- တွေ့ဆုံဆွေးနွေးမည်ဟု ပြောသော်လည်း စစ်တွေနှင့် ကျောက်ဖြူတွင် ပစ်ခတ်မှုများရှိနေ
- ဟောင်းနွမ်းငွေစက္ကူများကို မသုံးလျှင် အရေးယူမည်ဟု AA သတိပေးချက် လိုက်နာမှု အားနည်းနေ
- ရန်ကုန်တွင် လူအစုလိုက်အပြုံလိုက် ဖမ်းဆီးခံရမှု ရခိုင်လူငယ် ၂၀ ဦးထက်မနည်း ပါဝင်
- မြို့နယ် ၁၄ ခုသိမ်းပြီးနောက် နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန် အသင့်ရှိကြောင်း AA ထုတ်ပြန်
- တိုက်ပွဲဖြစ်ပွားမှုရှိလာ၍ စစ်တွေက မွတ်ဆလင်များ နေရပ်စွန့်ခွာ ထွက်ပြေး
မုန်တိုင်းအရှိန်ကြောင့် ရခိုင်ကမ်းရိုးတန်းတွင် မိုးသက်လေပြင်းများကျရောက်ကာ လှိုင်းကြီးနိုင်
ဘင်္ဂလားပင်လယ်အော်တွင် ဖြစ်ပေါ်နေသည့် လေဖိအားနည်းရပ်ဝန်းကြောင့် ရခိုင်ပြည်တွင် ဒေသအလိုက်မိုးကြီးနိုင်ပြီး ကမ်းရိုးတန်းတစ်လျှောက်တွင် ရံဖန်ရံခါ မိုးသက်လေပြင်းများကျရောက်ပြီးလှိုင်းကြီးမည်ဟု မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ယနေ့ညနေ ၄ နာရီက သတင်းထုတ်ပြန်ထားသည်။
09 Aug 2022
DMG ၊ သြဂုတ် ၉
ဘင်္ဂလားပင်လယ်အော်တွင် ဖြစ်ပေါ်နေသည့် လေဖိအားနည်းရပ်ဝန်းကြောင့် ရခိုင်ပြည်တွင် ဒေသအလိုက်မိုးကြီးနိုင်ပြီး ကမ်းရိုးတန်းတစ်လျှောက်တွင် ရံဖန်ရံခါ မိုးသက်လေပြင်းများကျရောက်ပြီးလှိုင်းကြီးမည်ဟု မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ယနေ့ညနေ ၄ နာရီက သတင်းထုတ်ပြန်ထားသည်။
အိန္ဒိယနိုင်ငံ ၊ ဩရိဿပြည်နယ် ကမ်းခြေတွင်ဖြစ်ပေါ်နေသော မုန်တိုင်းငယ်(Depression)သည် ဆက်လက်တည်ရှိနေကြောင်းနှင့် ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတို့တွင် မုတ်သုံလေအားကောင်းနေပြီး ကျန်ဘင်္ဂလားပင်လယ်အော်တွင် မုတ်သုံလေအားကောင်းရာမှ အားအလွန်ကောင်းနေကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။
ရခိုင်ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ရံဖန်ရံခါ မိုးသက်လေပြင်းများကျရောက်ပြီး လှိုင်းကြီးမည်ဖြစ်ကာ မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင်လေသည် တစ်နာရီလျှင် မိုင်(၄၀)အထိ တိုက်ခတ်နိုင်သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ထို့ပြင် လှိုင်းအမြင့်မှာ (၉)ပေမှ (၁၃)ပေခန့်အထိရှိနိုင်ကြောင်းလည်း ဆိုထားသည်။
