ရခိုင်အမျိုးသားပါတီ အရေးပေါ်ညီလာခံပြုလုပ်မည်

ပါတီတွင်းအကျပ်အတည်းများနှင့်ရင်ဆိုင်နေရသည့် ရခိုင်အမျိုးသားပါတီ(ANP)သည် ထိုပြဿနာများကို ကျော်လွှားရန်အတွက် အရေးပေါ်ညီလာခံပြုလုပ်မည်ဖြစ်သဖြင့် ညီလာခံကျင်းပရေး ပြင်ဆင်မှုကော်မတီကို ပြီးခဲ့သည့်မေလ ၁၈ ရက်နေ့က ဖွဲ့စည်းခဲ့သည်။

21 May 2022

DMG ၊ မေ ၂၁

ပါတီတွင်းအကျပ်အတည်းများနှင့်ရင်ဆိုင်နေရသည့် ရခိုင်အမျိုးသားပါတီ(ANP)သည် ထိုပြဿနာများကို ကျော်လွှားရန်အတွက် အရေးပေါ်ညီလာခံပြုလုပ်မည်ဖြစ်သဖြင့် ညီလာခံကျင်းပရေး ပြင်ဆင်မှုကော်မတီကို ပြီးခဲ့သည့်မေလ ၁၈ ရက်နေ့က ဖွဲ့စည်းခဲ့သည်။

အရေးပေါ်ညီလာခံကျင်းပရေးပြင်ဆင်မှုကော်မတီကို ပါတီဝင် ကိုးဦးဖြင့်ဖွဲ့စည်းလိုက်ပြီး လုပ်ငန်းပြီးစီးမှုအစီရင်ခံစာအား တာဝန်ပေးအပ်သည့်နေ့မှစတင်ကာ သုံးလအတွင်း ပါတီဗဟိုအလုပ်အမှုဆောင်ကော်မတီထံတင်ပြရမည်ဟု သိရသည်။

ပါတီအခက်အခဲများကိုကျော်လွှားနိုင်ရန်နှင့် လူထုကိုယ်စားပြုလုပ်ငန်းများကို ပိုမိုလုပ်ဆောင်ပေးစေချင်သည့်ဆန္ဒများကြောင့် ယခုကဲ့သို့ အရေးပေါ်ညီလာခံတစ်ရပ်ကိုကျင်းပရန် ဆုံးဖြတ်ရခြင်းဟု အရေးပေါ်ညီလာခံပြင်ဆင်မှုကော်မတီ ခေါင်းဆောင် ဦးကိုချေက DMG သို့ပြောသည်။

“နေရာကတော့ မသတ်မှတ်ရသေးဘူး။ ပါတီဖွဲ့စည်းပုံတွေ၊ အားနည်းချက်တွေကို ဘယ်လောက်ထိပြုပြင်ပြောင်းလဲဖို့လိုသလဲဆိုတာ ကျနော်တို့အရေးပေါ်ညီလာခံပြင်ဆင်ရေးကော်မတီက သုံးလအတွင်းမှာလေ့လာသုံးသပ်ပြီးတော့ ညီလာခံကျင်းပတဲ့အခါ ဗဟိုကိုအစီရင်ခံတင်ပြရမယ်။ ကျနော်တို့ပါတီမှာက အခက်ခဲတွေရှိတယ်။ ပါတီတွင်းကလူတွေကလည်း အပြောင်းအလဲလုပ်ဆောင်သွားတာတွေ အများကြီးရှိကြတယ်။ ပြီးတော့ ပါတီအနေနဲ့ကလည်း ပြည်သူလူထုကို အကျိုးပြုစေမယ့်လုပ်ငန်းတွေကို များများလုပ်ပေးစေချင်တဲ့ဆန္ဒတွေရှိနေကြတဲ့အတွက် ညီလာခံလုပ်ဖို့ဆုံးဖြတ်လိုက်ကြတာပါ”ဟု ၎င်းကပြောသည်။

