နိုင်ငံရေး မတည်ငြိမ်မှုများကြောင့် မွတ်ဆလင်များကို ပြန်လည်လက်ခံရေးလုပ်ငန်း အဆင်မပြေနိုင်ကြောင်း နိုင်ငံရေးသမားများပြော

မြန်မာနိုင်ငံတွင် နိုင်ငံရေးတည်ငြိမ်မှုမရှိသည့်အတွက် လက်ရှိ စစ်ကောင်စီမှ လုပ်ဆောင်နေသည့် ဘင်္ဂလားဒေ့ရောက် ရခိုင်မှ မွတ်ဆလင် ဒုက္ခသယ်များ လက်ခံရေး  လုပ် ငန်းများမှာ အောင်မြင်မည့် အခြေအနေမရှိ ကြောင်း ရခိုင်နိုင်ငံရေး လေ့လာသုံးသပ်သူများကပြော ဆိုနေကြသည်။

12 Jun 2022

၂၀၁၇ ခုနှစ်က ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ မွတ်ဆလင်များ ထွက်ပြေးသွာရပုံ။ (ဓာတ်ပုံ - AFP)

DMG ၊ ဇွန် ၁၂

မြန်မာနိုင်ငံတွင် နိုင်ငံရေးတည်ငြိမ်မှုမရှိသည့်အတွက် လက်ရှိ စစ်ကောင်စီမှ လုပ်ဆောင်နေသည့် ဘင်္ဂလားဒေ့ရောက် ရခိုင်မှ မွတ်ဆလင် ဒုက္ခသယ်များ လက်ခံရေး  လုပ် ငန်းများမှာ အောင်မြင်မည့် အခြေအနေမရှိ ကြောင်း ရခိုင်နိုင်ငံရေး လေ့လာသုံးသပ်သူများကပြော ဆိုနေကြသည်။

ပြီးခဲ့သည့် ၂၀၁၇ ခုနှစ် က ရခိုင် မြောက်ပိုင်းတွင် ARSA နှင့် မြန်မာ စစ်တပ်တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်တပ်မှ နယ်မြေရှင်းလင်းရေး အကြောင်းပြကာ ဒေသခံများကို သတ်ဖြတ်၊ နှိပ်စက်၊ နေအိမ်မီးရှို့ခြင်းများ လုပ်ဆောင်ခဲ့သဖြင့် ရခိုင်မြောက်ပိုင်း ရသေ့တောင်၊ ဘူးသီးတောင်၊ မောင်တောဒေသမှ မွတ်ဆလင် (၇) သိန်းကျော်တို့မှာ  ဘင်္ဂလားဒေ့ရှ် နိုင်ငံဖက်သို့ ထွက်ပြေး သွားခဲ့ရပြီး ယခု (၅) နှစ်ကြာသည်အထိ မလာရောက်နိုင်သေးပေ။

ယခုအခါ စစ်ကောင်စီ အနေဖြင့်လည်း ဘင်္ဂလားဒေ့ရှ် ရှိ ဒုက္ခသည်များကို ခေါ်ယူ နိုင်ရန်အတွက် ဆွေးနွေး လျှက် ရှိပြီး ပြန်လည်ဝင်ရောက်လာမည့် သူတို့ကို မောင်တော တောင်ပြိုလက်ဝဲ နှင့် ငခူရ၊ လှဖိုးခေါင် စသည့် စခန်းတွင် နေရာ ချထားပေးရန် စီစဉ်နေကြောင်း ရခိုင်ပြည်နယ် စစ်ကောင်စီအဖွဲ့ ပြောရေးဆိုခွင့် ဆိုသူ ဦးလှသိန်း က DMG ကို ပြောဆိုသည်။

“ လက်ခံဖို့ အစီအစဉ် ရှိတယ်။ မကြာသေးခင်ကလဲ ဘင်္ဂလားဒေ့ရှ် အစိုး ရနှင့် မြန်မာအစိုးရတော့ နယ်စပ်တစ်နေရာမှာ တွေ့ဆုံထားတာ ရှိတယ်။ ခေါ်ယူမယ် ဆိုရင်တော့ တစ်ပတ်မှာ ဦးရေ ၁၅၀ လက်ခံဖို့ ရှိတယ်။ လက်ရှိ ဘယ်အချိန်ခေါ်ယူမယ်ဆိုတာတော့ တိတိကျကျ မသိဘူး ” ဟု ဦးလှသိန်းက ဆိုသည်။

ထို့အတူ မကြာမီတွင် ပြန်လာမည့် မွတ်ဆလင် ဒုက္ခသည် ဦးရေ (၇၀၀) စာရင်းကို ပေးပို့ထားလျှက် ရှိပြီး ယင်းစာရင်း အား ပြည် ထောင်စုအဆင့်မှနေ ဘင်္ဂလားဒေ့ရှ် အစိုးရ နှင့် ချိတ်ဆက် လုပ်ဆောင် နေကြောင်း လည်း ဦးလှသိန်းက ဆက်ပြောသည်။

