ပြည်ထောင်စုနေ့ အခမ်းအနားကို ANP မတက်၊ ALP တက်မည်

လာမည့် ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင်ကျရောက်မည့် (၇၅)နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့အခမ်းအနားကို ရခိုင်အမျိုးသားပါတီ(ANP)အနေဖြင့် တက်ရောက်မည်မဟုတ်သော်လည်း ရခိုင်ပြည်လွတ်မြောက်ရေးပါတီ(ALP)က တက်ရောက်မည်ဟု သိရသည်။

11 Feb 2022

DMG ၊ ဖေဖော်ဝါရီ ၁၁

လာမည့် ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင်ကျရောက်မည့် (၇၅)နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့အခမ်းအနားကို ရခိုင်အမျိုးသားပါတီ(ANP)အနေဖြင့် တက်ရောက်မည်မဟုတ်သော်လည်း ရခိုင်ပြည်လွတ်မြောက်ရေးပါတီ(ALP)က တက်ရောက်မည်ဟု သိရသည်။

ပြည်ထောင်စုနေ့အခမ်းအနားကို နေပြည်တော်တွင် ကျင်းပမည်ဖြစ်ပြီး အခမ်းအနားတက်ရောက်ရန်အတွက် တိုင်းရင်းသားလက်နက်ကိုင်များနှင့် ပါတီအဖွဲ့အစည်းများကို ဖိတ်ခေါ်ထားသည်။

ပြည်ထောင်စုနေ့ အနှစ်သာရမပြည့်ဝလို့ ANP မတက်

မြန်မာနိုင်ငံတွင် လွတ်လပ်ရေးရပြီးနောက်မှစတင်ကာ အနှစ်သာရပြည့်ဝသည့် ပြည်ထောင်စုနေ့မဖြစ်ပေါ်သေးသဖြင့် ထိုအခမ်းအနားသို့တက်ရောက်မည်မဟုတ်ဟု ရခိုင်အမျိုးသားပါတီ(ANP) ဥက္ကဋ္ဌ ဦးသာထွန်းလှက DMG သို့ ပြောသည်။

“အနှစ်သာရပြည့်ဝတဲ့ ပြည့်ထောင်စုနေ့ဖြစ်ဖို့လိုတယ်လို့ ကျနော် မြင်တယ်။ မြန်မာနိုင်ငံမှာတော့ နှစ်ပေါင်းမြောက်များစွာ ပြည်ထောင်စုနေ့ကျင်းပတယ်။ ဒါပေမဲ့ ဒီနေ့အချိန်ထိ အဓိပ္ပာယ်ပြည့်ဝတဲ့ပြည်ထောင်စုနေ့ကို မဖော်ဆောင်နိုင်သေးတဲ့အခြေအနေတစ်ရပ်ဖြစ်နေတယ်”ဟု ၎င်းကပြောသည်။

ရခိုင်အမျိုးသားပါတီသည် ပြည်နယ်တွင်း အင်အားကြီးမားသည့် ပါတီတစ်ခုဖြစ်သည်။ လက်ရှိ နိုင်ငံတော်အဆင့် စစ်ကောင်စီတွင် ပါတီထိပ်ပိုင်းခေါင်းဆောင်တစ်ဦးလည်း ကောင်စီဝင်ရာထူးကိုရယူထားကာ အခြားတစ်ဦးမှာလည်း ဒုတိယဝန်ကြီးရာထူးကို ရယူထားသည်။

သို့သော်လည်း စစ်ကောင်စီဘက်က ပါတီ၏တောင်းဆိုချက်များကိုမလုပ်ဆောင်ခဲ့သောကြောင့် စစ်ကောင်စီနှင့်ပူးပေါင်းလုပ်ဆောင်မှုများကို ရပ်တန့်သွားမည်ဟု ရခိုင်အမျိုးသားပါတီက ၂၀၂၁ ခုနှစ်၊ မေလတွင် ဆုံးဖြတ်ထားသည်။

ပြည်ထောင်စုနေ့ကို အသိအမှတ်ပြုသောကြောင့် ALP တက်မည်

ရခိုင်ပြည်လွတ်မြောက်ရေးပါတီ(ALP)အနေဖြင့် ပြည်ထောင်စုနေ့သည် တိုင်းရင်းသားအားလုံး၏ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နှင့် တန်းတူအခွင့်အရေးများကိုဖန်တီးရန် အစပျိုးလာသည့်နေ့ဖြစ်သောကြောင့် ယခုအခမ်းအနားသို့တက်ရောက်မည်ဟု ပါတီဒုတိယဥက္ကဋ္ဌ စောမြရာဇာလင်းက DMG ကိုပြောသည်။

“ပြည်ထောင်စုနေ့ဖြစ်ပေါ်လာတာက ပြည်ထောင်စုမှာ နေထိုင်နေကြတဲ့ တိုင်းရင်းသားအားလုံးတို့ရဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နဲ့ တန်းတူအခွင့်အရေးကိုဖန်တီးဖို့အတွက် အစပျိုးလာတဲ့နေ့ဖြစ်တယ်။ဒါကြောင့်ဒီနေ့ကို အသိအမှတ်လည်းပြုတယ်။ ဒီနေ့ကို တက်ရောက်ဖို့ သင့်တယ်လို့ယုံကြည်ထားတယ်”ဟု ၎င်းကဆိုသည်။

သို့သော်လည်း ပြည်ထောင်စုနေ့ဆိုသည့် နာမည်တပ်ရုံဖြင့် ပြီးစီးလိမ့်မည်မဟုတ်ကြောင်း၊ အနာဂတ်တွင် ပြည်ထောင်စုနေ့နှင့် ထိုက်တန်သည့်အနေအထားများကို ဆွေးနွေးရန်လိုအပ်ကြောင်း၊ ပြည်ထောင်စုတွင်နေထိုင်သူများအားလုံး အမျိုးသားတန်းတူအခွင့်အရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်များရရှိရန်လိုအပ်ကြောင်း စောမြရာဇာလင်းက ဆက်လက်ပြောသည်။

“ပြည်ထောင်စုဆိုတဲ့ အမည်နာမတစ်ခုတည်းနဲ့ ပြီးပြည့်စုံခြင်းမရှိဘဲနဲ့ ပြည်ထောင်စုလက္ခဏာအားလုံးပြည့်စုံတဲ့ အခြေအနေတစ်ခုခုရအောင်တော့ တာဝန်ရှိတဲ့ပုဂ္ဂိုလ်အားလုံးက ကြိုးပမ်းဆောင်ရွက်ဖို့လိုအပ်တယ်”ဟု ၎င်းကဆိုသည်။

ရခိုင်ပြည်လွတ်မြောက်ရေးပါတီ(ALP)သည် ပြီးခဲ့သည့် ဦးသိန်းစိန်အစိုးရလက်ထက်တွင် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ်(NCA) လက်မှတ်ရေးထိုးထားသည့်အဖွဲ့အစည်းဖြစ်သည်။ လက်ရှိတွင် အဆိုပါပါတီတွင် ပါတီထိပ်ပိုင်းခေါင်းဆောင်များကြား သဘောထားကွဲလွဲမှုများလည်းဖြစ်ပေါ်လျက်ရှိနေသည်။