသေ့တောင်၊ မောင်တော၊ ဘူးသီးတောင်နှင့် ဂွတိုက်ပွဲများတွင် ပြည်မဘက်မှ ပြည်သူ့စစ်မှုထမ်း အများအပြား အသုံးပြုခဲ့သည်။
လက်ရှိတွင်လည်း ရခိုင်ပြည်၊ စစ်တွေမြို့နယ်ရှိ မွတ်ဆလင်ထောင်နှင့်ချီကို စစ်သင်တန်းပေးထားသည်။ ၎င်းတို့ထဲမှ အချို့ကို ကျေးရွာအနီးတွင် ဘန်ကာများပြုလုပ်ကာ ကင်းစောင့်ခိုင်းခြင်း၊ အချို့ကို ရှေ့တန်း စစ်မြေပြင်သို့ ပို့ဆောင်ခြင်းများ လုပ်ဆောင်နေသည်။
စစ်တွေမြို့မှ မွတ်ဆလင်တစ်ဦးက “ ကျနော်တို့က စစ်ကောင်စီဆီမှာ စစ်မှုမထမ်းချင်ဘူး။ စစ်မှုမထမ်းချင်တဲ့ အတွက် သူတို့(စစ်ကောင်စီ)တောင်းတဲ့ ငွေတွေကို လစဉ်ပေးနေရတယ်။ ငွေမတတ်နိုင်တဲ့သူတွေကတော့ စစ်မှုထမ်းနေရတယ်။ အခုက စစ်တွေလည်း တိုက်ပွဲဖြစ်လာတော့မယ့်အနေအထားကို ရောက်နေတော့ ကျနော်တို့လည်း ဘယ်ကိုထွက်ပြေးလို့ ထွက်ပြေးရမှန်းမသိတော့ဘူး ” ဟု ပြောသည်။
စစ်ကောင်စီသည် ဖေဖော်ဝါရီလမှစ၍ ယခုအချိန်ထိ ပြည်သူ့စစ်မှုထမ်း ၃၀,၀၀၀ ခန့်ကို စုဆောင်ထားပြီး တိုက်ပွဲများတွင် အသုံးပြုနေကြောင်း ဧရာဝတီသတင်းဌာနတွင် ဖော်ပြသည်။