ရခိုင်က မြို့နယ် ၃ ခုတွင် တိုက်ပွဲပြင်းထန်နေ
အမ်းမြို့နယ်၊ ကျောက်စကွဲကျေးရွာ အနီးတွင်လည်း စက်တင်ဘာ ၂၇ ရက်၊ နံနက် ၁၀ နာရီခန့်က စစ်ကောင်စီနှင့် AA တို့ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း AA က ထုတ်ပြန်ထားသည်။
28 Sep 2024
DMG ၊ စက်တင်ဘာ ၂၈
ရခိုင်ပြည်အတွင်း မောင်တော၊ အမ်း၊ ဂွမြို့နယ်တို့တွင် စစ်ကောင်စီနှင့် အာရက္ခတပ်တော်(AA) တို့ တိုက်ပွဲပြင်းထန်နေကြောင်း သိရသည်။
စက်တင်ဘာ ၂၇ ရက်၊ နံနက် ၇ နာရီခန့်က ဂွမြို့နယ်၊ ကျောက်ပါးစပ်ရွာအနီး တောင်ကုန်းတွင် တစ်နာရီခန့်ကြာ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း မြေပြင်သတင်းရင်းမြစ်တစ်ဦးက DMG သို့ ပြောသည်။
“စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို AA က ကြားဖြတ်တိုက်လို့ တိုက်ပွဲဖြစ်တာရှိတယ်။ စစ်ကောင်စီက ပြန်ပြီး တပ်ဆုတ်သွားတယ်။ တိုက်ပွဲဖြစ်တဲ့အနီးအနားကို စစ်ကောင်စီက ဂျက်လေယာဉ်နဲ့ လာပစ်တာရှိတယ်” ဟု ပြောသည်။
စက်တင်ဘာ ၂၄ ရက်ကလည်း ကျောက်ပါးစပ်ရွာအနီးတွင် စစ်ကောင်စီနှင့် AA တို့ နှစ်နာရီကျော်ကြာ တိုက်ပွဲဖြစ်ပွားခဲ့ကြသည်။
အမ်းမြို့နယ်၊ ကျောက်စကွဲကျေးရွာ အနီးတွင်လည်း စက်တင်ဘာ ၂၇ ရက်၊ နံနက် ၁၀ နာရီခန့်က စစ်ကောင်စီနှင့် AA တို့ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း AA က ထုတ်ပြန်ထားသည်။
တိုက်ပွဲအတွင်း စစ်ကောင်စီသည် အထိအခိုက်အကျအဆုံးအချို့ဖြင့် နောက်ဆုတ်သွားခဲ့ပြီး စစ်အသုံးအဆောင်ပစ္စည်း၊ လက်နက်ခဲယမ်း၊ ခြင်းတောင်းအများအပြားကို သိမ်းဆည်းရမိခဲ့ကြောင်း ဆိုထားသည်။
အလားတူ စက်တင်ဘာ ၂၆ ရက်ကလည်း ကျောက်စကွဲကျေးရွာ၏ အနောက်ဘက် မီတာ (၄၀၀) ခန့် အကွာတွင် စကခ (၅) လက်အောက်ခံ ခမရ (၃၄၆/ ၃၇၃/ ၃၇၂) တပ်ရင်းများမှ စုပေါင်းထားသည့် အင်အား ၁၀၀ ခန့်ရှိ စစ်ကောင်စီ စစ်ကြောင်းနှင့် AA တို့ ထိတွေ့ တိုက်ပွဲ နှစ်နာရီခန့်ကြာ ဖြစ်ပွားခဲ့သည်။
တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၅ ဦးသေဆုံးကာ လက်နက်ခဲယမ်း၊ စစ်အသုံးအဆောင် ပစ္စည်းအချို့ကို သိမ်းဆည်းရမိခဲ့ကြောင်း AA က ထုတ်ပြန်ထားသည်။
မောင်တောမြို့တွင်လည်း ထွက်ပြေးနေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်နှင့် စစ်သင်တန်း မွတ်ဆလင်အချို့အပါအဝင် ARSA၊ RSO၊ ARA လက်နက်ကိုင်တပ်ဖွဲ့ဝင်များကို AA က လိုက်လံတိုက်ခိုက်နေ၍ တိုက်ပွဲဖြစ်ပွားမှုများရှိနေသည်။
“မောင်တောမြောက်ပိုင်းဖက်မှာ ARSA အဖွဲ့တွေနဲ့ AA တို့ ထိတွေ့တိုက်ပွဲ ကြိုကြားကြိုကြား ဖြစ်တာရှိတယ်။ အမြဲတမ်းတော့ မဟုတ်ဘူး။ ARSA အဖွဲ့တွေက အရပ်သားယောင်ဆောင်ပြီးတော့ ခြေကုပ်ယူထားတာတွေ ရှိတယ်” ဟု မောင်တောဒေသခံတစ်ဦးက ပြောသည်။
မောင်တောမြို့တွင် စစ်ကောင်စီ၏ နောက်ဆုံးလက်ကျန်စခန်း နခခ (၅) ကို အပြီးသတ် သိမ်းပိုက်နိုင်ရန် ထိုးစစ်များကို ဆက်လက် အရှိန်မြှင့်တင်သွားမည်ဟု AA က ထုတ်ပြန်ထားသည်။
AA သည် ရခိုင်ပြည်တစ်ခုလုံး လွတ်မြောက်ရေး တိုက်ခိုက်နေသည့် အဖွဲ့အစည်းဖြစ်သဖြင့် ရခိုင်ဒေသတွင် တိုက်ပွဲများ ပိုမိုပြင်းထန်လာနိုင်ကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က ပြောသည်။
“ရခိုင်မှာ AA ရဲ့ ထိုးစစ်တွေက ရပ်တန့်သွားမှာ မဟုတ်ဘူး။ ရခိုင်တစ်ပြည်လုံး လွတ်မြောက်အောင် တိုက်ခိုက်တဲ့ အဖွဲ့ဖြစ်တဲ့အတွက် တိုက်ပွဲတွေ ဆက်လက်ပြင်းထန်လာနိုင်တယ်။ အမ်း - နပခကို သိမ်းနိုင်ဖို့အတွက်လည်း စစ်ရေးအခြေအနေက အရှိန်ထိုးမြင့်တက်လာနိုင်တယ်” ဟု ပြောသည်။
ရခိုင်ပြည်တွင် ကျန်ရှိနေသေးသော စစ်ကောင်စီ လက်ကျန်စခန်းများအားလုံးကို တစ်ခုမကျန် သိမ်းပိုက်နိုင်ရေး အတွက် ထိုးစစ်များကို ဆက်လက်အရှိန်အဟုန် မြှင့်မည်ဖြစ်ကြောင်း စက်တင်ဘာ ၂၇ တွင် AA က ထုတ်ပြန်ထားသည်။
၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၁၃ ရက်တွင် စတင်သည့် ရခိုင်တိုက်ပွဲ ၁၀ လကျော်အတွင်း AA က ချင်းနှင့်ရခိုင်က မြို့နယ် (၁၁) ခုကို သိမ်းပိုက်ထားသည်။