ရခိုင်က မြို့နယ်တချို့တွင် စက်သုံးဆီဈေးနှုန်း မြင့်တက်နေဆဲ

သတ်မှတ်ထားသည့်ဈေးနှုန်းအတိုင်း စက်သုံးဆီဈေးနှုန်းများကို လျှော့ရောင်းရန် ညွှန်ကြားထားသော်လည်း ရခိုင်က ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြောက်ဦးမြို့များတွင် ဆီဈေးနှုန်းမြင့်တက်နေဆဲဖြစ်ကြောင်း ဒေသခံများထံမှသိရသည်။

15 Jul 2022

စစ်တွေမြို့ရှိ စက်သုံးဆီအရောင်းဆိုင် တစ်ဆိုင်အား တွေ့ရစဉ်။

DMG ၊ ဇူလိုင် ၁၅

သတ်မှတ်ထားသည့်ဈေးနှုန်းအတိုင်း စက်သုံးဆီဈေးနှုန်းများကို လျှော့ရောင်းရန် ညွှန်ကြားထားသော်လည်း ရခိုင်က ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြောက်ဦးမြို့များတွင် ဆီဈေးနှုန်းမြင့်တက်နေဆဲဖြစ်ကြောင်း ဒေသခံများထံမှသိရသည်။

ယနေ့(ဇူလိုင်လ ၁၅ ရက်နေ့) ရခိုင်တွင် စက်သုံးဆီ 92 (အောက်တိန်း)တစ်လီတာလျှင် ၁၈၆၅ ကျပ်၊ 95 (အောက်တိန်း) တစ်လီတာလျှင် ၁၉၃၅ ကျပ် ၊ HSD(500 pm) တစ်လီတာလျှင် ၂၂၇၀ကျပ်၊ HSD(50 ppm) တစ်လီတာလျှင် ၂၃၃၀ ကျပ်၊ HSD(10ppm) တစ်လီတာလျှင် ၂၃၃၀ ကျပ်အထိ ဈေးနှုန်းလျှော့ချရောင်းရန် စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီက ထုတ်ပြန်ထားသည်။

သို့သော် ပုဏ္ဏားကျွန်း၊ ကျောက်တော်နှင့် မြောက်ဦး စသည့်မြို့နယ်များတွင် ဆီတစ်လီတာကို ၂၆၀၀ ကျော်ထိပေးပြီး ဝယ်နေရကြောင်း ဒေသခံများထံမှ သိရသည်။

ပုဏ္ဏားကျွန်းမြို့မှ ဘေးတွဲဆိုင်ကယ်မောင်းနေသည့် ကိုခိုင်ထွန်းအောင်က “ကျွန်တော်တို့မြို့မှာ ဆီဈေးက လုံးဝမကျဘူး။ အခုအောက်တိန်း တစ်လီတာကို ၂၆၀၀ ကျပ်ပေးပြီးတော့ ဝယ်နေရတယ်။ အဲဒါတောင် လမ်းဘေးဆိုင်တွေကမဟုတ်ဘူး။ ဆီဆိုင်ကြီးတွေက ဖြည့်တာ။ တစ်လီတာကို အဲဒီလောက်ပေးရတယ်”ဟု ၎င်းကဆိုသည်။

ထိုသို့ စက်သုံးဈေးနှုန်းမြင့်တက်နေသည့် ဘေးတွဲဆိုင်ကယ်မောင်းရာတွင် အခက်အခဲများရှိပြီး စက်သုံးဈေးကျစေလိုကြောင်း ကိုခိုင်ထွန်းအောင်က ပြောသည်။

၎င်းနည်းအတူ မြောက်ဦးမြို့တွင်လည်း အောက်တိန်း(92) တစ်လီတာကို ၂၄၀၀ ကျပ်ထိပေးပြီး ဖြည့်နေရကြောင်း မြောက်ဦးဒေသခံတစ်ဦးက ပြောသည်။

