ပုလောမြို့နယ်မှ စစ်ရှောင်များ ဆေးဝါးအကူအညီလိုအပ်နေ

တနင်္သာရီတိုင်း၊ ပုလောမြို့နယ်အတွင်းက စစ်ဘေးရှောင်(၉၀၀၀)ကျော်အား ကျန်းမာရေးစောင့်ရှောက်မှု ပေးရန်အတွက် ဆေးဝါးများ အရေးပေါ်လိုအပ်နေကြောင်း စစ်ဘေးရှောင်ကူညီရေး လုပ်ဆောင်ပေးနေသူများထံမှ သိရသည်။

05 Oct 2022

ပုလောမြို့နယ်ရှိ ကျေးရွာအချို့မှ ရွာသားများကို KPDF (ပုလော)ဆေးတပ်ဖွဲ့မှ ကျန်းမာရေးစောင့်ရှောက်မှု ပေးနေစဉ်။ ဓာတ်ပုံ- ကရင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(ပုလော)- KPDF

DMG ၊ အောက်တိုဘာ ၅

တနင်္သာရီတိုင်း၊ ပုလောမြို့နယ်အတွင်းက စစ်ဘေးရှောင်(၉၀၀၀)ကျော်အား ကျန်းမာရေးစောင့်ရှောက်မှု ပေးရန်အတွက် ဆေးဝါးများ အရေးပေါ်လိုအပ်နေကြောင်း စစ်ဘေးရှောင်ကူညီရေး လုပ်ဆောင်ပေးနေသူများထံမှ သိရသည်။

စစ်ရှောင်စခန်းများတွင် ပြီးခဲ့သည့် စက်တင်ဘာလ တတိယအပတ်မှစ၍ ဆေးဝါးများ ပြတ်လပ်လာမှုကြောင့် အရေးပေါ်ဆေးကုသရာတွင် အခက်အခဲများဖြစ်ပေါ်နေခြင်းဟု ဒေသခံစစ်ရှောင်ကူညီရေး လုပ်ဆောင်နေသူတစ်ဦးက ပြောသည်။

“ဆေးဝါးတွေ ထောက်ပံ့ပေးနေတာ ရှိပါတယ်။ ဒါပေမယ့် အရင်လဝက်လောက်ကစပြီးတော့ ဆေးဝါးတွေ ပြတ်သွားတယ်။ စခန်းထဲမှာရှိတဲ့ ဆေးဝါးလက်ကျန်တွေနဲ့ပဲ ဆေးဝန်ထမ်းတွေက ကုသပေးနေပါတယ်။ ပြည်တွင်းပြည်ပက အလှူရှင်တွေအနေနဲ့ လှူဒါန်းအကူအညီပေးကြဖို့ တောင်းဆိုပါတယ်”ဟု ၎င်းကပြောသည်။

စစ်ဘေးရှောင်များမှာ ငှက်ဖျား၊ တုပ်ကွေး၊ ဝမ်းရောဂါတို့ အများဆုံးဖြစ်ပွားနေပြီး ကလေးငယ်၊ ကိုယ်ဝန်ဆောင် မိခင်များနှင့် အသက်ကြီးရွယ်အိုများအတွက် ဆေးဝန်ထမ်းများမှ ကုသနေသော်လည်း လိုအပ်သည့် ဆေးဝါးများရရှိရန် ခက်ခဲနေကြောင်း သိရသည်။

စစ်ရှောင်များကို ကုသပေးနေသည့် ဆေးဝန်ထမ်းတစ်ဦးက “စစ်ဘေးရှောင်တွေထဲမှာ ကလေးငယ်တွေ ကိုယ်ဝန်ဆောင်တွေနဲ့ အသက်ကြီးရွယ်အိုတွေက အများဆုံးပါတယ်။ ဆေးဝါးတွေ လုံလောက်မှုမရှိတော့ ကျန်းမာရေးစောင့်ရှောက်မှု အပြည့်အဝမပေးနိုင်သေးဘူး ဖြစ်နေတယ်”ဟု ဆိုသည်။

ထို့အပြင် ထားဝယ်-ပုလောကားလမ်းမအနီး နှစ်ဖက်တိုက်ပွဲ ဖြစ်ပွားနေမှုနှင့် စစ်တပ်မှ ဆေးဝါးနှင့် ရိက္ခာသယ်ယူခွင့် ပိတ်ပင်ထားမှုကြောင့် စစ်ရှောင်စခန်းများသို့  ဆေးဝါးသယ်ယူပို့ဆောင်ရာတွင် အခက်အခဲများနှင့်ရင်ဆိုင်နေရကြောင်း ပုလောဒေသခံ စစ်ရှောင်ကူညီရေး လုပ်ဆောင်ပေးနေသူများထံမှ သိရသည်။

“အခု ဆေးဝါးနဲ့ရိက္ခာကို လမ်းမှာ သယ်ခွင့်မပေးဘူး။ စစ်တပ်က ပိတ်ထားတယ်။ ဆေးဝါးတွေ သယ်ပို့ဖို့ ခက်သွားတယ်။ တိုက်ပွဲဖြစ်တာ စိပ်နေတာလည်းပါတယ်။ သွားပို့ဖို့အတွက်ဆို အခြားအဆင်ပြေတဲ့ နည်းလမ်းတွေသုံးပြီး ပို့ဆောင်ပေးနိုင်ဖို့ ကြိုးစားနေပါတယ်”ဟု ပုလောဒေသခံ စစ်ဘေးရှောင်ကူညီရေး လုပ်ဆောင်သူတစ်ဦးက ပြောသည်။

တနင်္သာရီတိုင်း ပုလောမြို့နယ်တွင် ပြီးခဲ့သည့် ဇူလိုင်မှ စက်တင်ဘာလအထိ စစ်ကောင်စီတပ်နှင့် ကေအန်ယူ တပ်မဟာ(၆) KNDO ပူးပေါင်းအဖွဲ့ကြား တိုက်ပွဲများဖြစ်ပွားနေမှုကြောင့် နေရပ်စွန့်ခွာတိမ်းရှောင်နေရသူ ဦးရေ(၉၀၀၀)ကျော်အထိရှိနေကြောင်း စစ်ရှောင်ကူညီရေး လုပ်ဆောင်သူများထံမှ သိရသည်။