- တွေ့ဆုံဆွေးနွေးမည်ဟု ပြောသော်လည်း စစ်တွေနှင့် ကျောက်ဖြူတွင် ပစ်ခတ်မှုများရှိနေ
- ဟောင်းနွမ်းငွေစက္ကူများကို မသုံးလျှင် အရေးယူမည်ဟု AA သတိပေးချက် လိုက်နာမှု အားနည်းနေ
- ရန်ကုန်တွင် လူအစုလိုက်အပြုံလိုက် ဖမ်းဆီးခံရမှု ရခိုင်လူငယ် ၂၀ ဦးထက်မနည်း ပါဝင်
- မြို့နယ် ၁၄ ခုသိမ်းပြီးနောက် နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန် အသင့်ရှိကြောင်း AA ထုတ်ပြန်
- တိုက်ပွဲဖြစ်ပွားမှုရှိလာ၍ စစ်တွေက မွတ်ဆလင်များ နေရပ်စွန့်ခွာ ထွက်ပြေး
ရခိုင်မှ ရေချိုပုဇွန်ထုတ်သားပေါက်များကို ပြည်မသို့ တင်ပို့ရောင်းချရန်စီစဉ်နေ
စမ်းသပ်မွေးမြူ၍အောင်မြင်ခဲ့သော ရခိုင်ပြည်မျိုးစိတ်ဖြစ်သည့် ရေချိုပုဇွန်ထုတ်သားပေါက်များကို ပြည်မသို့ တင်ပို့ရောင်းချသွားမည်ဖြစ်ကြောင်း ပြည်နယ်ငါးလုပ်ငန်းဦးစီးဌာနမှ သိရသည်။
23 Aug 2022
DMG ၊ သြဂုတ် ၂၃
စမ်းသပ်မွေးမြူ၍အောင်မြင်ခဲ့သော ရခိုင်ပြည်မျိုးစိတ်ဖြစ်သည့် ရေချိုပုဇွန်ထုတ်သားပေါက်များကို ပြည်မသို့ တင်ပို့ရောင်းချသွားမည်ဖြစ်ကြောင်း ပြည်နယ်ငါးလုပ်ငန်းဦးစီးဌာနမှ သိရသည်။
ရခိုင်ပြည်နယ်တွင် မျိုးတုန်းလုနီးပါးဖြစ်နေသည့် ရေချိုပုဇွန်ထုတ်မျိုးစိတ်ကို ပြီးခဲ့သည့် ၂၀၂၁ ခုနှစ်က သားပေါက်စမ်းသပ်မွေးမြူခဲ့ရာတွင် ရာနှုန်းပြည့်အောင်မြင်မှုရရှိခဲ့ပြီး ပြည်နယ်တွင်းလိုအပ်ချက်ထက် ပိုလျှံသည်များကို ပြည်မသို့စမ်းသပ်တင်ပို့ခဲ့သည်များလည်းရှိကြောင်း ပြည်နယ်ငါးလုပ်ငန်းဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးသက်ဦးက DMG သို့ပြောသည်။
“တခြားပြည်နယ်နဲ့ တိုင်းဒေသကြီးတွေမှာရှိတဲ့ ရေချိုပုဇွန်တုတ်မျိုးတွေက ဖမ်းဆီးတာများတာနဲ့ တခြားမျိုးနဲ့စပ်တာတွေကြောင့် မျိုးပျက်သလောက်နီးပါးဖြစ်သွားပြီ။ ဒေသမျိုးရင်းစစ်ဆိုတာတွေ ရှားသွားပြီ။ ရခိုင်မှာကျတော့ ကျောက်တော်၊ မြောက်ဦးဘက်မှာ ဒီမျိုးတွေကရှိသေးတယ်။ ဒီတော့ ဒါတွေကို ပိုတိုးပွားလာအောင်လုပ်ပြီး ပြည်နယ်တွင်းအတွက်လုံလောက်ရင် ပြည်မဘက်ကို တင်ပို့တဲ့သဘောပါပဲ“ဟု ၎င်းကရှင်းပြသည်။
ပြီးခဲ့သည့်နှစ်က သားပေါက်စခန်းများမှရရှိလာသော ရေချိုပုဇွန်သားပေါက်များကို ဒေသအတွင်း ပြန်လည်မျိုးစိုက်ထည့်ခြင်းများလုပ်ဆောင်နေကြောင်းနှင့် ပိုလျှံသည်များကို ပြည်မသို့ စမ်းသပ်တင်ပို့ခဲ့ကြောင်း ဦးသက်ဦးကပြောသည်။
