စက်သုံးဆီဈေးမြင့်တက်မှုကြောင့် အခြေခံလူတန်းစားများဘဝ ပိုမိုထိခိုက်လာ

ယူကရိန်း-ရုရှားစစ်ရေးပဋိပက္ခနှင့်အတူ ကမ္ဘာ့ရေနံလောင်စာဆီဈေးမြင့်တက်မှုကြောင့် မြန်မာနိုင်ငံတွင်လည်း စက်သုံးဆီဈေးနှုန်း ယခင်ထက်မြင့်တက်လာကာ အခြေခံလူတန်းစားများ ဘဝရပ်တည်ရေးအတွက် ပိုမိုခက်ခဲလာနေကြောင်း သိရသည်။

04 Mar 2022

DMG ၊ မတ် ၄

ယူကရိန်း-ရုရှားစစ်ရေးပဋိပက္ခနှင့်အတူ ကမ္ဘာ့ရေနံလောင်စာဆီဈေးမြင့်တက်မှုကြောင့် မြန်မာနိုင်ငံတွင်လည်း စက်သုံးဆီဈေးနှုန်း ယခင်ထက်မြင့်တက်လာကာ အခြေခံလူတန်းစားများ ဘဝရပ်တည်ရေးအတွက် ပိုမိုခက်ခဲလာနေကြောင်း သိရသည်။

စက်သုံးဆီဈေးနှုန်းမြင့်မားမှုကြောင့် အခြေခံလူတန်းစားများမှာ တစ်နေ့ရရှိသောဝင်ငွေဖြင့် လုံလောက်မှုမရှိဘဲ ပိုမိုခက်ခဲလာရကြောင်း ညောင်တုန်းမြို့မှ ဆိုင်ကယ်ကယ်ရီပြေးဆွဲသူတစ်ဦးမှ DMG ကိုပြောသည်။

"တစ်နေ့ထက်တစ်နေ့ ဓာတ်ဆီဈေးတွေက မတရားတက်လာတယ်။ အရင်လတုန်းကတည်းက ၁၈၀၀ နီးပါး ရှိလာတာ။ မနေ့ကစပြီး ဈေးတွေပိုတက်တော့ ကျွန်တော်တို့အတွက် မိသားစုစားသောက်ဖို့တောင် မကျန်သလို ဖြစ်နေရပြီ။ ကျွန်တော့်လို သာမန်လက်လုပ်လက်စားမိသားစုအတွက်က အရမ်းအခက်အခဲဖြစ်ရတယ်"ဟု ၎င်းကပြောသည်။

ထို့အပြင် စက်သုံးဆီဈေးနှုန်းမြင့်တက်လာမှုကြောင့် ကုန်စည်ပို့ဆောင်ခများနှင့် ခရီးသည်ယာဉ်လိုင်းတို့မှာ ဈေးနှုန်းမြင့်တက်လာကာ အချို့ယာဉ်လိုင်းများမှာ ရပ်နားထားရသည်အထိရှိနေကြောင်း သိရသည်။

မွန်ပြည်နယ်မှ ရန်ကုန်သို့ ပြေးဆွဲနေသည့်ယာဉ်မောင်းတစ်ဦးက "ဆီဈေးတွေတက်လာတဲ့အတွက် ယာဉ်စီးခတွေကော ကုန်ပစ္စည်းသယ်ဆောင်ခလည်း ဈေးနှန်ုးတွေပိုတက်သွားတယ်။ တချို့ယာဉ်လိုင်းတွေဆို ယာဉ်စီးရေထွက်တာ လျော့ပြီးဆွဲတာတို့၊ ရပ်နားပစ်တာတို့ရှိပါတယ်။ အဲဒီအတွက်လည်း ယာဉ်မောင်းတချို့ဆို တော်တော်ဒုက္ခရောက်ကုန်ပါတယ်"ဟု ပြောသည်။

စစ်တပ်မှအာဏာသိမ်းယူခဲ့သည့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလမှ ဇူလိုင်လအထိ စက်သုံးဆီဈေးနှုန်း မြင့်တက်မှုမရှိခဲ့သော်လည်း ယခု ၂၀၂၂ ခုနှစ် ဇန်နဝါရီလမှစပြီး စက်သုံးဆီဈေးနှုန်းမှာ သိသိသာသာ မြင့်တက်လာနေကြောင်း ပြည်တွင်းစက်သုံးဆီ အရောင်းဆိုင်များကဆိုသည်။

လက်ရှိမှာ ဓာတ်ဆီအောက်တိန်း(၉၂) တစ်လီတာလျှင် ၂၀၁၀ ကျပ်၊ အောက်တိန်း(၉၅)တစ်လီတာလျှင် ၂၀၆၅ ကျပ်၊ ရိုးရိုးဒီဇယ်တစ်လီတာလျှင် ၂၀၃၅ ကျပ်နှင့် ပရီမီယမ်ဒီဇယ်တစ်လီတာလျှင် ၂၀၃၅ ကျပ်အထိ အသီးသီး ဈေးမြင့်တက်လျက်ရှိနေသည်။