- တွေ့ဆုံဆွေးနွေးမည်ဟု ပြောသော်လည်း စစ်တွေနှင့် ကျောက်ဖြူတွင် ပစ်ခတ်မှုများရှိနေ
- ဟောင်းနွမ်းငွေစက္ကူများကို မသုံးလျှင် အရေးယူမည်ဟု AA သတိပေးချက် လိုက်နာမှု အားနည်းနေ
- ရန်ကုန်တွင် လူအစုလိုက်အပြုံလိုက် ဖမ်းဆီးခံရမှု ရခိုင်လူငယ် ၂၀ ဦးထက်မနည်း ပါဝင်
- မြို့နယ် ၁၄ ခုသိမ်းပြီးနောက် နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန် အသင့်ရှိကြောင်း AA ထုတ်ပြန်
- တိုက်ပွဲဖြစ်ပွားမှုရှိလာ၍ စစ်တွေက မွတ်ဆလင်များ နေရပ်စွန့်ခွာ ထွက်ပြေး
စက်သုံးဆီဈေးနှုန်းမြင့်တက်မှုကြောင့် ရခိုင်မှ ခရီးတိုပြေးဆွဲနေသည့် ကားသမားများ တွက်ခြေမကိုက်
စက်သုံးဆီဈေးနှုန်း ဆက်တိုက်မြင့်တက်နေသည့်အတွက် ရခိုင်မှ ခရီးတိုပြေးဆွဲနေသည့် ကားသမားများ တွက်ခြေမကိုက်ဖြစ်နေရသည်ဟု သိရသည်။
21 Aug 2022
DMG ၊ သြဂုတ် ၂၁
စက်သုံးဆီဈေးနှုန်း ဆက်တိုက်မြင့်တက်နေသည့်အတွက် ရခိုင်မှ ခရီးတိုပြေးဆွဲနေသည့် ကားသမားများ တွက်ခြေမကိုက်ဖြစ်နေရသည်ဟု သိရသည်။
ယခုသြဂုတ်လ ဒုတိယအပတ်မှစပြီး နေ့စဉ်ရက်ဆက် ဈေးနှုန်းမြင့်တက်နေခဲ့သည့် ပြည်တွင်းစက်သုံးဆီဈေးနှုန်းမှာ ယမန်နေ့သြဂုတ် ၂၀ ရက်နေ့တွင် စစ်တွေမြို့မှ ပြင်ပဆီအရောင်းဆိုင်များ၌ 92 တစ်လီတာကို ၃၀၀၀ ကျပ်နှင့် 95 တစ်လီတာကို ၃၃၀၀ ကျပ်ဖြင့် ဝယ်ယူနေရကြောင်း ဝယ်သူသုံးစွဲသူများထံမှ သိရသည်။
စစ်တွေ-ပုဏ္ဏားကျွန်း၊ စစ်တွေ-ကျောက်တော်၊ စစ်တွေ-မြောက်ဦး-မင်းပြား စသည့် ပြည်နယ်အတွင်း ခရီးတိုပြေးဆွဲနေသည့် ကားသမားများမှာ ဆီဈေးနှုန်းမြင့်တက်သည့်အပြင် ခရီးသည် နည်းပါးလာခြင်းတို့ကြောင့် ဆီဖိုးနှင့်မကာမိဖြစ်နေရသည်ဟု မြောက်ဦး-စစ်တွေပြေးဆွဲနေသည့် ကားသမား ဦးသိန်းဝင်ကပြောသည်။
“တစ်နေ့မှာ ခရီးသည် ၃ ယောက်လောက်ရတော့ ဘယ်လိုမှမကိုက်ဘူး။ တခါတလေဆိုရင် လူမပါဘဲနဲ့ စစ်တွေက ပြန်သွားလိုက်ရတဲ့ နေ့တွေလည်းရှိပါတယ်။ ဒီကာလဟာ စီးပွားရေးကျပ်တည်းတဲ့ကာလဆိုတော့ ခရီးသည်တွေလည်း အရင်လိုမသွားကြတော့ဘူး။ မဖြစ်မနေ လုံးဝသွားရမဲ့အချိန်ဆိုမှပဲ သွားကြတာပါ။ မဖြစ်သာလို့ဘဲ ဆက်လုပ်နေရတာ၊ တကယ်ကိုအဆင်မပြေပါဘူး”ဟု ၎င်းကဆိုသည်။
ယခင်က မြောက်ဦး-စစ်တွေကို အသွားအပြန် ဆီဖိုး ၅ သောင်းကျပ်ဝန်းကျင်သာ ကုန်ကျခဲ့သော်လည်း ယခုအခါ တစ်သိန်းဝန်းကျင်ခန့်ကုန်ကျပြီး သွားနေရသည်ဟုဆိုသည်။ ဆီဝယ်ယူရသည့်အခါလည်း လိုသလောက်မရရှိဘဲ ကန့်သတ်ချက်ဖြင့်သာ ဝယ်ယူရသည့်အတွက် တစ်ခါတစ်ရံ လမ်းခရီးတွင် ဆီဖြတ်တောက်သွားသည့်အခြေအနေဖြင့်လည်း ကြုံတွေ့ရသည်ဟု ပြောဆိုကြသည်။