ယခုနှစ် မေလ(၁၂)ရက်နေ့နှင့် (၁၃)ရက်နေ့တို့ကလည်း ANP ပါတီအနေဖြင့် ပါတီအတွင်းရှေ့ဆက်လုပ်ငန်းများ၊ပြုပြင်ပြောင်းလဲရေးနှင့် ပါတီအင်အားဖြည့်တင်းရန်ကိစ္စများအတွက် ဗဟိုကော်မတီအစည်းအဝေးတစ်ရပ်ကို ဂွမြို့နယ်၌ ကျင်းပပြုလုပ်ခဲ့ပြီး ယင်းအစည်းအဝေး၏ဆုံးဖြတ်ချက်အရ အရေးပေါ်ညီလာခံကျင်းပရန်စီစဉ်ခြင်းဖြစ်ကြောင်း သိရသည်။

ANP ပါတီသည် အခက်အခဲများကြားမှရပ်တည်နေသည့် ပါတီတစ်ခုဖြစ်ပြီး ပါတီ၏မူဝါဒများမှာလည်း ကြာမြင့်နေပြီဖြစ်သဖြင့် မူဝါဒများအား ပြန်လည်ပြင်ဆင်ရန်လိုအပ်နေပြီး ယင်းလိုအပ်ချက်များအားပြုပြင်နိုင်ပါက အားကောင်းသည့်ပါတီတစ်ရပ်ဖြစ်လာမည်ဖြစ်ကြောင်း ဦးကိုချေကဆက်ပြောသည်။

“ရခိုင်အမျိုးသားပါတီဆိုတာက ရခိုင်လူထုကိုကိုယ်စားပြုတဲ့ပါတီဖြစ်တဲ့အတွက် ရခိုင်လူထုအားကိုးလာနိုင်အောင်နဲ့ ရခိုင်လူထုရဲ့အခက်အခဲတွေကို ဖြေရှင်းနိုင်အောင်အတွက် ကျနော်တို့ကြိုးစားနေကြတယ်။ ဒါကြောင့်လည်း ကော်မတီတစ်ရပ်ဖွဲ့ပြီးတော့ အရေးပေါ်ညီလာခံတစ်ရပ်ကျင်းပနိုင်အောင်အထိ လုပ်နေကြတယ်။ ညီလာခံအပြီးမှာတော့ လူထုကိုအကျိုးပြုတဲ့ အင်အားကြီးပါတီတစ်ရပ်ဖြစ်လာမယ်လို့တော့ မျှော်လင့်တယ်”ဟု ဦးကိုချေကဆိုသည်။

ရခိုင်အမျိုးသားပါတီတွင် ထိပ်ပိုင်းခေါင်းဆောင်တစ်ချို့သည် ပါတီနှင့်အဆက်အသွယ်မပြုလုပ်တော့ဘဲ တစ်ခြားအဖွဲ့အစည်းများတွင် ဝင်ရောက်လုပ်ကိုင်နေမှုများရှိသည်။ ထို့ပြင် အကြောင်းအမျိုးမျိုးကြောင့် ပါတီနှင့်ကင်းကွာနေသူများလည်းရှိကြသည်။ ထို့ကြောင့် ပါတီခေါင်းဆောင်များအနေဖြင့် ပါတီတာဝန်ကို ဆက်လက်ထမ်းဆောင်လိုစိတ် ရှိ၊မရှိကို ပြီးခဲ့သည့်မတ်လ ၈ ရက်နေ့က မေးမြန်းခဲ့သည်။

ရခိုင်အမျိုးသားပါတီအရေးပေါ်ညီလာခံကို မည်သည့်နေ့ရက်တွင်ပြုလုပ်မည်ဆိုသည်ကို လက်ရှိအချိန်ထိ ထုတ်ဖော်ပြောကြားခြင်းမရှိသေးပေ။