- တွေ့ဆုံဆွေးနွေးမည်ဟု ပြောသော်လည်း စစ်တွေနှင့် ကျောက်ဖြူတွင် ပစ်ခတ်မှုများရှိနေ
- ဟောင်းနွမ်းငွေစက္ကူများကို မသုံးလျှင် အရေးယူမည်ဟု AA သတိပေးချက် လိုက်နာမှု အားနည်းနေ
- ရန်ကုန်တွင် လူအစုလိုက်အပြုံလိုက် ဖမ်းဆီးခံရမှု ရခိုင်လူငယ် ၂၀ ဦးထက်မနည်း ပါဝင်
- မြို့နယ် ၁၄ ခုသိမ်းပြီးနောက် နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန် အသင့်ရှိကြောင်း AA ထုတ်ပြန်
- တိုက်ပွဲဖြစ်ပွားမှုရှိလာ၍ စစ်တွေက မွတ်ဆလင်များ နေရပ်စွန့်ခွာ ထွက်ပြေး
စစ်တွေတွင် ဆန်ဈေးနှုန်း မြင့်တက်လာနေ
ရခိုင်ပြည်၊ စစ်တွေမြို့တွင် ယခုရက်ပိုင်းအတွင်း ဆန်ဈေးနှုန်းများ တရိပ်ရိပ်မြင့်တက်လာနေကြောင်း ဆန်ရောင်းဝယ်ရေးလုပ်ငန်းရှင်များထံမှ သိရသည်။
30 Jul 2022
DMG ၊ ဇူလိုင် ၃၀
ရခိုင်ပြည်၊ စစ်တွေမြို့တွင် ယခုရက်ပိုင်းအတွင်း ဆန်ဈေးနှုန်းများ တရိပ်ရိပ်မြင့်တက်လာနေကြောင်း ဆန်ရောင်းဝယ်ရေးလုပ်ငန်းရှင်များထံမှ သိရသည်။
အဆိုပါဆန်ဈေးနှုန်းမှာ ယခုဇူလိုင်လဆန်းပိုင်းက ၂၄ ပြည်ဝင် ပေါ်ဆန်းမွှေးဆန်တစ်အိတ်ကို ၄၅၀၀၀ ကျပ် ဈေးနှုန်းရှိခဲ့ရာကနေ ဇူလိုင်လ ၂၅ ရက်နေ့မှစတင်ကာ ၄၆၀၀၀ ကျပ်၊ ၄၇၀၀၀ ကျပ်နှင့် ယနေ့(ဇူလိုင်လ ၃၀ ရက်)ဈေးနှုန်းမှာ ၄၈၀၀၀ ကျပ်အထိ မြင့်တက်ခဲ့ခြင်းဖြစ်ကြောင်း စစ်တွေမြို့ ဆန်ရောင်းဝယ်ရေးလုပ်ငန်းရှင် ဒေါ်ခင်ဇင်ဇင်ဝင်းကပြောသည်။
“ဒီနှစ် ပေါ်ဆန်းမွှေးဆန်ဈေးက ၄၅၀၀၀ အနားမှာ ကပ်နေတာလို့ပြောလို့ရတယ်။ ကြားမှာ နည်းနည်းလေး တက်လိုက်ကျလိုက်ပေါ့လေ။ ဒါပေမယ့် ဒီနေ့မှာ ၄၈၀၀၀ ထိ ပြန်ပြီးဈေးတက်သွားတဲ့အခါကျတော့ ဆန်တစ်အိတ်ကို ဈေးငါးသောင်းနီးပါး ကပ်သွားတယ်လို့ပြောလို့ရတာပေါ့”ဟု မခင်ဇင်ဇင်ဝင်းက ပြောသည်။
ယင်းသို့ ဆန်ဈေးတက်ခြင်းမှာ ရန်ကုန်တွင် ယခုရက်ပိုင်းအတွင်း ဆန်ဈေးတက်ခြင်းကြောင့် စစ်တွေတွင်လည်း အနည်းငယ် ဈေးလိုက်တက်ခြင်းဖြစ်ကာ ဆက်လက်ပြီး တက်လာနိုင်ဖွယ်ရှိကြောင်းလည်း ဆန်အရောင်းဆိုင်ပိုင်ရှင်များက ခန့်မှန်းထားကြသည်။
စစ်တွေမြို့ မြို့မဈေးမှ ဆန်ဆိုင်ပိုင်ရှင် ဦးအခင်ချေက “ရန်ကုန်မှာဈေးတက်တဲ့အတွက် ဒီမှာ နည်းနည်းတက်တာပါ။ ဈေးငြိမ်နေတာက မနည်းကြာပါပြီ။ အခုမှ နှစ်ထောင်၊ သုံးထောင်လောက် တက်တာပါ။ ရန်ကုန်မှာတော့ ပုံမှန်ထက် တစ်သောင်းနီးပါး တက်သွားတယ်လို့ကြားရတယ်။ ဒီမှာက နည်းနည်းပဲတက်တယ်။ နောက်လည်း ဒီထက်ဈေးတက်မယ့်အခြေအနေ ရှိဦးမယ်”ဟု ပြောသည်။
ထိုသို့ စစ်တွေတွင် ဆန်ဈေးနှုန်း အနည်းငယ်မြင့်တက်နေသဖြင့် ပြည်သူများမှာ ယခုထက် ပိုမိုဈေးမြင့်တက်လာမည်ကို စိုးရိမ်စိတ်များဖြင် ပုံမှန်ထက် ဆန်ဝယ်ယူနေသူ များပြားလာနေကြောင်းလည်း သိရသည်။
