ရခိုင်က လိုင်စင်မဲ့ ဘေးတွဲဆိုင်ကယ်နှင့် သုံးဘီးဆိုင်ကယ်များကို ဖမ်းဆီးတော့မည်ဟုပြော

ရခိုင်ပြည်နယ်အတွင်းမှ လိုင်စင်မဲ့ ဘေးတွဲဆိုင်ကယ်နှင့် သုံးဘီးဆိုင်ကယ်များကို မကြာမီ ဖမ်းဆီးအရေးယူတော့မည်ဟု ရခိုင်ပြည်နယ်၊ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှ ပြည်နယ်ဦးစီးမှူး ဦးကံညွန့်ကပြောသည်။

By Admin 19 Oct 2022

ရခိုင်က လိုင်စင်မဲ့ ဘေးတွဲဆိုင်ကယ်နှင့် သုံးဘီးဆိုင်ကယ်များကို ဖမ်းဆီးတော့မည်ဟုပြော

စစ်တွေမြို့တွင်းတစ်နေရာတွင် သွားလာနေသည့် ဘေးတွဲဆိုင်ကယ်အချို့ကို တွေ့ရစဉ်။

DMG ၊ အောက်တိုဘာ ၁၉

ရခိုင်ပြည်နယ်အတွင်းမှ လိုင်စင်မဲ့ ဘေးတွဲဆိုင်ကယ်နှင့် သုံးဘီးဆိုင်ကယ်များကို မကြာမီ ဖမ်းဆီးအရေးယူတော့မည်ဟု ရခိုင်ပြည်နယ်၊ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှ ပြည်နယ်ဦးစီးမှူး ဦးကံညွန့်ကပြောသည်။

ဘေးတွဲဆိုင်ကယ်နှင့် သုံးဘီးဆိုင်ကယ် မောင်းနှင်သူများမှာ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းလိုက်နာမှု အားနည်းသည့်အပြင် ဘေးတွဲဆိုင်ကယ်များမှာ တရားဝင် မောင်းနှင်ခွင့်မရှိသည့် ယာဉ်များဖြစ်သောကြောင့် ဖမ်းဆီးအရေးယူမည်ဖြစ်ကြောင်း ၎င်းကဆိုသည်။

“ဆိုင်ကယ်ကို ဘေးတွဲတာက အဲလိုဘေးတွဲခွင့် မရှိဘူး။ ဘေးတွဲကို လိုင်စင်လုပ်ချင်ရင် ဘေးတွဲကိုဖြုတ်ပြီး လိုင်စင်လာလုပ်လို့ရတယ်။ ဘေးတွဲခွင့်တော့ မရှိဘူး။ ဘေးတွဲရင်တော့ ဖမ်းရမှာပဲ။ အဲလိုပဲ သုံးဘီး၊ တုတ်တုတ် အားလုံးက လိုင်စင်မရှိရင် လိုင်စင်ထုတ်ပေးလို့ မရဘူး”ဟု ဦးကံညွန့်က DMG သို့ပြောသည်။

သုံးဘီးဆိုင်ကယ် (ဒေသအခေါ်အဝေါ်-တုတ်တုတ်)များမှာ ရခိုင်ဒေသအတွင်း မောင်းနှင်ခွင့်လိုင်စင်အပြင် လုပ်ငန်းလိုင်စင် နှစ်မျိုးလုံး တွဲဖက်ပါရှိမှသာ တရားဝင် ခရီးသည်တင်ဆောင်ခွင့်ရမည်ဖြစ်ကာ လုပ်ငန်းလိုင်စင်မရှိပါက သာမန် အိမ်သုံးယာဉ်အဖြစ် သတ်မှတ်ကာ ခရီးသည်တင်ဆောင်ပါက ဖမ်းဆီးအရေးယူမည်ဖြစ်ကြောင်းလည်း သိရသည်။

လက်ရှိ စစ်တွေမြို့တွင် လိုင်စင်မဲ့ ဘေးတွဲဆိုင်ကယ်များနှင့် သုံးဘီးဆိုင်ကယ်များကို ဖမ်းဆီးအရေးယူမည့်အပေါ် ဘေးတွဲဆိုင်ကယ်နှင့် သုံးဘီးဆိုင်ကယ် မောင်းနှင်နေသူများက စိုးရိမ်မှုရှိနေကြသည်။