လက်ရှိတွင် ရေငံပုဇွန်ထုတ်လုပ်သည့်စခန်းများကိုပါ ရေငံပုဇွန်မွေးမြူထုတ်လုပ်မှုရပ်နားချိန်တွင် ရေချိုပုဇွန်သားဖောက်ခြင်းလုပ်ငန်းများကိုဆောင်ရွက်ရန် ညွှန်ကြားထားကြောင်းနှင့် ပြည်မဒေသများမှ ရေချိုပုဇွန်မွေးမြူလိုသူများအတွက် ရောင်းချပေးနိုင်ရန်ကိုပါ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ၎င်းကဆိုသည်။
“ရေချိုပုဇွန်ထုတ်က ပထမဆုံးစပြီး စမ်းသပ်မွေးမြူတဲ့နှစ်မှာဆိုရင် တစ်သိန်းနှစ်သောင်းလောက်ပဲ ပေါက်တယ်။ နောက်တစ်ခေါက်မှာ အကောင်ရေသိန်းနှစ်ဆယ်နီးပါးပေါက်တယ်။ ဒါပေမယ့် အလေအလွင့်တွေရှိတော့ ဆယ်သိန်းလောက်ပဲတင်တယ်။ ဒီအထဲကသုံးသိန်းကို ပြည်မကိုတင်ပို့ခဲ့တယ်။ လာမယ့်နှစ်မှာတော့ အနည်းဆုံးသိန်းနှစ်ဆယ်လောက်ထုတ်နိုင်ဖို့ ကြိုးစားသွားမယ်”ဟု ဦးသက်ဦးကပြောဆိုသည်။
သက်ရှိသတ္တဝါများကို မွေးမြူနေရခြင်းဖြစ်၍ မည်မျှထုတ်လုပ်နိုင်မည်ကို အတိအကျပြောဆိုရန်ခက်ခဲသော်လည်း အများဆုံးထုတ်လုပ်နိုင်ရန် ကြိုးပမ်းသွားမည်ဖြစ်ကြောင်း ၎င်းကထပ်လောင်းပြောဆိုခဲ့သည်။
ရခိုင်ပြည်တွင် စိုက်ပျိုးမွေးမြူရေးနှင့်ပတ်သက်၍ လူထုစိတ်ဝင်စားမှုမှာ နည်းပါးနေခဲ့ကြောင်းနှင့် ၂၀၂၀ နောက်ပိုင်းကာလများမှသာ လူငယ်များက ယင်းကဏ္ဍအပေါ် အနည်းငယ်စိတ်ဝင်စားလာကြသော်လည်း လက်ရှိတွင် မွေးမြူရေးလုပ်ငန်းလုပ်ကိုင်သူမှာ နည်းပါးနေသေးကြောင်း ဝါရင်စီးပွားရေးလုပ်ငန်းရှင် ဦးခင်မောင်ကြီးက သုံးသပ်ပြောဆိုသည်။
“ငါး၊ ပုဇွန်၊ ဂဏန်း ဒါတွေအကုန်လုံးက ကိုယ့်ပြည်နယ်ရဲ့ ဝင်ငွေရတဲ့လုပ်ငန်းတွေပဲလေ။ အခုလိုရခိုင်မှာ ရေချိုပုဇွန်တွေ မွေးမြူနိုင်တော့မယ်ဆိုတာက ဝမ်းသာစရာပါပဲ။ ဒါပေမယ့် ဒီမွေးမြူရေးလုပ်ငန်းတွေကို လုပ်တဲ့လူတွေကလည်း အခုမှ တဖြည်းဖြည်း ရှိလာနေတဲ့သဘောပဲလေ။ တကယ်တမ်းပြောရရင် ဒီလုပ်ငန်းတွေအပေါ်မှာ ဒေသခံလုပ်ငန်းရှင်တွေအနေနဲ့ သေသေချာချာလုပ်ကိုင်ကြမယ်ဆိုရင် အများကြီးအကျိုးရှိမှာပါ”ဟု ၎င်းကပြောသသည်။
ရေချိုပုဇွန်များမှာ ရေချိုရေငံစပ်ဒေသများတွင်သာရှင်သန်နိုင်ပြီး မွေးမြူလိုသူများအနေဖြင့် ငါးလုပ်ငန်းဦးစီးဌာနနှင့် ဆက်သွယ်ကာ သားပေါက်များဝယ်ယူနိုင်ကြောင်း ပြည်နယ်ငါးလုပ်ငန်းဦးစီးဌာနမှ သိရသည်။
ရခိုင်ပြည်နယ်တွင် ရေငံပုစွန်များကို ကျောက်ဖြူမြို့နယ် စေတီယျစခန်း၊ ပေါက်တောမြို့နယ် စိုးမဲကျီစခန်း၊ စစ်တွေမြို့နယ် ရေချမ်းပြင်စခန်းတို့တွင် မွေးမြူလုပ်ကိုင်လျက်ရှိသည်။