ရမ်းဗြဲတွင် အမှိုက်စနစ်ကို သေချာစွာကိုင်တွယ်ရန်လိုအပ်နေဟု ဒေသလူမှုအဖွဲ့အစည်းများပြော

ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့အတွင်း အမှိုက်များကိုစနစ်တစ်ကျစွန့်ပစ်ရန် ဌာနဆိုင်ရာနှင့်ပြည်သူများပူးပေါင်းကာ သေချာစွာကိုင်တွယ်ရန်လိုအပ်နေကြောင်း ရမ်းဗြဲဒေသခံလူမှုအဖွဲ့အစည်းများက ပြောဆိုသည်။

01 Jun 2022

DMG ၊ ဇွန် ၁

ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့အတွင်း အမှိုက်များကိုစနစ်တစ်ကျစွန့်ပစ်ရန် ဌာနဆိုင်ရာနှင့်ပြည်သူများပူးပေါင်းကာ သေချာစွာကိုင်တွယ်ရန်လိုအပ်နေကြောင်း ရမ်းဗြဲဒေသခံလူမှုအဖွဲ့အစည်းများက ပြောဆိုသည်။

ရမ်းဗြဲမြို့တွင် လှေလှော်ပြိုင်ပွဲကျင်းပသည့် တန်းချောင်းအပါအဝင် အခြားချောင်းများတွင် ပလပ်စတစ်အမှိုက်များဖြင့်ပြည့်နက်နေပြီး စနစ်တကျအမှိုက်စွန့်ပစ်ခြင်းကိုလုပ်ဆောင်ရန်လိုအပ်နေသည်ဟု ရမ္မဝတီရိုးရာလှေလှော်ပြိုင်ပွဲကျင်းပရေးအဖွဲ့မှ ကိုမောင်ထိန်ကပြောသည်။

"အဓိက ပြည်သူတွေ စည်းကမ်းနည်းတာကတစ်ချက်။ အစိုးရကလဲ လုပ်ဆောင်မှုအားနည်းတယ်။ ပြီးတော့ အမှိုက်ကားကလဲ ပုံမှန်မလာဘူး။ ဆီဈေးတက်တယ်ဆိုပြီးတော့ မလာတဲ့အခါလဲရှိတယ်။ အမှိုက်ပုံးတွေကလဲနည်းတယ်။ အဲဒါကြောင့် အမှိုက်တွေက လူမြင်မကောင်းအောင် ချောင်းတွင်းထဲမှာမြင်တွေ့နေရတာဖြစ်တယ်"ဟု ၎င်းကဆိုသည်။

ရမ်းဗြဲမြို့တွင် အမှိုက်များစွန့်ပစ်ခြင်းကို အသိပညာပေးခြင်းများ လုပ်ဆောင်ပေးသင့်ကြောင်းနှင့် နေ့စဉ်အမှိုက်ကားဖြင့် လာရောက်သယ်ယူကာ စနစ်တကျစွန့်ပစ်ခြင်းများကို လုပ်ဆောင်ရန်လိုအပ်ကြောင်း ဒေသခံများကပြောသည်။

ရမ်းဗြဲမြို့မှ မြို့မိမြို့ဖတစ်ဦးဖြစ်သည့် ဦးဘလှကလည်း ရမ်းဗြဲ မြို့နယ်အတွင်းရှိ ချောင်းများတွင် တစ်နှစ်ထက်တစ်နှစ် အမှိုက်စွန့်ပစ်မှု ပိုမိုများပြားလာနေသည်ကိုတွေ့မြင်ရကြောင်းပြောသည်။

"အမှိုက်ကြောင့် ချောင်းတွေတိမ်ကောလာမှာကို စိုးရိမ်ရတယ်။ ဒီတန်းချောင်းအဝမှာဆိုရင် အရင်နှစ်တွေထက် တိမ်ကောလာတာတွေ့ရတယ်။ အဲဒါကြောင့် ဒေသခံလူငယ်တွေက နှစ်စဉ်လိုလို ဘက်ဖိုးတွေနဲ့တူးတာတွေရှိတယ်။ အမှိုက်များလာတော့ ချောင်းတိမ်လာမှာကိုစိုးရိမ်ရတယ်ဟု"ဆိုသည်။

ချောင်းအတွင်းပိတ်ဆို့နေသော အမှိုက်များတွင် ပလပ်စတစ်အိတ်များနှင့် ရေသန့်ဘူးခွံမှာအများဆုံးဖြစ်ပြီး ပလပ်စတစ်သုံးစွဲမှုကို လျှော့ချရန်လိုအပ်သည်ဟုလည်း ဦးဘလှကဆက်ပြောသည်။

ရမ်းဗြဲမြို့တွင် တစ်ပတ်လျှင် ၆ ရက် အမှိုက်ကားများဖြင့် အမှိုက်သိမ်းဆည်းခြင်းများကို လုပ်ဆောင်လျှက်ရှိသည်ဟု မြို့နယ်စည်ပင်ဌာနမှ တာဝန်ရှိသူတစ်ဦးကပြောသည်။

လက်ရှိ ချောင်းအတွင်း အမှိုက်များပြည့်လျှံနေရခြင်းမှာ ပြည်သူများအနေဖြင့် စည်းကမ်းမဲ့အမှိုက်စွန့်ပစ်ခြင်းကြောင့်ဖြစ်သည်ဟု ၎င်းကဆိုသည်။

"အမှိုက်ကားလာချိန်မှာ ပြည်သူတွေအနေနဲ့ အမှိုက်ကားပေါ်ကို အမှိုက်မထည့်ကြဘူး။ ညဖက်မှာဆိုရင် ချောင်းထဲကိုသွားပြီးပစ်ချတယ်။ အသိပညာပေးတာတွေကိုလဲ ကျနော်တို့လုပ်တယ်။ အဓိကပြည်သူတွေ စည်းကမ်းမဲ့လို့ အခုလို အမှိုက်တွေများနေတာ"ဟု မြို့နယ်စည်ပင်အရာရှိကဆိုသည်။

အမှိုက်စနစ်နှင့်ပတ်သက်ပြီး ရမ်းဗြဲလူငယ်ကွန်ယက်မှ ၂၀၂၀ ပြည့်နှစ်က ရပ်ကွက်နေပြည်သူများအား စစ်တမ်းကောက်ယူရာ၌

အမှိုက်ကားများမှာ ရပ်ကွက်အလိုက် နေ့စဉ်ရောက်ရှိမှုမရှိသည့်အတွက် အမှိုက်များမှာ အနံ့အသက်ဆိုးများထွက်လာ၍ ချောင်းအတွင်းသို့ ပစ်ရခြင်းဟု ပြောကြားထားသည်ကိုတွေ့ရသည်။