“ဒီကျပ်တည်းတဲ့ကာလမှာ ကျနော်တို့က ဒီအလုပ်ကိုပဲ လုပ်ကိုင်နေရတာပါ။ တခြားအလုပ်လည်း မရှိဘူး။ ဒီတုတ်တုတ်လေး မောင်းပြီးတော့ ထမင်းစားနေတဲ့သူတွေ အများကြီးပါ။ လိုင်စင်လည်း မထုတ်ပေးဘူး။ သက်တမ်းကုန်ရင်လည်း ဖမ်းမယ်ဆိုတော့ လက်ခံလို့မရဘူး။ တကယ်လို့ သူတို့က တရားဥပဒေနဲ့မညီညွတ်ဘူး၊ ဒီလိုလုပ်ပါဆိုရင်တော့ ကျနော်တို့က မလုပ်ဘူးဆိုရင်တော့ ဖမ်းလို့ရတာပေါ့။ အခုက ထုတ်လည်းမပေးဘူး၊ ဖမ်းမယ်ဆိုတော့ မတရားဘူးလို့ပဲမြင်တယ်”ဟု အမည်မဖော်လိုသည့် သုံးဘီးဆိုင်ကယ်မောင်းနှင်သူ တစ်ဦးကပြောသည်။

ရခိုင်တွင် နှစ်ဘီးဆိုင်ကယ်များကို ဘေးတွဲတပ်ဆင်ကာ ခရီးသည်တင်ဆောင်နေကြသည်မှာ ၆  နှစ်ခန့် ကြာမြင့်နေပြီဖြစ်သည်။ လက်ရှိတွင် ဘေးတွဲဆိုင်ကယ်များအား ဖမ်းဆီးအရေးယူကာ ခရီးသည်တင်ဆောင်ခွင့် ပိတ်ပင်မည်ဆိုပါက ပြည်သူများ အခက်အခဲရှိနိုင်ကြောင်းလည်း ဒေသခံများက ပြောဆိုကြသည်။

စစ်တွေတက္ကသိုလ်မှ ကျောင်းသား ကိုမောင်မြတ်အောင်က “ဘေးတွဲတွေ၊ သုံးဘီးတွေဆိုတာက ရခိုင်မှာ အားထားနေတဲ့ ခရီးသည်တင် ယာဉ်တွေဖြစ်တယ်။ ကျနော်တို့ တက္ကသိုလ်ကျောင်းသားတွေကလည်း အဲဒီသုံးဘီးတွေနဲ့ ကျောင်းသွားကျောင်းပြန် လုပ်နေကြရတာပါ။ အဲဒီလို အဓိကအားထားနေရတဲ့ ခရီးသည်တင်ယာဉ်တွေကို ဖယ်ရှားလိုက်ရင် ခရီးသွားပြည်သူတွေ အနေနဲ့ရော၊ ဘေးတွဲတွေ၊ သုံးဘီးမောင်းနှင်သူတွေအတွက်ရော သွားလာရေး၊ စီးပွားရေးတွေမှာ အခက်အခဲတွေရှိလာနိုင်ပါတယ်”ဟု ပြောသည်။

ပြီးခဲ့သည့် ၂၀၁၇ ခုနှစ်မှစတင်ကာ နှစ်ဘီးဆိုင်ကယ်များကို ဘေးတွဲတပ်ဆင်ကာ ခရီးသည်တင်ပြေးဆွဲနေသည့် ဆိုင်ကယ်များအား လိုင်စင်ထုတ်ပေးရန် မောင်းနှင်သူများက တောင်းဆိုခဲ့ကြသည်။ သို့သော် အစိုးရ အသိအမှတ်ပြု စက်ရုံများမှ ထုတ်လုပ်ခြင်းမဟုတ်သောကြောင့် လိုင်စင်ထုတ်ပေးရန် အဆင်မပြေနိုင်ကြောင်း ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန တာဝန်ရှိသူများက ပြောဆိုထားသည်။

ရခိုင်ပြည်အတွင်းတွင် ဘေးတွဲဆိုင်ကယ်နှင့် သုံးဘီးဆိုင်ကယ်မောင်းနှင်ပြီး အသက်မွေးဝမ်းကျောင်းပြုနေသူ များစွာရှိသည်။ လက်ရှိ စစ်တွေတစ်မြို့နယ်တည်းတွင် ဘေးတွဲဆိုင်ကယ်အစီးရေ ၁၀၀၀ ကျော်နှင့် သုံးဘီးဆိုင်ကယ်အစီးရေ ၃၅၀ ကျော် ရှိကြောင်း ဘေးတွဲမောင်းနှင်သူအချို့က ခန့်မှန်းပြောဆိုကြသည်။