သထုံမြို့နယ်တွင် ဘုရားပွဲသို့လက်နက်ကြီးကျ၍ ဒေသခံများသေဆုံးမှုရှိခဲ့ပြီးနောက် KNLA ပူးပေါင်းအဖွဲ့နှင့် မြန်မာစစ်တပ်ကြား စစ်ရေးတင်းမာ

မွန်ပြည်နယ်၊ သထုံမြို့နယ်၊ ကျောက်တောင်ကျေးရွာဘုရားပွဲအနီးသို့ မြန်မာစစ်တပ်၏လက်နက်ကြီး ကျရောက်ခဲ့မှုကြောင့် ဒေသခံအချို့ထိခိုက်သေဆုံးခဲ့ပြီးနောက် KNLA ပူးပေါင်းအဖွဲ့နှင့် မြန်မာစစ်တပ်ကြား နှစ်ဖက်စစ်ရေးတင်းမာလျက်ရှိနေသဖြင့် တိုက်ပွဲထပ်မံဖြစ်ပွားလာမည်ကို ဒေသခံများကစိုးရိမ်နေကြသည်။

21 Mar 2022

မတ်လ ၁၉ ရက်နေ့က ကျောက်တောင်ဘုရားပွဲအနီးသို့ လက်နက်ကြီးကျရောက်ပေါက်ကွဲခဲ့မှုကြောင့် ဒေသခံအချို့ ထိခိုက်သေဆုံးခဲ့စဉ်။

DMG ၊ မတ် ၂၁

မွန်ပြည်နယ်၊ သထုံမြို့နယ်၊ ကျောက်တောင်ကျေးရွာဘုရားပွဲအနီးသို့ မြန်မာစစ်တပ်၏လက်နက်ကြီး ကျရောက်ခဲ့မှုကြောင့် ဒေသခံအချို့ထိခိုက်သေဆုံးခဲ့ပြီးနောက် KNLA ပူးပေါင်းအဖွဲ့နှင့် မြန်မာစစ်တပ်ကြား နှစ်ဖက်စစ်ရေးတင်းမာလျက်ရှိနေသဖြင့် တိုက်ပွဲထပ်မံဖြစ်ပွားလာမည်ကို ဒေသခံများကစိုးရိမ်နေကြသည်။

ပြီးခဲ့သည့် မတ်လ ၁၉ ရက်နေ့ ညအချိန်တွင် သထုံမြို့နယ်၊ ဝင်းပကျေးရွာရှိ မြန်မာစစ်တပ်၏ ခမရ(၉)မှ လက်နက်ကြီးအချက်ရေ ၂၀ ထက်မနည်းပစ်ခတ်ခဲ့ရာ ကျောက်တောင်ကျေးရွာ ဘုရားပွဲအနီးသို့ လက်နက်ကြီး နှစ်လုံးကျရောက်ခဲ့ကြောင်း သိရသည်။

ထို့သို့လက်နက်ကြီးကျရောက်မှုကြောင့် ကျောက်တောင်ကျေးရွာမှ အသက်(၅၀)နှစ်အရွယ် အမျိုးသမီးတစ်ဦးနှင့် ပိန္နဲကျေးရွာမှ အသက်(၇)နှစ်အရွယ် ကလေးငယ်တစ်ဦးတို့ သေဆုံးခဲ့ပြီး ဒေသခံ(၇)ဦးတို့မှာ ထိခိုက်ဒဏ်ရာများရရှိခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များထံမှ သိရသည်။

KNLA ပူးပေါင်းအဖွဲ့နှင့်နီးစပ်သူတစ်ဦးမှ “သထုံကဘုရားပွဲအနီးကို စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီး ပစ်ခတ်ခဲ့တဲ့အတွက် ဒေသခံနှစ်ဦးသေဆုံးပြီးတော့ (၇)ဦးထိခိုက်ခဲ့ပါတယ်။ အခုလက်ရှိအခြေအနေအရ နှစ်ဖက်တပ်ဆိုင်ထားတဲ့ အနေအထားရှိနေပါတယ်။ တိုက်ပွဲဖြစ်၊ မဖြစ်ကိုတော့ လောလောဆယ်မှာ ပြောလို့မရသေးပါဘူး”ဟု ပြောသည်။

ထိုသို့ထိခိုက်သေဆုံးမှုကြောင့် KNLA ပူးပေါင်းအဖွဲ့နှင့် မြန်မာစစ်တပ်ကြား နှစ်ဖက်စစ်ရေးပိုမိုတင်းမာနေပြီး တိုက်ပွဲထပ်မံဖြစ်ပေါ်လာမည်ကိုစိုးရိမ်နေရကြောင်း ကျောက်တောင်ကျေးရွာဒေသခံတစ်ဦးမှ DMG ကို ပြောသည်။

“တစ်နေ့က ဘုရားပွဲကို လက်နက်ကြီးကျရောက်တာလို့ထင်ပါတယ်။ အခုနှစ်ဖက်စလုံးက စစ်ရေး တင်းမာနေကြတယ်။ တိုက်ပွဲထပ်ပြီးဖြစ်လာမလားဆိုပြီး စိုးရိမ်နေရပါတယ်”ဟု ၎င်းမှပြောသည်။

မြန်မာစစ်တပ်မှပစ်ခတ်သည့် လက်နက်ကြီးကျရောက်မှုကြောင့် ဒေသခံများသေဆုံးခဲ့သည်ဟုပြောဆိုချက်နှင့် ပတ်သက်ပြီး မြန်မာစစ်တပ်ဘက်မှ တစ်စုံတစ်ရာထုတ်ပြန်ပြောဆိုထားခြင်း မရှိသေးပါ။

KNU တပ်မဟာ(၁)နယ်မြေများဖြစ်သည့် ကျိုက်ထို၊ ဘီလင်း၊ သထုံနှင့် ဘားအံမြို့နယ်တို့တွင် KNLA ပူးပေါင်းအဖွဲ့နှင့် မြန်မာစစ်တပ်ကြား မကြာခဏတိုက်ပွဲနေပြီး ဒေသခံများမှာလည်း ထွက်ပြေးတိမ်းရှောင် နေရမှုများ ရှိနေသည်။