- တွေ့ဆုံဆွေးနွေးမည်ဟု ပြောသော်လည်း စစ်တွေနှင့် ကျောက်ဖြူတွင် ပစ်ခတ်မှုများရှိနေ
- ဟောင်းနွမ်းငွေစက္ကူများကို မသုံးလျှင် အရေးယူမည်ဟု AA သတိပေးချက် လိုက်နာမှု အားနည်းနေ
- ရန်ကုန်တွင် လူအစုလိုက်အပြုံလိုက် ဖမ်းဆီးခံရမှု ရခိုင်လူငယ် ၂၀ ဦးထက်မနည်း ပါဝင်
- မြို့နယ် ၁၄ ခုသိမ်းပြီးနောက် နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန် အသင့်ရှိကြောင်း AA ထုတ်ပြန်
- တိုက်ပွဲဖြစ်ပွားမှုရှိလာ၍ စစ်တွေက မွတ်ဆလင်များ နေရပ်စွန့်ခွာ ထွက်ပြေး
ရခိုင်တွင် ယခုနှစ် ဆောင်းသီးနှံစိုက်ပျိုးသူနည်းလာ
စိုက်ပျိုးစရိတ်ကုန်ကျမှုများလာသဖြင့် ရခိုင်ပြည်နယ်အတွင်းတွင် ယခုနှစ် ဆောင်းသီးနှံစိုက်ပျိုးသူ နည်းလာကြောင်း ဆောင်းသီးနှံစိုက်ပျိုးတောင်သူများက ပြောဆိုကြသည်။
27 Dec 2021
DMG ၊ ဒီဇင်ဘာ ၂၇
စိုက်ပျိုးစရိတ်ကုန်ကျမှုများလာသဖြင့် ရခိုင်ပြည်နယ်အတွင်းတွင် ယခုနှစ် ဆောင်းသီးနှံစိုက်ပျိုးသူ နည်းလာကြောင်း ဆောင်းသီးနှံစိုက်ပျိုးတောင်သူများက ပြောဆိုကြသည်။
မြေဆီမြေသြဇာဈေးနှုန်းမှာ ယခင်နှစ်များထက် လေးဆနီးပါးမြင့်တက်လာခြင်းနှင့် အလုပ်သမားခ ဈေးနှုန်းမြင့်မားခြင်းတို့ကြောင့် ဆောင်းသီးနှံစိုက်ပျိုးတောင်သူများ အခက်ကြုံနေရသည်ဟုဆိုသည်။
စစ်တွေမြို့၊ မောင်နီပြင်ကျေးရွာမှ စိုက်ပျိုးရေးလုပ်ကိုင်နေသူ ကိုဦးသန်းဝင်းက “အရင်နှစ်တွေကဆိုရင် မြေဆီတစ်အိတ်ကို သုံးသောင်းလောက်ပဲရှိတယ်။ အခုက မြေဆီတစ်အိတ် ကိုးသောင်းနဲ့ တစ်သိန်းနီးပါးရှိတယ်။ စိုက်ပျိုးစရိတ်ကပိုများလာပေမယ့် ခြံထွက်အသီးအနှံကဈေးကောင်းမရတော့ စိုက်ပျိုးသူနည်းလာတယ်”ဟု ပြောသည်။
ဆက်လက်၍ ဦးသန်းဝင်းက “ဒီနှစ်မှာတော့ ဆောင်းသီးနှံစိုက်သူတွေ အတော်လေးလျှော့နည်းလာမဲ့ သဘောမှာရှိတယ်။ လက်ရှိအချိန်မှာ ဟင်းသီးဟင်းရွက်ရှားပါးနေကြတယ်လို့ ပြောသံတွေကြားရတယ်။ ဒါကြောင့် ရခိုင်ကထွက်တဲ့ ဆောင်းသီးနှံတွေက ဒီနှစ်မှာရှားပါးမဲ့ အနေအခြေအနေတွေရှိတယ်”ဟု ပြောသည်။
ပြီးခဲ့သည့်နှစ်များက အရင်းအနှီးကုန်ကျစရိတ်နည်းသဖြင့် ဂေါ်ဖီထုပ်၊ ဖရဲသီး၊ ပန်းပင်နှင့် ဆောင်းရာသီတွင် စိုက်ပျိုးသည့် သီးနှံပင်များကိုစိုက်ပျိုးခဲ့သော်လည်း ယခုနှစ်တွင် ခရမ်းချဉ်သီး၊ ခရမ်းသီး၊ ဘူးပင်နှင့် ချဉ်ပေါင်ပင် စသည့်သီးနှံပင်များကိုသာ တောင်သူအချို့စိုက်ပျိုးနေကြကြောင်း သိရသည်။
