တောင်ကုတ်တွင် ခိုးမှုဖြစ်ပွားပြီး ငွေကျပ်သိန်းလေးရာကျော်တန်ဖိုးရှိ ရွှေထည်ပစ္စည်းများ ပါသွား

ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့ ကံပိုင်ရပ်ကွက်ရှိ နေအိမ်တစ်လုံးတွင် သြဂုတ်လ ၈ ရက်နေ့က ခိုးမှုဖြစ်ပွားခဲ့ပြီး ငွေကျပ်သိန်းလေးရာကျော်တန်ဖိုးရှိသည့် ရွှေထည်ပစ္စည်းများ ပါသွားခဲ့ကြောင်း နေအိမ်ပိုင်ရှင်မိသားစုထံမှ သိရသည်။

09 Aug 2021

DMG ၊ သြဂုတ် ၉

ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့ ကံပိုင်ရပ်ကွက်ရှိ နေအိမ်တစ်လုံးတွင် သြဂုတ်လ ၈ ရက်နေ့က ခိုးမှုဖြစ်ပွားခဲ့ပြီး ငွေကျပ်သိန်းလေးရာကျော်တန်ဖိုးရှိသည့် ရွှေထည်ပစ္စည်းများ ပါသွားခဲ့ကြောင်း နေအိမ်ပိုင်ရှင်မိသားစုထံမှ သိရသည်။

အဆိုပါနေအိမ်အောက်ထပ်၌ ကုန်စုံဆိုင်ဖွင့်ထားပြီး ယမန်နေ့ နေ့လည်ပိုင်းက ဈေးဝယ်ဟန်ဆောင်လာသူတစ်ဦးမှ နေအိမ်အပေါ်ထပ်သို့တက်ကာ ရွှေထည်ပစ္စည်းများကို ခိုးယူသွားခြင်းဖြစ်ကြောင်းလည်း ပြောသည်။

နေအိမ်ပိုင်ရှင်၏ သားဖြစ်သူ ကိုကျော်ထက်အောင်က "ဆိုင်ကယ်ကို ဆိုင်ရှေ့မှာရပ်တယ်။ ပြီးတော့ပစ္စည်းသယ်ထုတ်တဲ့နေရာကဝင်ပြီး လှေကားကကျော်တက်ပြီး အပေါ်ထပ်ကပစ္စည်းတွေကိုခိုးယူသွားတယ်။ သူခိုးယူသွားတဲ့အချိန်က ၆ မိနစ်လောက်ပဲကြာခဲ့တယ်။ ရွှေထည်ပစ္စည်းချည်းဘဲပါသွားတယ်။ တန်ဖိုးကသိန်း ၄၀၀ ကျော်တယ်" ဟု ပြောသည်။

ယင်းသို့ ခိုးယူသွားသူမှာ ဦးထုပ်အမဲရောင်နှင့် Mask ကို တပ်ဆင်ထားပြီး နေအိမ်အပေါ်ထပ်ရှိ ဗီရိုထဲမှ ပစ္စည်းများကို ယူဆောင်သွားခြင်းဖြစ်ကြောင်း ၎င်းကဆိုသည်။

လက်ရှိမှာ ရွှေထည်ပစ္စည်းများကို ခိုးယူသွားသူသည် မည်သူမည်ဝါ ဖြစ်သည်ကိုမသိရှိသေးဘဲ တောင်ကုတ်မြို့မရဲစခန်းတွင် အမှုဖွင့်လှစ်ရန် စီစဉ်နေကြောင်းသိရသည်။

ယင်းကိစ္စအားစုံးစမ်းနေပြီး ပိုင်ရှင်များအနေဖြင့် ယနေ့ နေ့လည်ပိုင်းအထိ အမှုဖွင့်လာခြင်းမရှိသေးကြောင်း တောင်ကုတ်မြို့ရဲစခန်းမှ တာဝန်ကျရဲအရာရှိတစ်ဦးကပြောသည်။

"အမှုတော့ မဖွင့်သေးဘူးဗျာ။ သူတို့တွေက သေချာပျောက်ဆုံးပစ္စည်းတွေ စာရင်းလုပ်ပြီးမှ အမှုဖွင့်လာမယ်ပြောတယ်။ ကျနော်တို့ကတော့ စုံစမ်းနေတယ်" ဟု ၎င်းကပြောသည်။

တောင်ကုတ်မြို့နယ်အတွင်းတွင် ဆိုင်ကယ်ခိုးမှုများလည်း မကြာခဏဖြစ်ပွားမှုရှိကြောင်း ဒေသခံများထံမှ သိရသည်။