ထိုသို့ စစ်ကောင်စီက ပြန်လည်ခေါ်ယူရန် လုပ် ဆောင်နေခြင်းအပေါ် မွတ်ဆလင်တို့ဘက်က လက်ရှိ မြန်မာနိုင်ငံ၏ နိုင်ငံရေး ပဋိပက္ခ ရှုပ်ထွေးမှု အခြေအနေကို ချင့်ချိန်ရအုံးမည်ဖြစ်သဖြင့် သူတို့မှာ ပြန်လာနိုင်ရေးကို လက်ခံမည်မ ဟုတ်သေးကြောင်း ရခိုင့် နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးဖေသန်းက ရှုမြင်သည်။

“ နိုင်ငံရေး အရ လုံခြုံစိတ်ချမှု မရှိရင်တော့ သူတို့တွေ လာနိုင်မှာ မဟုတ်ဘူး။ ဘင်္ဂလီ တွေ အနေနဲ့ လက်ရှ နိုင်ငံရေးအပေါ် လုံခြုံစိတ်ချနိုင်မလား ဆိုတာကိုလဲ ဆုံးဖြတ်ဖို့လိုအပ်သေးတယ်။ နိုင်ငံရေး လုံခြုံစိတ်ချမှု မရှိရင်တော့ သူတို့ ပြန်လာနိုင်မှာ မသေချာဘူး ”  ဟု ဦးဖေသန်းက ဆိုသည်။

အလားတူ လက်ရှိ ရခိုင်ပြည်နယ်အတွင်းတွင်လဲ စစ်ကောင်စီတပ် များ နှင့် ရခိုင်တပ်တော် အေအေ တို့မှာ တစ်ဖက် နှင့်တစ်ဖက် စစ်ရေး တင်းမာမှုများနှင့် အတူ တိုက်ပွဲအချိန်မရွေး ဖြစ်ပွားနိုင်သည့် အနေအထား ရှိနေကြသည်။

အဆိုပါ ဒုက္ခသည် ပြန်လာနိုင်ရေး ကိစ္စအား NLD အစိုးရလက်ထက်ကတည်းက ကြိုးစားခဲ့သော်လည်း အဆင်မပြေခဲ့ပေ။ ယင်းကြောင့် စစ်ကောင်စီဘက်ကလည်း ၎င်းတို့ကို ပြန်ခေါ်နိုင်ရေးအတွက် ထပ်မံ လုပ်ဆောင်နေခြင်းဖြစ်သည်။

ထိုသို့ လုပ်ဆောင်နေခြင်းမှာလည်း စစ်ကောင်စီ၏ ကမ္ဘာ့နိုင်ငံများနှင့် ဆက်ဆံရေး အကျပ်အတည်းကြောင့် နိုင်ငံရေးထွက်ပေါက် ရည်မှန်ချက်တခုသာဖြစ်ကြောင်းနှင့် ယခုအခြေအနေတွင် မလွယ်နိုင်သေးကြောင်း ဝေဖန် ပြောဆိုနေကြခြင်းလည်းဖြစ်သည်။

ရခိုင်နိုင်ငံရေးသမား ဒေါက်တာအေးမောင်ကလည်း ထိုမွတ်ဆလင်များ ထွက်ပြေးသွားရခြင်းမှာ နိုင်ငံရေးရည်မှန်း ချက်ကြောင့် ထွက်ပြေးသူများနှင့် လုံခြုံရေးအခြေအနေကြောင့် ထွက်ပြေးသူများ ရှိနေသဖြင့် နိုင်ငံရေးရည်မှန်းချက်ကြောင့် ထွက်ပြေးသွားသူမျာအနေဖြင့် ၄င်တို့၏  ရည်မှန်းချက်မပြည့်လျှင် ပြန်လာမည် မသေချာကြောင်း သုံးသပ်သည်။

“ ဥပမာ ဒီကို ပြန်လာရင် နိုင်ငံသားအဖြစ်ပေးရမယ်လို့ တောင်းဆိုထားရင် အစိုးရက ဒီအချက်ကို မလုပ်ပေးရင် သူတို့ လာမှာ မဟုတ်ဘူး။ နေထိုင်လို့ မရလို့ ထွက်ပြေးသွားသူကတော့ ထွက်ပြေးသွားတဲ့ မိမိဒေသ ငြိမ်ချမ်း နေပြီလို့ ထင်ရင် အခုနေတဲ့ ဘင်္ဂလားဒေ့ရှ် မှာ အခက်အခဲ ဖြစ်တယ် ဆိုရင်တော့ ဒီကိုပြန်လာနိုင်တယ် ” ဟု ဒေါက်တာအေးမောင်က သူ့အမြင်ကို ပြောသည်။

ယင်းအပြင် စစ်ကောင်စီအနေဖြင့်လည်း ဘင်္ဂလားဒေ့ရှ်ရောက် မွတ်ဆလင်များ ပြန်လည်လက်ခံရေး ကိစ္စ အစီစဉ်များကို ပြည်သူများ သိရှိနိုင်ရန် ရှင်းရှင်းလင်းချပြရန် လိုအပ်ကြောင်းလည်း ရခိုင့် နိုင်ငံရေး လေ့လာ သုံးသပ်သူများ ကပြောနေကြသည်။