ဆင်အင်းကြီးရွာဖြစ်စဉ်မှာ “ရက်စက်စွာ သတ်ဖြတ်ခဲ့တဲ့ လူတွေက ဒီထက်ဆိုးတဲ့ပြစ်ဒဏ်တွေ ရသင့်တယ်”

ရခိုင်ပြည်၊ ပုဏ္ဏားကျွန်းမြို့နယ်၊ ဆင်အင်းကြီးကျေးရွာတွင် ယမန်နေ့(နိုဝင်ဘာလ ၁၀ ရက်) ညဉ့်အချိန်တွင် ဒေသခံ ၉ ဦး အသတ်ခံခဲ့ရကာ နေအိမ် ၁၀ ဆောင်ခန့် မီးရှို့ခံလိုက်ရသည်ဟု ရွာသားများကပြောသည်။

By Admin 11 Nov 2022

ဆင်အင်းကြီးရွာဖြစ်စဉ်မှာ “ရက်စက်စွာ သတ်ဖြတ်ခဲ့တဲ့ လူတွေက ဒီထက်ဆိုးတဲ့ပြစ်ဒဏ်တွေ ရသင့်တယ်”

DMG ၊ နိုဝင်ဘာ ၁၁

ရခိုင်ပြည်၊ ပုဏ္ဏားကျွန်းမြို့နယ်၊ ဆင်အင်းကြီးကျေးရွာတွင် ယမန်နေ့(နိုဝင်ဘာလ ၁၀ ရက်) ညဉ့်အချိန်တွင် ဒေသခံ ၉ ဦး အသတ်ခံခဲ့ရကာ နေအိမ် ၁၀ ဆောင်ခန့် မီးရှို့ခံလိုက်ရသည်ဟု ရွာသားများကပြောသည်။

နိုဝင်ဘာလ ၁၀ ရက်နေ့၊ နံနက်ပိုင်းက ပုဏ္ဏားကျွန်းမြို့နယ်၊ ပဒေသာကျေးရွာနှင့် ဆင်အင်းကြီးကျေးရွာကြားတွင် မြန်မာစစ်တပ်၏ယာဉ်တန်းကို ရက္ခိုင့်တပ်တော်(AA)က မိုင်းဆွဲတိုက်ခိုက်ခဲ့သောကြောင့် မြန်မာစစ်တပ်ဘက်က လက်နက်ကြီးများဖြင့်ပစ်ခတ်ရာတွင် ကျေးရွာများသို့ ကျရောက်ပေါက်ကွဲခဲ့သည်ဟု ဒေသခံများထံမှ သိရသည်။

ထို့ကြောင့် ဆင်အင်းကြီး၊ ပဒေသာ စသည့်ကျေးရွာများမှ ဒေသခံများမှာ ဘေးလွတ်ရာကျေးရွာများသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ကြသည်။ ရွာတွင် သက်ကြီးရွယ်အိုများနှင့် လူလတ်ပိုင်းတချို့သာ အိမ်စောင့်အဖြစ် ကျန်လိုက်ကြသည်။ ထို့နောက် ညနေ ၄ နာရီခန့်တွင် ပုဏ္ဏားကျွန်းမြို့အခြေစိုက် ခမရ(၅၅၀) တပ်ရင်းမှ မြန်မာစစ်တပ်၏ တပ်ဖွဲ့ဝင်များက ဆင်းအင်းကြီးကျေးရွာသို့ ရောက်ရှိလာကြသည်ဟု ဒေသခံများကဆိုသည်။

ထို့နောက် နေအိမ် ၁၀ ခန့်မီးရှို့ခံလိုက်ရကာ အိမ်စောင့်ကျန်လိုက်ကြသည့် ဒေသခံ ၉ ဦးမှာလည်း သတ်ဖြတ်ခံလိုက်ရသည်ဟု DMG ကဆက်သွယ်ခဲ့သည့် ဒေသခံသတင်းရင်းမြစ် ၁၀ ဦးခန့်က အတည်ပြုပြောဆိုသည်။

“ပထမနှစ်လောင်းကို ရွာအဝင်ဝမှာ တွေ့ပါတယ်။ ထိုင်းခိုင်းခဲ့တယ် ထင်တယ်။ သူတို့နှစ်ယောက်ကတော့ ထိုင်လျက်သေနေကြတာ။ တစ်ယောက်ကတော့ မျက်နှာကိုမှောက်ပြီး လဲလျက်သေနေတယ်။ နောက်တစ်ယောက်ကတော့ ထိုင်ပြီးတော့ နောက်ကိုလှန်ပြီး သေနေတယ်။ လည်ပင်းကိုပစ်လိုက်တာ ထင်ပါတယ်။ နှစ်ယောက်လုံးလည်ပင်းမှာ သွေးတွေထွက်နေတယ်”ဟု လုံခြုံရေးအရ အမည်မဖော်လိုသည့် ဒေသခံတစ်ဦးကပြောသည်။

