- တွေ့ဆုံဆွေးနွေးမည်ဟု ပြောသော်လည်း စစ်တွေနှင့် ကျောက်ဖြူတွင် ပစ်ခတ်မှုများရှိနေ
- ဟောင်းနွမ်းငွေစက္ကူများကို မသုံးလျှင် အရေးယူမည်ဟု AA သတိပေးချက် လိုက်နာမှု အားနည်းနေ
- ရန်ကုန်တွင် လူအစုလိုက်အပြုံလိုက် ဖမ်းဆီးခံရမှု ရခိုင်လူငယ် ၂၀ ဦးထက်မနည်း ပါဝင်
- မြို့နယ် ၁၄ ခုသိမ်းပြီးနောက် နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန် အသင့်ရှိကြောင်း AA ထုတ်ပြန်
- တိုက်ပွဲဖြစ်ပွားမှုရှိလာ၍ စစ်တွေက မွတ်ဆလင်များ နေရပ်စွန့်ခွာ ထွက်ပြေး
ပုဏ္ဏားကျွန်းမြို့နယ်တွင် ယာဉ်တိုက်မှုဖြစ်ပြီး တစ်ဦးသေ၊ သုံးဦးဒဏ်ရာရ
ပုဏ္ဏားကျွန်းမြို့နယ်၊ ကျောက်ဆိပ်ကျေးရွာအလွန် စွမ်းပကား စက်ရုံအနီးတွင် ယနေ့(ဩဂုတ်လ ၁၅ ရက်)က ယာဉ်တိုက်မှုဖြစ်ပွားခဲ့ပြီး အမျိုးသမီးတစ်ဦးသေဆုံးကာ သုံးဦးဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
15 Aug 2022
DMG ၊ ဩဂုတ် ၁၅
ပုဏ္ဏားကျွန်းမြို့နယ်၊ ကျောက်ဆိပ်ကျေးရွာအလွန် စွမ်းပကား စက်ရုံအနီးတွင် ယနေ့(ဩဂုတ်လ ၁၅ ရက်)က ယာဉ်တိုက်မှုဖြစ်ပွားခဲ့ပြီး အမျိုးသမီးတစ်ဦးသေဆုံးကာ သုံးဦးဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
သေဆုံးသူအမျိုးသမီးမှာ အသက် ၄၀ အရွယ် ဒေါ်အေးဝင်းသွယ်ဖြစ်ပြီး ထိခိုက်ဒဏ်ရာရရှိသူများမှာ ၎င်း၏သားသမီးများဖြစ်သည့် အသက်(၁၂)နှစ်အရွယ် ကျောင်းသားတစ်ဦးနှင့် ကျောင်းသူတစ်ဦးတို့ဖြစ်သည်။ ထို့ပြင် ကျောက်ဆိပ်ကျေးရွာမှ ဘေးတွဲမောင်းနှင်သူတစ်ဦးလည်း ထိခိုက်ဒဏ်ရာရရှိခဲ့သည်။
သေဆုံးသွားသည့် ဒေါ်အေးဝင်းသွယ်မှာ မြောက်ဦးမြို့နယ် ဆင်ခြံကျေးရွာမှဖြစ်ပြီး ၎င်းမှာ စွမ်းပကားစက်ရုံ၌ ခြံစောင့်လုပ်နေရာ သားနှင့်သမီးကိုကျောင်းပို့ရန် ဘေးတွဲငှားနေစဉ် ခြောက်ဘီးယာဉ်(တေဘာကား)တစ်စီးနှင့် တိုက်မိခဲ့ခြင်းဖြစ်ကြာင်း ရွှေရောင်မေတ္တာ လူမှုကူညီရေးအသင်းမှ ပုဏ္ဏားကျွန်းတာဝန်ခံ ကိုမျိုးမြတ်သာဂီက DMG သို့ပြောသည်။
“ကျောက်ဆိပ်ရွာမှာ ကျောင်းတက်နေတဲ့ သားနဲ့သမီးကို ကျောင်းပို့မယ်ဆိုပြီး ဘေးတွဲနဲ့သွားတာပါ။ ဘေးတွဲပေါ်မှာ ကလေး ၂ ယောက်ကတက်ပြီး အမေဟာဘေးတွဲနားမှာ ရပ်နေတာကို ကားဟာ အဝေးကနေယိမ်းထိုးပြီး လာတိုက်တာပါ”ဟု ၎င်းကပြောသည်။
ဒေါ်အေးဝင်းသွယ်မှာ ယာဉ်တိုက်မှုကြောင့်သေဆုံးသွားပြီး သမီးဖြစ်သူ ကျောင်းသူမှာ လက်ဆစ်လွှဲဒဏ်ရာရရှိသွားပြီး သားဖြစ်သူကျောင်းသားမှာ ဒဏ်ရာပြင်းထန်သောကြောင့် စစ်တွေ ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်လိုက်ရသည်။
ထို့ပြင်ဘေးတွဲမောင်းသူမှာ မျက်လုံး၌ဒဏ်ရာရရှိကာ လက်ရှိတွင် ပုဏ္ဏားကျွန်းဆေးရုံတွင် ဆေးကုသမှုခံယူနေရသည်။
“အမေကတော့ ကားတိုက်မှုဖြစ်တဲ့နေရာမှာပဲ သေဆုံးသွားပါတယ်။ အမေဘေးနားမှာရှိတဲ့ ၂ နှစ်ကလေးကတော့ လမ်းတစ်ဖက်ရောက်သွားတော့ ဘာမှမဖြစ်လိုက်ဘူး။ ဘေးတွဲမောင်းတဲ့ သူကတော့ ညာဘက်မျက်လုံးနီရဲပြီး ခြေမှာပွမ်းတဲ့ဒဏ်ရာရသွားပါတယ်။ ကျောင်းသူမှာတော့ လက်ဆစ်နည်းနည်းလွှဲပြီး ပွမ်းပဲ့သွားပါတယ်။ ကျောင်းသားကတော့ ဒဏ်ရာပြင်းထန်ပါတယ်”ဟု ကိုမျိုးမြတ်သာဂီကပြောသည်။
အဆိုပါ ယာဉ်ကားတိုက်မှုတွင် ခြောက်ဘီးယာဉ်(တေဘာကား) မောင်းနှင်သူ ပုဏ္ဏားကျွန်းမြို့မှ အသက် ၅၀ အရွယ်အမျိုးသားကို သက်ဆိုင်ရာကခေါ်ဆောင်သွားကြောင်း သိရသည်။