ဘူးသီးတောင်တွင် လက်နက်ကြီးကျရောက်မှုကြောင့် မွတ်ဆလင်နှစ်ဦး ဒဏ်ရာရ

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်၊ သပိတ်တောင်အုပ်စု မြောက်ရွာ(မွတ်ဆလင်)တွင် ယနေ့(စက်တင်ဘာလ ၂၃ ရက်) နံနက် ၁၁ နာရီခန့်က လက်နက်ကြီးကျည်ကျရောက်မှုကြောင့် မွတ်ဆလင် အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

23 Sep 2022

DMG ၊ စက်တင်ဘာ ၂၃

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်၊ သပိတ်တောင်အုပ်စု မြောက်ရွာ(မွတ်ဆလင်)တွင် ယနေ့(စက်တင်ဘာလ ၂၃ ရက်) နံနက် ၁၁ နာရီခန့်က လက်နက်ကြီးကျည်ကျရောက်မှုကြောင့် မွတ်ဆလင် အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ကင်းချောင်းကျေးရွာအနီးမှ မြန်မာစစ်တပ်နှင့် နယ်ခြားစောင့်ပူးပေါင်းအဖွဲ့တို့ရှိသည့် နခခ(၈)မှ ပစ်ခတ်လိုက်သည့် လက်နက်ကြီးကျည်မှာ သပိတ်တောင်မြောက်ရွာကျေးရွာအတွင်းသို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း ကျေးရွာသားများကပြောသည်။

လက်နက်ကြီးကျရောက်မှုကြောင့် အသက်(၂၈)နှစ်အရွယ် မာမတ်ဟလင်နှင့် အသက်(၂၂)နှစ်အရွယ် မရိုဂီယာတို့တွင် ကျည်စထိမှန်ကာ ဒဏ်ရာရရှိခဲ့သည်ဟုလည်း အဆိုပါကျေးရွာသားများက DMG သို့ပြောသည်။

“ဒီနေ့ နံနက်ပိုင်းကတည်းက ကင်းချောင်းကျေးရွာအနီးမှာရှိတဲ့ နခခ(၈)ကနေ လက်နက်ကြီးတွေနဲ့ ပစ်နေတာ။ ကျနော်တို့ရွာထဲကို လက်နက်ကြီးတစ်လုံးကျပြီးတော့ ပေါက်ကွဲသွားတယ်။ လက်နက်ကြီးက ရွာအလယ်မှာကျတာ။ သူတို့နှစ်ယောက်က လမ်းမှာသွားနေတုန်း လက်နက်ကြီးကျရောက်ပေါက်ကွဲပြီးတော့ ကျည်စတွေထိသွားတာ”ဟု သပိတ်တောင်မြောက်ကျေးရွာသားတဦးက ပြောသည်။

အဆိုပါကျေးရွာအနီးအနားတွင် တိုက်ပွဲတစုံတရာ ဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီနှင့် နယ်ခြားစောင့်ရဲများက လက်နက်ကြီးများဖြင့် အနီးအနားရှိတောင်တန်းများသို့ ပစ်ခတ်နေခြင်းဖြစ်ပြီး လက်ရှိတွင် ဒဏ်ရာရရှိသူနှစ်ဦးကို စစ်ကောင်စီတပ်ဖွဲ့များက ဆေးကုပေးမည့်ဟုဆိုကာ ခေါ်ဆောင်သွားကြောင်း နောက်ထပ်ကျေးရွာသားတစ်ဦးကပြောသည်။

“သူတို့ကို စစ်သားတွေက ဆေးကုပေးမယ်ဆိုပြီးတော့ ခေါ်သွားတယ်။ ဒီနေ့ ကျနော်တို့ရွာနားမှာ တိုက်ပွဲဖြစ်တာမရှိဘူး။ သူတို့က မနက်ပိုင်းကတည်းက လက်နက်ကြီးတွေ ဆက်တိုက်ပစ်နေတာ။ အခုအချိန်ထိလည်း ပစ်နေတုန်းပဲ”ဟု ၎င်းကဆိုသည်။

ယင်းအပြင် သပိတ်တောင်ကျေးရွာတွင်လည်း လက်နက်ကြီးကျရောက်မှုများရှိပြီး ကျေးရွာသားများမှာ အနီးအနားရှိ ကျေးရွာများသို့ ထွက်ပြေးနေရကြောင်း သပိတ်တောင်ကျေးရွာသားတစ်ဦးကပြောသည်။

“ကျနော်တို့ ရွာဘုန်းကြီးကျောင်းနားတွေမှာ လက်နက်ကြီးတွေကျတယ်။ ရွာသားတွေအကုန်လုံး ထွက်ပြေးနေကြရတယ်။ အခုထိလည်း ပစ်တုန်းပဲ။ ကြောက်လန့်ပြီး ထွက်ပြေးကြတာ ရွာမှာလူတွေလည်း သိပ်မကျန်တော့ဘူး”ဟု ၎င်းကဆိုသည်။

ဘူးသီးတောင်မြို့နယ် ပြည်သူ့လွတ်တော်ကိုယ်စားလှယ်ဟောင်း ဦးအောင်သောင်းရွှေက “ဒီဟာကတော့ သူတို့ လုပ်ရိုးလုပ်စဉ်လုပ်နေတဲ့ လုပ်ငန်းတွေ။ တမင်တကာ ရည်ရွယ်ချက်ရှိရှိနဲ့ လုပ်နေတာဖြစ်တယ်”ဟု ပြောသည်။

ထိုသို့ မြန်မာစစ်တပ်က လက်နက်ကြီးပစ်ခတ်မှုများကြောင့် ဒေသခံများ ထိခိုက်ဒဏ်ရာရှိမှုနှင့်ပတ်သက်ပြီး ရခိုင်ပြည်နယ် စစ်ကောင်စီ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်သူရကို DMG က ဆက်သွယ်ခဲ့သော်လည်း ဖုန်းလက်ခံဖြေကြားခြင်းမရှိသဖြင့် အဆက်အသွယ်မရရှိသေးပေ။

လက်ရှိ ရခိုင်ပြည်နယ်တွင် မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ စစ်ရေးတင်းမာနေပြီး စစ်ဘေးကြောင့် ဒုက္ခသည်ဦးရေ ထောင်နှင့်ချီထွက်ပြေးနေကြရသည်။