ကားသမားများမှာ ယင်းသို့ တွက်ခြေမကိုက်သည့်အခြေအနေနှင့် ကြုံတွေ့နေရသည့်အတွက် တချို့ကားသမားများမှာ ကားကိုရောင်းချပြီး တခြားအလုပ်ပြောင်းလုပ်သူနှင့် နိုင်ငံခြားကို ထွက်သွားသူများလည်း ရှိလာနေကြောင်းသိရသည်။
အခြား ကားသမားတစ်ဦးဖြစ်သည့် ဦးသာလှက “ကားသမားတွေ အရင်လိုအမြတ်မရတော့ဘူး။ ဆီဖိုးကာမိဖို့တောင် အနိုင်နိုင်ဖြစ်နေပါတယ်။ ရတဲ့ခရီးသည်တွေကိုစုပြီးတော့ အလှည့်ကျသွားရတဲ့နေ့တွေလည်းရှိပါတယ်။ ကားမောင်းရတာအဆင်မပြေတော့ မိသားစုစားဝတ်နေရေးလည်း အဆင်မပြေတော့ဘူး။ အခုအခါက ဝင်ငွေနဲ့ထွက်ငွေ မကိုက်တဲ့အခြေအနေဖြစ်နေပါတယ်။ တချို့ကားသမားတွေဆိုရင် ကားကိုရောင်းပြီး နိုင်ငံခြားကိုထွက်သွားတဲ့သူတွေရှိတယ်”ဟု ၎င်းကဆိုသည်။
ခရီးတိုပြေးဆွဲနေသည့် ကားသမားများမှာ ယခင်က စစ်တွေ-ကျောက်တော်သို့ လူတစ်ဦးလျှင် ကားခ ၅၀၀၀ ကျပ်သာရှိခဲ့သော်လည်း ယခုအခါတစ်ဦးကို ၁၀၀၀၀ ကျပ်၊ စစ်တွေ-မြောက်ဦးကိုယခင် ၁၀၀၀၀ ကျပ်ရှိခဲ့သော်လည်း ယခုအခါ ၁၅၀၀၀ ကျပ်အထိ ယူဆောင်နေရကြောင်း ကားသမားများထံမှသိရသည်။
ကားခဈေးနှုန်းမြင့်တက်လာသည့်အပြင် ကုန်းလမ်းကြောင်းတွင် မြန်မာစစ်တပ်၏ စစ်ဆေးမှုများကြောင့် ခရီးသည်များမှာ ကုန်းလမ်းထက် ရေလမ်းကိုသာ အများအားဖြင့်အသုံးပြုလာကြသည်ဟုလည်း ရေကြောင်းပို့ဆောင်ရေးမှ တာဝန်ရှိသူတစ်ဦးပြောကြားသည်။
“လမ်းခရီးမှာ အရမ်းတွေစစ်ဆေးနေတော့ ခရီးသည်တွေလည်း မသွားရဲကြတော့ဘူး။ စိတ်လုံခြုံမှုမရှိတာရယ်၊ လမ်းခရီးတစ်ခုမှာ ဖြောင့်ဖြောင့်တန်းတန်းမသွားရဘဲ စိတ်အနှောင့်အယှက်ဖြစ်စေတယ်။ အဲဒါကြောင့် ကုန်းလမ်းထက် ရေလမ်းကသွားလာသူတွေ များလာတယ်လို့ပြောလို့ရပါတယ်”ဟု ဆိုသည်။
ရခိုင်ပြည်နယ် စစ်တွေမြို့တွင် သြဂုတ်လ ၂၀ ရက်နေ့က စက်သုံးဆီဈေးနှုန်းမှာ 92 တစ်လီတာကို ၂၅၄၅ ကျပ်၊ 95 တစ်လီတာကို ၂၆၃၀ ကျပ်၊ ဒီဇယ်တစ်လီကို ၂၉၆၀ ကျပ်နှင့် ပရီမီယာမ် ဒီဇယ်တစ်လီတာကို ၂၀၃၅ ကျပ်ဖြင့် ရောင်းချရန် အစိုးရကသတ်မှတ်ထားသည်။
အစိုးရ၏ သတ်မှတ်ထားသည့်ဈေးနှုန်းဖြင့် ရောင်းချရသည့်အခါ အရှုံးပေါ်သည့်အတွက် ကျန်ရှိသည့်စက်သုံးဆီများကို ဒေသအလိုက်သုံးစွဲနိုင်ရန် ကန့်သတ်ချက်ဖြင့်ရောင်းချရခြင်းဖြစ်သည်ဟု စက်သုံးဆီဖြန့်ဝေရောင်းချနေသည့်ဆိုင်မှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။
ဒေသခံများမှာ ဆီဝယ်ရယူသည့်အခါမှာလည်း အချိန်တစ်ခုပေးပြီး ကြာမြင့်စွာ တန်းစီစောင့်ဆိုင်းဝယ်ရနေရသည်။
မြန်မာနိုင်ငံတွင် စက်သုံးဆီဝယ်ယူသုံးစွဲရာတွင် ကျေနပ်မှုမရှိပါက စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီထံသို့ တိုင်ကြားနိုင်သည်ဟု စစ်ကောင်စီပိုင်သတင်းစာတွင် ကြေညာထားသည်။