“ရှေ့ကိုဆက်သွားတော့ ကွန်ကရစ်လမ်းသွယ်မှာ နောက်တစ်ယောက်လဲနေတယ်။ ထွက်ပြေးတာမှာ အပစ်ခံရတဲ့ ပုံစံမျိုးနဲ့ပါ။ ရွာဦးတည့်တည့် ရှေ့ကိုဆက်သွားတော့ ထပ်ပြီးနှစ်ယောက်သေနေတာ တွေ့တယ်။ သူတို့လည်း ထွက်ပြေးတာမှာ အပစ်ခံရတဲ့ပုံစံပါ။ မိန်းမနှစ်ယောက်နဲ့ ယောက်ကျ်ားတစ်ယောက်ကတော့ အိမ်အောက်မှာ သေနေတယ်။ တခြားတစ်ယောက်ကိုတော့ ကျနော် မကြည့်ခဲ့ရဘူး”ဟု ၄င်းကဆက်ပြောသည်။

သေဆုံးသူ၏ ရုပ်အလောင်းများတွင် သေနတ်ဒဏ်ရာ၊ ဓားဒဏ်ရာများ တွေ့ရှိရကြောင်း ယနေ့နံနက်ပိုင်းက သွားရောက်ကြည့်ရှုခဲ့သူများက ဆိုသည်။

“မနေ့က အခြေအနေတွေ သိပ်မပြင်းခင်ကတည်းက သက်ကြီးပိုင်းတွေကို ဒီလိုမလုပ်လောက်ပါဘူးဆိုပြီး သူတို့လင်မယားနှစ်ယောက် နေခဲ့ကြတာ။ သူတို့ သားသမီးတွေကို မနေ့က မနက်ပိုင်းကတည်းကနေ တခြားနေရာကို ပို့ထားခဲ့ကြတယ်။ မရီးကလည်း ကျန်မာရေးမကောင်းတော့ ဗုံးတွင်းထဲမှာ နေခဲ့ကြတာပေါ့။ စစ်တပ်ကလည်း ညနေပိုင်းဝင်လာပြီး တဖြည်းဖြည်း အခြေအနေတွေဆိုးလာတော့ သူတို့ထွက်ပြေးတဲ့အခါ ရက်စက်စွာပစ်သတ်ခံရတာပါ”ဟု သေဆုံးသူ ဦးခင်မောင်၏ ညီဖြစ်သူ ကိုသိန်းမောင်က DMG သို့ပြောသည်။

သေဆုံးသူများမှာ အသက်(၅၅)နှစ်အရွယ် ဦးခင်မောင်အပါအဝင် မောင်မောင်သိန်း(၄၁ နှစ်)၊ မောင်စံလှ (၃၈ နှစ်)၊ ဦးဇံ(၆၅နှစ်)၊ မောင်ကျော်သိန်း(၆၅ နှစ်)၊ ဒေါ်မေနု(၅၀ နှစ်)၊ ဒေါ်မခင်သိန်း၏မိခင် (၉၂ နှစ်)၊ ရသေ့တောင်မြို့နယ်မှ အသက်(၆၀ နှစ်)အရွယ် ဆေးဆရာတစ်ဦးနှင့် ဦးမှဲ့နီ (၅၆ နှစ်)တို့ ဖြစ်ကြသည်။

“ကျနော့်အစ်ကို လင်မယားနှစ်ယောက်တည်း မဟုတ်ပဲ မနေ့က အသတ်ခံခဲ့ရတဲ့ လူတွေအတွက် ဝမ်းနည်းမိပါတယ်။ ကိုယ့်အကြောင်းတွေနဲ့ ကိုယ်ပါပဲလေ။ သူလည်း ဖြစ်ဖို့ကံပါလို့ ဖြစ်တာပေါ့။ ဒီလို ရက်စက်စွာ သတ်ခဲ့တဲ့လူတွေကို ပြန်လုပ်မယ့်လူတွေလည်း ရှိမှာပါ။ ရက်စက်စွာ သတ်ဖြတ်ခဲ့တဲ့လူတွေက ဒီထက်ဆိုးတဲ့ပြစ်ဒဏ်တွေ ရသင့်တယ်။ ရင်ဘတ်တွေ ဆို့နေပါတယ်။ စကားတွေတောင် ပြန်မပြောချင်တော့ဘူး"ဟု ကိုသိန်းမောင်ကဆိုသည်။

အဆိုပါကိစ္စနှင့်ပတ်သက်ပြီး မြန်မာစစ်တပ် ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ် ဇော်မင်းထွန်းနှင့် ပြည်နယ် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်သူရကို ဆက်သွယ်ခဲ့သော်လည်း ဖုန်းလက်ခံဖြေကြားခြင်း မရှိပါ။ မြန်မာစစ်တပ်ဘက်က သတင်းထုတ်ပြန်ခြင်းလည်း မရှိပါ။

ယမန်နေ့က ပုဏ္ဏားကျွန်းမြို့နယ်၊ ပဒေသာကျေးရွာနှင့် ဆင်အင်းကြီးကျေးရွာကြားတွင် စစ်ကောင်စီကားတစ်စီးကို ရက္ခိုင့်တပ်တော်(AA)က မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီးနောက် စစ်တပ်မှ လက်နက်ကြီးများဖြင့် ပြန်လည်တိုက်ခိုက်မှုများပြုလုပ်ခဲ့သဖြင့် အနီးအနားမှ ဒေသခံ ၆ ဦးခန့် ဒဏ်ရာရရှိခဲ့ကာ ထိုအထဲမှ ၉ တန်းကျောင်းသားတစ်ဦးမှာလည်း စစ်တွေ‌ဆေးရုံကြီးသို့ရောက်ရှိနေပြီး ခြေတဖက်ဖြတ်ရမည့် အနေအထားရှိနေကြောင်း သိရသည်။