ထိုသို့ မုန်တိုင်းအရှိန်ကြောင့် ရခိုင်ပြည်အတွင်းက မြို့နယ်အချို့တွင်မိုးကြီးပြီး ရေကြီးလာနိုင်သည့်အတွက် သက်ဆိုင်ရာခရိုင်အုပ်ချုပ်ရေးမှူးများကို အထူးဂရုစိုက်ကြရန် ညွှန်ကြားထားကြောင်း ပြည်နယ်စစ်ကောင်စီ ပြောရေးဆိုခွင့်ရှိသူ ဦးလှသိန်းက ပြောသည်။
“ပုံမှန်အားဖြင့် ဒီရာသီမှာဒီလိုဖြစ်တယ်။ မိုးပြတ်တယ်။ မိုးပြတ်ပြီးတော့တခါ မုန်းတိုင်းရှိတယ်။ မိုးရွာတယ်ဆိုတော့ အဲဒီဒေသတွေကို အကြောင်းကြားရတာပေါ့။ မုန်းတိုင်းက အိန္ဒိယကိုပဲဝင်မှာဖြစ်တယ်။ ဒါပေမယ့် ငါတို့ဆီမှာ မိုးကြီးနိုင်တယ်။ ဆိုတော့ ရေကြီးနိုင်တယ်။ နှစ်စဉ်နှစ်တိုင်းလည်း သြဂုတ်လဆိုရင် ရေကြီးတာတွေရှိတာပေ့ါ”ဟု သူကဆိုသည်။
မိုးကြီးလျှင် ရခိုင်ပြည်အတွင်းမှ သံတွဲ၊ တောင်ကုတ်၊ မြောက်ဦး၊ မင်းပြားမြို့နယ်တို့မှာ ရေကြီးမှုဖြစ်ပွားမှုမှာ နှစ်စဉ်နှစ်တိုင်းကဲ့သို့ရှိနေသည့်အတွက် အဆိုပါဒေသများမှ ပြည်သူများ သတိရှိကြရန်လိုအပ်ကြောင်း ပြည်နယ်စစ်ကောင်စီကဆိုသည်။
ရခိုင်တွင် ရေကြီးလာမည်ဟုခန့်မှန်းထားပါက စစ်ကောင်စီအနေဖြင့် နှစ်စဉ်နှစ်တိုင်းရေမြုပ်ခြင်းဒဏ်ကိုကြုံတွေ့ရသည့် စစ်ဘေးဒုက္ခသည်များအတွက် နေရာများရှာဖွေထားခြင်း၊ ရိက္ခာများ ကြိုတင်စုဆောင်းပေးခြင်းများကို လုပ်ဆောင်ထားသင့်ကြောင်း မြောက်ဦးလူငယ်များအစည်းအရုံး(MUYA)မှ သတင်းနှင့်ပြန်ကြားရေး တာဝန်ခံ ကိုရွှေသန်းကျော်ကပြောသည်။
“ရေကြီးလာမယ်လို့ခန့်မှန်းထားတယ်ဆိုရင် စစ်ဘေးရှောင်တွေအတွက် လွတ်လပ်တဲ့နေရာတစ်ခုကို တာဝန်ရှိသူတွေက ရှာဖွေထားရမယ်။ ပြီးရင်လက်ရှိ ရိက္ခာတွေကိုလည်း စုဆောင်းထားရမယ်။ ဘာဖြစ်လို့လဲဆိုရင် NGO၊ CSO အဖွဲ့အစည်းတွေက ချက်ချင်းမရောက်လာနိုင်ဘူး။ ဒါကြောင့် ရိက္ခာပိုင်းတွေကိုစုဆောင်းပြီး ကြိုတင်ပြင်ဆင်ထားရမယ်။ နောက်သောက်သုံးရေအခက်အခဲတွေကို ကြိုတင်စဉ်းစားထားရမယ်။ နောက်စည်ပင်အနေနဲ့လည်း မြောင်းတွေကိုဖောက်ပေးရမယ်”ဟု သူကဆိုသည်။
နောက်နှစ်ရက်အတွင်းတွင် ရခိုင်ပြည်တွင် မိုးဆက်လက်ပိုနေမည်ဖြစ်ကာ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့ရှိ ကမ်းနီး၊ကမ်းဝေးငါးဖမ်းရေယာဉ်များ၊သင်္ဘောများအနေဖြင့်လည်း ကြိုတင်သတိပြုကြရန် မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ သတိပေးထားသည်။