“မြောက်ဦးမှာ ဆီတစ်လီတာကို ၂၄၀၀ ကျပ်ပေးပြီးတော့ ဖြည့်ရတယ်။ စစ်တွေမှာတော့ ၁၈၀၀ ကျော်လိုကြားတယ်။ ဒါပေမဲ့ ကျွန်တော်တို့ဖက်မှာတော့ ဈေးလုံးဝမကျဘူး။ ဘာဖြစ်လို့လဲမသိဘူး”ဟု ၎င်းကဆိုသည်။

အဆိုပါ မြို့နယ်အလိုက် စက်သုံးဆီဈေးနှုန်းကွာခြာရခြင်းမှာ ဆိုင်လိုင်စင်၊ ရှိမရှိနှင့် သက်ဆိုင်ပြီး လိုင်စင်ဈေးနှုန်းပေးရသည့်အတွက် တချို့ဆိုင်များတွင် ဈေးတင်ရောင်းရခြင်းဖြစ်ကြောင်း မြောက်ဦးမြို့မှ အမည်ဖော်လိုသည့် ဆီဆိုင်ပိုင်ရှင်တစ်ဦးကပြောသည်။

၎င်းက “ကျွန်တော်တို့ဆိုင်မှာ အောက်တိန်းတစ်လီတာကို ၂၄၀၀ ရောင်းပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်တို့မှာ လိုင်စင်မရှိဘူး။ အဲဒီအတွက် လိုင်စင်ခပေးရတဲ့အတွက် စက်သုံးဆီဈေးတိုးမြှင့်ပြီးတော့ တောင်းရတာပါ။ လိုင်စင်ရှိတာနဲ့ မရှိတာကွာသွားတာပါ”ဟု ပြောသည်။

နေ့စဉ်ထုတ်ပြန်လျှက်ရှိသော ဈေးနှုန်းအတိုင်းရောင်းချခြင်းမရှိပါက ဖုန်းနံပတ် ၀၆၇-၄၀၉ ၈၈၁၊ ၀၆၇-၄၁၁ ၁၂၉၊ ၀၉- ၆၉၉ ၆၁၁ ၁၁၆ နှင့် ၀၉-၄၄၀ ၄၃၃ ၅၃၃ တို့ကို ဆက်သွယ်တိုင်ကြားနိုင်ကြောင်း စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီက ထုတ်ပြန်ထားသည်။

စစ်တွေမြို့ရှိ ဆီတရားဝင်ရောင်းချရန် လိုင်စင်ရထားသော ရွှေရိုးမ၊ Kyaw San၊ Htoo၊ City နှင့် BMI ဆိုင်တို့တွင် သတ်မှတ်ဈေးနှုန်းအတိုင်းရောင်းချပေးနေကြောင်း ရခိုင်ပြည်နယ်၊ စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးရေးအသင်း(ယာယီ)ဒုဥက္ကဋ္ဌ ကိုအောင်ထိုက်က DMG သို့ပြောသည်။

“စစ်တွေမြို့ထဲမှာတော့ ဆီတရားဝင်ရောင်းချရန် လိုင်စင်ရထားတဲ့ ဆိုင် ၅ ဆိုင်ရှိတယ်။ အဲဒီဆိုင်တွေမှာ အစိုးရဈေးနဲ့ ရောင်းချပေးနေတယ်။ ကျန်တဲ့မြို့နယ်တွေကိုတော့ ကျွန်တော်လည်း မပြောတတ်ဘူး။ အဲဒီဈေးနဲ့မရောင်းချလို့ရှိရင် စက်သုံးဆီတင်းသွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီကို တိုင်ကြားနိုင်တယ်”ဟု ၎င်းကဆိုသည်။

စစ်တွေမြို့ရှိ စက်သုံးဆီဆိုင်အချို့တွင် မကြာခဏဆိုသကဲ့သို့ ဆီပြတ်လပ်မှုများဖြစ်ပေါ်လေ့ရှိပြီး အချိန်ကြာမြင့်စွာ တန်းစီဝယ်ယူနေကြရသည်။