WFP ရိက္ခာသိုလှောင်ရုံ ဖောက်ထွင်းဖျက်ဆီးခြင်းကိစ္စ စစ်ကောင်စီငြင်း

စစ်ကောင်စီက မောင်တောမြို့ရှိ မွတ်ဆလင်များအား ဆန်ရိက္ခာထောက်ပံ့ပေးခြင်းကို အစောပိုင်းတွင် ၎င်းတို့ ထောက်ပံ့သယောင် ဝါဒဖြန့်ခဲ့ပြီး ယခုအခါမှ WFP ရိက္ခာများဖြစ်သည်ကို ဝန်ခံလာခြင်း ဖြစ်သည်။ 

By Admin 27 Jun 2024

WFP ဂိုဒေါင်မှ ပစ္စည်းများအား ခရိုင်ကျေးလက်ရုံးသို့ ပြောင်းရွှေ့နေကြသော စစ်ကောင်စီတပ်ဖွဲ့ဝင်များအား AA ထုတ်ပြန်သည့် ရုပ်သံဖိုင်တွင် တွေ့ရစဉ်။ 
WFP ဂိုဒေါင်မှ ပစ္စည်းများအား ခရိုင်ကျေးလက်ရုံးသို့ ပြောင်းရွှေ့နေကြသော စစ်ကောင်စီတပ်ဖွဲ့ဝင်များအား AA ထုတ်ပြန်သည့် ရုပ်သံဖိုင်တွင် တွေ့ရစဉ်။ 

DMG ၊ ဇွန် ၂၇

ရခိုင်ပြည်၊ မောင်တောမြို့ရှိ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ်(WFP) ရိက္ခာသိုလှောင်ရုံကို ဖောက်ထွင်းဖျက်ဆီးခဲ့ခြင်း မရှိကြောင်း စစ်ကောင်စီက ငြင်းဆိုလိုက်သည်။

ဇွန်လ ၂၁ ရက်က AA တပ်ဖွဲ့ဝင်များသည် WFP ရိက္ခာသိုလှောင်ရုံသို့ ဝင်ရန်ကြိုးစားကြသဖြင့် ပစ္စည်းများကို ရွှေ့ပြောင်းပေးခဲ့ခြင်းဖြစ်ပြီး ရိက္ခာရုံကိုလည်း AA က ဒရုန်းဖြင့်တိုက်ခိုက်ခဲ့ခြင်းဟု စစ်ကောင်စီက စွပ်စွဲသည်။ 

စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက “အဲဒီလိုဝင်ရောက်ဖို့ ကြိုးစားနေတာကို သိတဲ့အတွက် ဒေသခံဘင်္ဂလီ(မွတ်ဆလင်)တွေက အဲဒီမှာရှိတဲ့ပစ္စည်းတွေကို AA လက်ထဲကို မရောက်စေရေးအတွက် လုံခြုံတဲ့နေရာတွေကို ရွှေ့ပြောင်းခဲ့တယ်လို့ သိရပါတယ်။ အဲဒီလို ရွေ့ပြောင်းနေတာကို သိရတဲ့အတွက် AA အဖွဲ့က ဒရုန်းနဲ့ကင်းထောက်ပြီး တိုက်ခိုက်ခဲ့တာဖြစ်တယ်” ဟု ပြောသည်။ 

ရိက္ခာများကိုလည်း မောင်တောမြို့တွင်းရှိ ရပ်ကွက်(၆)ခုမှ မွတ်ဆလင် အိမ်ထောင်စု နှစ်ထောင်ကျော်ကို ထောက်ပံ့ပေးခဲ့ကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောသည်။ 

စစ်ကောင်စီက မောင်တောမြို့ရှိ မွတ်ဆလင်များအား ဆန်ရိက္ခာထောက်ပံ့ပေးခြင်းကို အစောပိုင်းတွင် ၎င်းတို့ ထောက်ပံ့သယောင် ဝါဒဖြန့်ခဲ့ပြီး ယခုအခါမှ WFP ရိက္ခာများဖြစ်သည်ကို ဝန်ခံလာခြင်း ဖြစ်သည်။ 

လက်ရှိ မောင်တောမြို့တွင် စစ်ကောင်စီတပ်နှင့် အာရက္ခတပ်တော်(AA)တို့ တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီက မြို့အတွင်း နေရာအနှံ့အပြား၌ နေရာယူကာ ခံစစ်အနေဖြင့် အပြင်းအထန်ခုံနေသည်။ 

WFP ဂိုဒေါင်မှ ပစ္စည်းများအား ခရိုင်ကျေးလက်ရုံးသို့ ပြောင်းရွှေ့နေကြသော စစ်ကောင်စီတပ်ဖွဲ့ဝင်များအား AA ထုတ်ပြန်သည့် ရုပ်သံဖိုင်တွင် တွေ့ရစဉ်။ 

စစ်ကောင်စီတပ်ဖွဲ့နှင့်ပူးပေါင်းအဖွဲ့များက ဇွန်လ ၂၁ ရက်တွင် မောင်တောမြို့နယ်၊ ဝေသာလီကျေးရွာရှိ WFP ရိက္ခာသိုလှောင်ရုံကို ဖောက်ထွင်းပြီးနောက် မီးရှို့ဖျက်ဆီးခဲ့ကြောင်း အာရက္ခတပ်တော်(AA)က ရုပ်သံနှင့်တကွ ထုတ်ပြန်ထားသည်။  

“မောင်တောမှာ ဒီလောက်တိုက်ပွဲပြင်းထန်နေချိန်မှာ စစ်ကောင်စီမှာ သူတို့အတွက် လက်နက်ခဲယမ်းတွေတောင် ပို့မရတဲ့အခြေအနေမှာ ပြည်သူကိုထောက်ပံ့ဖို့ ရိက္ခာဘယ်ကရမှာလဲ။ ဇွန်လ ၂၂ ရက်က မွတ်ဆလင်တွေကို ဆန်ရိက္ခာထောက်ပံ့တယ် ဆိုကတည်းက သံသယဝင်နေတာ” ဟု မောင်တောဒေသခံတစ်ဦးက ပြောသည်။  

ရိက္ခာသိုလှောင်ရုံအား ဖောက်ထွင်းလုယက်ခြင်းနှင့် မီးရှို့ခြင်းလုပ်ရပ်များကို ပြင်းထန်စွာ ရှုတ်ချကြောင်း၊ ယခုကဲ့သို လုပ်ရပ်များကို ချက်ချင်းရပ်တန့်ရန် WFP က ဇွန်လ ၂၅ ရက်တွင် ထုတ်ပြန်ထားသည်။ 

အဆိုပါ ရိက္ခာသိုလှောင်ရုံတွင် လူဦးရေ ၆၄,၀၀၀ အတွက် တစ်လစာဖူလုံစေမည့် အရေးပေါ်ကယ်ဆယ်ရေး ရိက္ခာ စုစုပေါင်း ၁,၁၇၅ မက်ထရစ်တန်ကို သိုလှောင်ထားကြောင်း သိရသည်။