- တွေ့ဆုံဆွေးနွေးမည်ဟု ပြောသော်လည်း စစ်တွေနှင့် ကျောက်ဖြူတွင် ပစ်ခတ်မှုများရှိနေ
- ဟောင်းနွမ်းငွေစက္ကူများကို မသုံးလျှင် အရေးယူမည်ဟု AA သတိပေးချက် လိုက်နာမှု အားနည်းနေ
- ရန်ကုန်တွင် လူအစုလိုက်အပြုံလိုက် ဖမ်းဆီးခံရမှု ရခိုင်လူငယ် ၂၀ ဦးထက်မနည်း ပါဝင်
- မြို့နယ် ၁၄ ခုသိမ်းပြီးနောက် နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန် အသင့်ရှိကြောင်း AA ထုတ်ပြန်
- တိုက်ပွဲဖြစ်ပွားမှုရှိလာ၍ စစ်တွေက မွတ်ဆလင်များ နေရပ်စွန့်ခွာ ထွက်ပြေး
အချိန်အခါမဟုတ်မိုးရွာသွန်းမှုကြောင့် သောင်ရင်းမြစ်ကမ်းရှိ စစ်ဘေးရှောင်များ အခက်အခဲဖြစ်
ထိုင်း-မြန်မာနယ်စပ် သောင်ရင်းမြစ်ကမ်းနားသို့ တိမ်းရှောင်လာခဲ့သည့် ကရင်ဒေသခံစစ်ဘေးရှောင်များရှိရာနေရာများ၌ နှစ်ရက်ကြာ အချိန်အခါမဟုတ်မိုးရွာသွန်းမှုကြောင့် နေထိုင်ရေးအခက်အခဲများကြုံနေရကြောင်း သိရသည်။
07 Feb 2022
DMG ၊ ဖေဖော်ဝါရီ ၇
ထိုင်း-မြန်မာနယ်စပ် သောင်ရင်းမြစ်ကမ်းနားသို့ တိမ်းရှောင်လာခဲ့သည့် ကရင်ဒေသခံစစ်ဘေးရှောင်များရှိရာနေရာများ၌ နှစ်ရက်ကြာ အချိန်အခါမဟုတ်မိုးရွာသွန်းမှုကြောင့် နေထိုင်ရေးအခက်အခဲများကြုံနေရကြောင်း သိရသည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီ ၄ ရက်နှင့် ၅ ရက်နေ့၌ ထိုင်းနိုင်ငံနယ်စပ်နှင့်နီးစပ်ရာဒေသတွင် မိုးသည်းထန်စွာရွာသွန်းခဲ့မှုကြောင့် သောင်ရင်းမြစ်ကမ်းသို့ပြန်လည်ဝင်ရောက်လာကြသော ကရင်ဒေသခံစစ်ဘေးရှောင်များ၏ ယာယီတဲများ ရေမြုပ်ပျက်စီးခဲ့ပြီးစားသောက်စရာများပါရေစိုပျက်စီးခဲ့ကြောင်း ဖလူးလေးကျေးရွာမှ စစ်ဘေးရှောင်တစ်ဦးမှ DMG ကိုပြောသည်။
"နှစ်ရက်လောက်ရှိပြီ။ မိုးတွေအရမ်းရွာနေတယ်။ လက်ရှိယာယီတဲတွေလည်း လေတွေတိုက်တော့ပျက်စီးကုန်တယ်။ လာပြီးလှူထားတဲ့စားနပ်ရိက္ခာတွေကော အကုန်မိုးစိုကုန်တယ်"ဟု အဆိုပါ ဒေသခံမှပြောသည်။
အချိန်အခါမဟုတ်မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ကလေးများလည်း မိုးမိကာ အအေးမိဖျားနာမှုရှိနေကြောင်းလည်း ၎င်းကဆက်ပြောသည်။
မိုးရွာသွန်းမှုကြောင့် ယာယီတဲများပျက်စီးခဲ့ရသည့်အတွက် ပြန်လည်တည်ဆောက်ရန် ဝါးနှင့်ပတ္တူအထူစားများအပြင် ဆန်နှင့်စားနပ်ရိက္ခာခြောက်များလည်းရေစိုပျက်စီးခဲ့သည့်အတွက် အရေးပေါ်ကူညီမှု အမြန်ဆုံးလိုအပ်နေကြောင်း ကရင်ဒေသခံစစ်ဘေးရှောင်များထံမှ သိရသည်။
လက်ရှိတွင်အကူအညီများကို ထိုင်းနိုင်ငံ၊ မဲဆောက်မြို့ရှိ မြန်မာစစ်ဘေးရှောင်ကူညီရေးစခန်းမှ အဆင်ပြေသလိုသာဆောင်ရွက်ပေးနေရကြောင်း မဲဆောက်မြန်မာစစ်ဘေးရှောင်ကူညီရေးဆောင်ရွက်နေသူတစ်ဦးမှ ပြောသည်။
"အကူအညီတွေရဖို့ကြိုးစားပေးနေပါတယ်။ အရေးပေါ်ကူညီဖို့ မြန်မာဘက်ကအလှူရှင်လာမယ်ဆိုရင်လဲ မဲ့ထော်သလေးကနေ လေးကေ့ကော်ကိုကျော်ပြီး လာပေးလို့မရဘူးဖြစ်နေတယ်။ စစ်တပ်ကပိတ်ပြီးစစ်ဆေးတာ၊ သွားခွင့်မပြုတာတွေရှိနေတယ်။ အဲလိုဖြစ်နေရတော့ သောင်ရင်းမြစ်ကမ်းနားကနေပဲ ဖြစ်သလိုကူညီပေးနေရပါတယ်"ဟု ၎င်းမှဆိုသည်။
ပြီးခဲ့သည့်နှစ်ဒီဇင်ဘာ ၁၅ ရက်မှ ယခုနှစ်ဇန်နဝါရီလ ပထမသီတင်းပတ်အထိ မြန်မာစစ်တပ်နှင့် ကေအန်ယူတပ်မဟာ(၆) လက်အောက်ခံ KNLA ပူးပေါင်းအဖွဲ့ကြား လေးကေ့ကော်၊ ဖလူးလေး၊ မင်းလက်ပံ၊ မဲ့ထော်သလေး စသည့်နေရာများ၌ တိုက်ပွဲအပြင်းအထန်ဖြစ်ပွားမှုကြောင့် ကရင်ဒေသခံတစ်သောင်းကျော်မှာ ထိုင်းနိုင်ငံ ၊ မဲဆောက်မြို့ရှိ စစ်ဘေးရှောင်စခန်းများတွင် ထွက်ပြေးခိုလှုံနေကြရသည်။
မြန်မာနိုင်ငံဘက်သို့ ပြန်လည်ဝင်ရောက်လာသည့် ကရင်ဒေသခံစစ်ဘေးရှောင် ၂၀၀ ကျော်မှာ ထိုင်း-မြန်မာနယ်စပ်အနီး သောင်ရင်းမြစ်ကမ်းနေရာတွင် နေထိုင်လျက်ရှိကြသည်။