နှစ်ပေါင်း ၃၀ ကျော်ကြာ စိုက်ပျိုးရေးလုပ်ငန်းလုပ်ကိုင်လာခဲ့သည့် စစ်တွေမြို့နယ် မောင်နီပြင်ကျေးရွာမှ ဦးအောင်ကျော်မှာလည်း ယခုနှစ်တွင် အခက်အခဲများကြောင့် စိုက်ပျိုးရေးလုပ်ငန်းခွင်တွင် အလုပ်သမားအချို့ကို လျော့ချခဲ့ရကြောင်းပြောသည်။
“မြေသြဇာတွေကဈေးတက်တော့ အရင်လို့သီးပင်တွေကို မစိုက်ပျိုးနိုင်တော့ဘူး။ အလုပ်သမားတွေဆိုလည်း လျှော့ချလိုက်ရတယ်။ လုပ်ငန်းမလှည့်ပတ်နိုင်တဲ့အတွက်ပေါ့။ နောက်ပြီးတော့ဒီမှာက အလုပ်သမားတွေကို ငှားရမ်းတာကလည်း ဈေးကြီးပေးရတယ်”ဟု ဦးအောင်ကျော်ကပြောသည်။
ယင်းသို့သောအခက်အခဲများကြောင့် စိုက်ပျိုးရေးလုပ်ကိုင်သူများမှာ ယခုနှစ်တွင် စိုက်ပျိုးမြေအပြည့် မစိုက်ပျိုးနိုင်တော့ကြောင်းလည်း သိရသည်။
ဆောင်းသီးနှံကို ၈ နှစ်ကျော်ကြာစိုက်ပျိုးလာခဲ့သည့် ကျောက်တော်မြို့နယ်၊ ရွှေပြည်သစ်ကျေးရွာမှ ကိုခိုင်အောင်ထွန်းမှာလည်း ယခုနှစ်တွင်သီးနှံစိုက်ပျိုးမှု ၇၀ ရာခိုင်နှုန်းခန့်ကျဆင်းသွားကြောင်း ပြောသည်။
“ဒီနှစ်မှာဆောင်းသီးနှံစိုက်ပျိုးတဲ့တောင်သူတွေအကုန်လုံးက အရင်နှစ်တွေထက် လုပ်ကိုင်တာနည်းပါးကြတယ်။ မြေဆီမြေသြဇာတွေ၊ ကုန်ဈေးနှုန်းတွေဈေးကြီးတဲ့အတွက် ဆောင်းသီးနှံမစိုက်ပျိုးနိုင်တဲ့တောင်သူတွေ အများကြီးရှိတယ်”ဟု ကိုခိုင်အောင်ထွန်းက ဆိုသည်။
ကျောက်တော်မြို့နယ်တွင် ကွမ်း၊ မြေပဲအမျိုးမျိုး၊ အားလူး စသည့်သီးနှံများကိုစိုက်ပျိုးကြပြီး နိုင်ငံရေးမတည်ငြိမ်မှုကြောင့် မကွေးတိုင်းမှဝယ်ယူရသည့် မြေပဲမျိုးစေ့အိတ်များမှာယူရာတွင်လည်း အခက်အခဲရှိကြောင်း သိရသည်။
ရခိုင်ပြည်အတွင်းတွင် ဆောင်းသီးနှံကို စစ်တွေမြို့၌ အများဆုံးစိုက်ပျိုးကြပြီး ပေါက်တော၊ ရသေ့တောင်၊ မင်းပြား၊ ဘူးသီးတောင် စသည့်မြို့နယ်များသို့ရောင်းချကြကြောင်း စိုက်ပျိုးရေးလုပ်ကိုင်သူများက ပြောသည်။
ယင်းသို့ရောင်းချနေသည့်သီးနှံများမှာ ပြောင်းဖူး၊ ဖရဲသီး၊ မုန်လာဥ၊ ဂေါ်ဖီထုပ်၊ ခရမ်းချဉ်သီး၊ ခရမ်းသီး၊ ခဝဲသီး၊ ချဉ်ပေါင်၊ ပဲသီး၊ ဘူးသီးနှင့် ကြက်ဟင်းခါးသီး စသည့်သီးနှံများဖြစ်ကြောင်း သိရသည်။