ဘင်္ဂလားပင်လယ်အော်တွင်ဖြစ်ပေါ်နေသော မုန်တိုင်းအရှိန်ကြောင့် ရခိုင်တွင် ရာသီဥတုဆိုးရွားနိုင်

ဘင်္ဂလားပင်လယ်အော် အရှေ့တောင်ပိုင်းနှင့်  အရှေ့အလယ်ပိုင်းတို့တွင်ဖြစ်ပေါ်နေသော အာစန်နီ(Asani)  ဆိုင်ကလုန်းမုန်တိုင်းသည် အနောက်ဘက်သို့ရွှေ့လျားခဲ့ပြီး လက်ရှိတွင် မြန်မာနိုင်ငံ၊ ဟိုင်းကြီးကျွန်းမြို့ အနောက်တောင်ဘက် ရေမိုင်(၄၄၅)မိုင်ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။

09 May 2022

DMG ၊ မေ ၉

ဘင်္ဂလားပင်လယ်အော် အရှေ့တောင်ပိုင်းနှင့်  အရှေ့အလယ်ပိုင်းတို့တွင်ဖြစ်ပေါ်နေသော အာစန်နီ(Asani)  ဆိုင်ကလုန်းမုန်တိုင်းသည် အနောက်ဘက်သို့ရွှေ့လျားခဲ့ပြီး လက်ရှိတွင် မြန်မာနိုင်ငံ၊ ဟိုင်းကြီးကျွန်းမြို့ အနောက်တောင်ဘက် ရေမိုင်(၄၄၅)မိုင်ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။

အဆိုပါ အားကောင်းသည့် ဆိုင်ကလုန်းမုန်တိုင်းကြောင့် ရခိုင်ကမ်းရိုးတန်း၊ မြန်မာ့ကမ်းရိုးတန်းနှင့် မြစ်ဝကျွန်းပေါ်ဒေသတို့တွင် မုန်တိုင်း၏အရှိန်ရှိသည့်အတွက် မိုးသက်လေပြင်းကျရောက်မှုနှင့် ရာသီဥတု ဆိုးဝါးနိုင်ပြီး သတိပြုကြရန် မိုးဇလတာဝန်ရှိသူထံမှ သိရသည်။

မြန်မာနိုင်ငံ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူး ဦးလှထွန်းက “မုန်တိုင်းက ၁၀ ရက် နောက်ပိုင်းမှာ မြောက်ဘက်နဲ့ အရှေ့ဘက်သို့ကွေ့နိုင်တယ်။ ဒါကြောင့် လောလောဆယ်လည်း သတိထားဖို့တော့လိုတယ်။ ဒီကာလအတွင်းမှာတော့ မိုးသည်းထန်စွာရွာတာတွေ၊ နေရာကွက်ပြီး မိုးကြီးတာတွေဟာ ကမ်းရိုးတန်းဒေသတွေမှာ အဖြစ်များမယ့်အခြေအနေရှိတယ်။ မိုးလေဝသအခြေအနေ ဆိုးရွားတာတွေရှိနိုင်တယ်ဆိုတော့ သတိပြုဖို့ပြောချင်တယ်”ဟု DMG သို့ပြောသည်။

လက်ရှိတွင် ဆိုင်းကလုန်းမုန်တိုင်း အာစန်နီသည် အိန္ဒိယနိုင်ငံဘက်သို့ သွားနေသည့်အနေအထားရှိပြီး မြန်မာနိုင်ငံအနေဖြင့် မုန်တိုင်းဝင်ရောက်နိုင်ခြေမရှိသော်လည်း ထိုမုန်တိုင်း၏အရှိန်ကို ခံရနိုင်ဖွယ်ရှိကြောင်း ဦးလှထွန်းက ဆက်ပြောသည်။

“လောလောဆယ်တော့ မြန်မာနိုင်ငံကို ဝင်ဖို့မရှိသေးပါဘူး။ သူက အိန္ဒိယတိုင်းဘက်တွေကို သွားနေတဲ့ အနေအထားပေါ့နော်။ ၁၀ ရက် ၁၁ ရက်နေ့နောက်ပိုင်းမှာတော့ မုန်တိုင်းက အိန္ဒိယဘက်ကနေ ပြန်ကွေ့မယ်ဆိုတော့ နည်းနည်းသတိထားရမယ်”ဟု သူကဆိုသည်။

လက်ရှိတွင် မုန်တိုင်းအရှိန်ကြောင့် ကမ်းလွန်ပင်လယ်ပြင်နှင့် ကမ်းနီးကမ်းဝေးကုန်းပေါ်တို့တွင် မိုးသက်လေပြင်းများ ကျရောက်လာနိုင်သည့်အတွက် အထူးသတိထားသင့်ကြောင်း ဦးလှထွန်းကဆိုသည်။

ထို့အတူ မြန်မာ့ပင်လယ်ပြင်ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ရံဖန်ရံခါ မိုးသက်လေပြင်းကျရောက်ပြီး လှိုင်းကြီးမည်ဖြစ်ကာ မိုးသက်လေပြင်းကျရောက်စဉ် ရေပြင်မြေပြင်လေသည် တစ်နာရီလျှင် မိုင် ၄၀ အထိတိုက်ခတ်နိုင်ပြီး လှိုင်းအမြင့်မှာ

မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် (၈)ပေမှ (၁၂)ခန့်အထိရှိနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ယနေ့ထုတ်ပြန်ထားသည်။