ရခိုင်တွင် ဒေသထွက်ဆန်များမှာ သီရိဒုံ၊ အိန္ဒိယာချေ၊ ပေါ်ဆန်းမွှေး၊ စာပစိ၊ ပေါ်ကျူး၊ ဧည့်မထ ကောက်ညှင်းဆန် စသည့်ဒေသအခေါ် ဆန်အမျိုးအစားများရှိနေပြီး စစ်တွေမြို့နယ်တွင် စားသုံးသူအများဆုံးဖြစ်သော ပေါ်ဆန်းမွှေးဆန်မှာ ယခင် ၄၅၀၀၀ ကျပ်မှ ယခု ၄၈၀၀၀ ကျပ်၊ သီရိဒုံဆန်မှာ ယခင် ၃၆၀၀၀ ကျပ်မှ ယခု ၃၇၀၀၀ ကျပ်၊ ဧည့်မထဆန် ယခင် ၃၂၀၀၀ ကျပ်မှ ယခု ၃၃၀၀၀ ကျပ် ဈေးနှုန်းအသီးသီးရှိနေကြောင်း သိရသည်။
ယခုကဲ့သို့ ဆန်ဈေးနှုန်းမြင့်တက်လာမှု အကျိုးဆက်အဖြစ် အခြေခံလူတန်းစားများအတွက် အခက်အခဲရှိနေပြီး စားဝတ်နေရေး ပိုမိုကျပ်တည်းလာမည်ကို စိုးရိမ်နေရကြောင်း စစ်တွေမြို့ အနောက်စံပြရပ်ကွက်မှ ဒေါ်သိန်းသိန်းနုကပြောသည်။
“ဒီနေ့ ဘယ်ဟာတွေဈေးတက်မလဲဆိုပြီး အိပ်ရာကနိုးတာနဲ့ စပြီးစိုးရိမ်ရတယ်။ အခု ဆန်ဈေးတက်တယ်လို့ ကြားရပြန်တယ်။ အခြားဟာတွေထက် ဆန်ဈေးတက်တာက ကျမတို့လို မရှိဆင်းရဲသားတွေအတွက် ပိုပြီးခက်ခဲရတယ်”ဟု ဒေါ်သိန်းသိန်းနုက ပြောသည်။
ယင်းသို့ ဆန်ဈေးတက်ခြင်းမှာ စပါးအဟောင်းများ နည်းလာသည့်အတွက် ဆန်ကုန်သည်များမှ ဈေးကစားခြင်းဖြစ်နိုင်ပြီး အခြားတဘက်တွင်လည်း ယခုလို ရာသီမျိုးတွင် ပုံမှန်ဆန်ဈေးတက်သည့်သဘောရှိကြောင်း ရခိုင်စီးပွားရေးလုပ်ငန်းရှင်များက မှတ်ချက်ပေးကြသည်။
ရခိုင့်စီးပွားရေးဦးဆောင် အများနှင့်သက်ဆိုင်သောကုမ္ပဏီလီမိတက်(REIC) ဒုဥက္ကဌ ဦးခင်မောင်ကြီးက “ဒီရာသီက ဈေးနည်းနည်း တက်တတ်ပါတယ်။ အခုက စပါးစိုက်ရာသီဖြစ်တော့ စပါးအဟောင်းတွေ နည်းလာပြီ။ ကုန်သည်တွေ ဆန်စက်ပိုင်ရှင်တွေဆီမှာရှိတဲ့ စပါးအဟောင်းတွေကို သိပ်မထုတ်တော့တဲ့အခါကျတော့ ဈေးတက်တဲ့သဘောရှိတယ်”ဟု ဦးခင်မောင်ကြီးက ပြောသည်။
သို့သော်လည်း လက်ရှိတွင် မြန်မာ့နိုင်ငံရေး၊ စီးပွားရေး အကျပ်အတည်းများနှင့်လည်း ဆက်စပ်နေသည့်အတွက်ကြောင့် ဆန်ဈေးနှုန်းမှာ ယခင်ထက် ပိုမိုမြင့်တက်ဖွယ်ရှိလာနိုင်ကြောင်းလည်း ဦးခင်မောင်ကြီးကသုံးသပ်သည်။
ဆက်လက်ပြီး ဦးခင်မောင်ကြီးက “ပုံမှန်အားဖြင့် ဒီအချိန်တွေက ဈေးမြင့်တက်တဲ့ရာသီလို့ ပြောလို့ရပေမယ့် ဒီနှစ်မှာတော့ ပိုပြီး တက်သွားနိုင်တယ်လို့ ထင်ပါတယ်။ အခြားကုန်ဈေးနှုန်းတွေကလည်း အကုန်လုံးက ဈေးတက်နေတာဆိုတော့ ဆန်ရောင်းတဲ့ သူတွေမှာလည်း သယ်ယူခစရိတ်တွေမြင့်လာတော့ ဈေးတင်တဲ့ သဘောမျိုး ရှိနိုင်တယ်လေ”ဟု ရှင်းပြသည်။
မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံစီးပွားရေး လုပ်ငန်းများ ယိုယွင်းကျဆင်းလာနေပြီး အခြေခံကုန်ဈေးနှုန်းများလည်း တရိပ်ရိပ်မြင့်တက်လာရာ ရခိုင်ပြည်တွင်လည်း သက်ရောက်မှုရှိသဖြင့် ပြည်သူများ စားဝတ်နေရေးအခက်တွေ့နေကြသည်။
ယင်းအပြင် လက်ရှိတွင် ဆန်ဈေးနှုန်းသာမက စားသုံးဆီ၊ စက်သုံးဆီနှင့် တခြားလူသုံးကုန်ပစ္စည်းများမှာလည်း ဈေးနှုန်းမြင့်တက်နေသဖြင့် ပြည်သူများ စားဝတ်နေရေး ပိုမိုခက်ခဲလာကြသည်။